Tuesday, August 27, 2019

ကပ်ဘေးဒဏ်ခံနိုင်ရည်ရှိတဲ့ ရပ်ရွာအသိုက်အဝန်းများ တည်ဆောက်နိုင်မည့်နည်းလမ်းများကို မျှဝေပေးခြင်း

ရေးသားသူ - Kap Za Lyan

မုတ်သုံရာသီ စတင်လာပြီဖြစ်တဲ့အတွက် ချင်းပြည်နယ် ဟားခါးခရိုင်ပညာရေးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေလင်းက ကျောင်းသူကျောင်းသားတွေကို အရင်ကထက်ပိုပြီး ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားနိုင်ဖို့ နည်းလမ်းတွေကို အကြံပေးပြောကြားထားပါတယ်။

©UNICEF Myanmar/2016/Daniele Romeo
အထူးသဖြင့် မိုးက တစ်ပတ်ကျော် ဆက်တိုက်ရွာသွန်းပြီဆိုရင် ဖြစ်လာတတ်တဲ့ မြေပြိုတာတွေနဲ့ ရေပြွန်တွေ ရေမြောင်းတွေကို သန့်ရှင်းအောင်ထားဖို့ အရေးကြီးတဲ့အကြောင်းတွေကိုလည်း သတိပေးထားပါတယ်။ နောက်ပြီး မိုးကြိုးပစ်တာနဲ့ ဆိုင်ကလုံးမုန်တိုင်းတွေအပါအဝင် မုန်တိုင်းတိုက်နေချိန်မှာ လုပ်ထားရမယ့် ကြိုတင်ကာကွယ်မှုတွေကိုလည်း ပြောပြတယ်။


၂၀၁၅ ခုနှစ်မှာဖြစ်ခဲ့တဲ့ ရေကြီးရေလျှံတာတွေကို အမြဲမှတ်မိနေကြမှာပါ။ အဲဒီတုန်းက မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးနဲ့ ဖလမ်းမြို့အနီးမှာ ၁၀ရက်ဆက်တိုက် မိုးကြီးလေကြီးသည်းသည်းထန်ထန် ရွာသွန်းခဲ့တယ်။ မြေတွေပြိုတဲ့အတွက် အိမ်တွေ၊ ကျောင်းတွေ၊ လမ်းတွေပြိုကျပျက်စီးတယ်။ စိုက်ခင်းတွေကသီးနှံတွေအများအပြားပျက်စီးသွားတဲ့အတွက် ချင်းပြည်နယ်ရဲ့ အဓိကစီးပွားရေး ထိခိုက်ဖျက်ဆီးခံခဲ့ရတယ်။ “ဒီလိုကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ လူတွေခံစားနေရတဲ့ဒုက္ခတွေကို မြင်ရတာ သိပ်ကိုစိတ်ထိခိုက်စရာကောင်းတယ်”လို့ ဦးရွှေလင်းက ယူနီဆက်ကိုပြောပြပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ကလေးသူငယ် ၅၅၀ ၀၀၀ အပါအဝင် လူပေါင်း ၁.၆သန်းကျော်ဟာ ၂၀၁၅ ခုနှစ် ဇူလိုင်နဲ့ သြဂုတ်လအတွင်းမှာ ဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့ ရေကြီးမှုဒဏ်ကိုခံခဲ့ကြရတယ်။ အနည်းဆုံး လူပေါင်း ၁၁၇ ဦးအသက်ဆုံးရှုံးခဲ့တယ်။ ဒီလိုကပ်ဘေးမတိုင်ခင်က နိုင်ငံရဲ့လူမှုစီးပွားအညွှန်းကိန်းတွေထဲမှာ အနိမ့်ဆုံးတွေထဲက တစ်ခုဖြစ်တဲ့ ချင်းပြည်နယ်ဟာ အဆိုးရွားဆုံးရိုက်ခတ်ခံခဲ့ရတဲ့ ပြည်နယ်တွေထဲမှာပါခဲ့တယ်။ ချင်းပြည်နယ်မှာ ကျောင်းပေါင်း ၆၆ ကျောင်းပြိုကျပျက်စီးခဲ့ပြီးတော့ ၄၇ ကျောင်းကိုပြန်တည်ဆောက်ခဲ့ရတယ်။ ချင်းပြည်နယ်တစ်ခုတည်းမှာတင် ကျောင်းသားပေါင်း ၆၀၆၈ ကို ထိခိုက်စေခဲ့တယ်။

ဂျပန်အစိုးရရဲ့ ငွေကြေးပံ့ပိုးမှုနဲ့အတူ ယူနီဆက်အဖွဲ့က မြန်မာနိုင်ငံအစိုးရကို ကျောင်းတွေပြန်ဆောက်ဖို့နဲ့ ရေကြီးမှုဒဏ်၊ ဒီဒေသရဲ့နောက်ထပ်ခြိမ်းခြောက်မှုတစ်ခုဖြစ်တဲ့ ငလျင်ဒဏ်တွေကို ပိုပြီးခံနိုင်ရည်ရှိတဲ့ ပစ္စည်းတွေနဲ့ ပြန်လည်တည်ဆောက်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာနကလည်း ဒီဒေသမှာ ထိခိုက်ပျက်စီးခဲ့တဲ့ ကျောင်းတွေကို ပြင်ဆင်ပေးခဲ့ပါတယ်။

မရှိမဖြစ်အရေးပါတဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ ဥပမာ ကျောင်းတွေကို ပြန်လည်ပြုပြင်ဖို့ ဦးစားပေးလုပ်ဆောင်ကြသလိုပဲ နောင်ဖြစ်လာမယ့် သဘာဝကပ်ဘေးအန္တရာယ်တွေရဲ့ အကျိုးဆက်တွေကို လျှော့ချဖို့အတွက် ကပ်ဘေးအန္တရာယ် လျှော့ချရေး (DRR) ကလည်း အရေးပါပါတယ်။ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုနဲ့အတူ အစိုးရပိုင်းကလည်း ကပ်ဘေးဒဏ်ကို ပိုမိုခံနိုင်ရည်ရှိတဲ့ ရပ်ရွာအသိုက်အဝန်းတွေဖြစ်လာစေဖို့အပြင် အရေးပေါ်ရပ်ရွာအသိုက်အဝန်း ပြင်ဆင်မှုတွေ ပိုပြီးအားကောင်းလာအောင် ဆောင်ရွက်နေပါတယ်။ ပိုပြီးကောင်းမွန်တဲ့ကျောင်းတွေ တည်ဆောက်ဖို့၊ ကပ်ဘေးအန္တရာယ် ကွန်ရက်တွေနဲ့ DRR လေ့ကျင့်ရေး စင်တာတွေ ထူထောင်ဖို့လည်း ပါဝင်ပါတယ်။ ကနဦးသတိပေးစနစ်တွေ အဆင့်မြှင့်တင်ဖို့၊ ပိုပြီးထိရောက်တဲ့ ရေစီးရေလာကောင်းစေမယ့် စနစ်တွေထူထောင်ဖို့တွေဖြစ်ပါတယ်။ ဥပမာ အခုဆိုရင် ကျောင်းအားလုံးအပါအဝင် ချင်းပြည်နယ်တစ်ခုလုံးမှာ ကွန်ကရစ်ရေမြောင်းတွေ ပြုလုပ်ထားပြီးပါပြီ။

ဒါအပြင် ယူနီဆက်အဖွဲ့ရဲ့ ပံ့ပိုးကူညီမှု၊ ဂျပန်အစိုးရရဲ့ ငွေကြေးလှူဒါန်းမှုတွေနဲ့အတူ ဦးရွှေလင်းလို အစိုးရအရာရှိတွေကလည်း ကျောင်းတွေမှာ DRR အသိပေးလှုပ်ရှားဆောင်ရွက်မှုတွေမှာ ပါဝင်ခဲ့ကြပါတယ်။ ကျောင်းအုပ်ဆရာ/မပေါင်း ၂၄၀၀ ခန့်နဲ့ ဆရာ/မပေါင်း ၉၀၀၀ ကျော်က DRR သင်တန်းတွေတက်ရောက်ခဲ့ကြပြီး နှစ်စဉ် ကျောင်းသူကျောင်းသားပေါင်း ၃၀၀ ၀၀၀ အတွက် အကျိုးကျေးဇူးရရှိစေပါတယ်။

©UNICEF Myanmar/2019/U Sui Ling

၂၀၁၈ ခုနှစ် ဧပြီလမှာ ဧရာဝတီတိုင်း ဟသာင်္တလေ့ကျင့်ရေးစင်တာမှာ ကပ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုအလုပ်ရုံ ဆွေးနွေးပွဲကို ၁၁ ရက်ကြာပြုလုပ်ခဲ့ပါတယ်။ တက်ရောက်ခဲ့တဲ့သူတွေကတော့ (၂၀၁၅ ရေကြီးမှုမှာ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးခဲ့တဲ့ နောက်ပြည်နယ်တစ်ခုဖြစ်တဲ့) ရခိုင်ပြည်နယ်က အရာရှိ ၂၈ ဦး၊ ချင်းပြည်နယ်က သင်တန်းသား ၄၀ ဦးနဲ့ ပညာရေးအရာရှိ ၁၁ ဦးအပြင် ဦးရွှေလင်းအပါအဝင် တခြားအစိုးရအရာရှိတွေလည်း ပါဝင်ပါတယ်။ ၁၁ ရက်အတွင်း အကောင်းဆုံး အလေ့အထတွေကို မျှဝေပေးခဲ့ပုံတွေ၊ တခြားအစီအမံတွေ အထူးသဖြင့် ကျောင်းတွေမှာ လုပ်ဆောင်ရမယ့်အစီအမံတွေကို လေ့လာသင်ယူခဲ့ပုံတွေကို ဦးရွှေလင်းက ယူနီဆက်ကို ပြောပြခဲ့ပါတယ်။

ဦးရွှေလင်းက ဒီအလုပ်ရုံဆွေးနွေးပွဲပြီးတဲ့အချိန်ကတည်းက ချင်းပြည်နယ်ရဲ့ ကျောင်းပေါင်း ၅၄ ကျောင်းမှာ DRR အသိပေးလှုပ်ရှားဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးခဲ့ပြီး ဆရာဆရာမပေါင်း ၃၀၀ ကျော်နဲ့ ကျောင်းသူ/သားပေါင်း ၂၀၀၀ ကျော်အတွက် အကျိုးဖြစ်စေခဲ့တယ်လို့ ယူနီဆက်ကိုပြောပြပါတယ်။ ပြီးခဲ့တဲ့နှစ် အလုပ်ရုံဆွေးနွေးပွဲက သိသိသာသာကို အကျိုးဖြစ်စေခဲ့တယ်လို့ မှတ်ချက်ပြုပါတယ်။ ဦးရွှေလင်းက “ကျွန်တော့်မှာ မျှဝေပေးစရာ ဗဟုသုတတွေ ပိုများလာတယ်လို့ ခံစားရတယ်” လို့ဆိုတယ်။ “ကျွန်တော်က ဆရာ/မတွေ ကျောင်းသူ/သားတွေနဲ့အတူ လေ့လာသင်ယူခဲ့ရတာတွေကို ပြန်ပြီးမျှဝေပေးရတာ သဘောကျတယ်။ ဒီလိုသင်တန်းမျိုးတွေလည်း ထပ်ပြီးတက်ချင်ပါသေးတယ်။”



No comments:

Post a Comment