Monday, February 10, 2020

အတူတူသင်ကြားခြင်းက ကလေးငယ်တွေကို ရင်းနှီးစည်းလုံးစေ

ကျောင်းသားဘဝတစ်လျှောက် အတူတူသင်ကြား ကစားခြင်း
ရေးသားသူ - အိသူဇာ

မမြတ်နိုးခန့်နဲ့ မလှလှအောင်တို့နှစ်ယောက် ပြေးလမ်းပေါ်မှာ မြန်နိုင်သမျှ မြန်မြန်ပြေးနေကြပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်က အစိုးရစာသင်ကျောင်းရဲ့ မီတာ ၄၀၀ လက်ဆင့်ကမ်းပြေးပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြတာဖြစ်ပြီး ကျောင်းသားတွေနဲ့ ဆရာဆရာမတွေက သူတို့ကို စိတ်လှုပ်ရှားတက်ကြွစွာ  အားပေးနေကြပါတယ်။ 

ပန်းတိုင်နားရောက်တဲ့အချိန်မှာပဲ အသင်းခေါင်းဆောင်ဖြစ်တဲ့ မမြတ်နိုးခန့်က လဲကျသွားခဲ့ပါတယ်။ သူက သိပ်ကိုစိတ်ပျက်သွားပြီး “နောက်တစ်ခါကျရင် သမီးအကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်”လို့ ဝမ်းပမ်းတနည်းနဲ့ ပြောရှာပါတယ်။ ဒါပေမဲ့ မြတ်နိုးခန့်လေးကို သူ့အသင်းသားတွေက နားလည်ပေးတဲ့အတွက် စိတ်ပူစရာမလိုပါဘူး။ သူ့ကို သူ့ရဲ့ချစ်ရတဲ့သူငယ်ချင်း မလှလှအောင်က အားပေးနှစ်သိမ့်ပေးခဲ့ပါတယ်။

©UNICEF Myanmar/2020
မမြတ်နိုးခန့်နဲ့ မလှလှအောင်က တိုင်းရင်းသားမျိုးနွယ်၊ ဘာသာအသိုက်အဝန်းမတူကြပေမဲ့လည်း သိပ်ကိုရင်းနှီးတဲ့ သူငယ်ချင်း နှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးက အားကစားကို ဝါသနာပါသူလေးတွေပါ။ သမီးငယ် နှစ်ဦးစလုံးက အသက် ၁၃ နှစ်ဖြစ်ပြီး အစိုးရကျောင်းမှာ ၈ တန်းတက်ရောက်နေကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ကျောင်းမှာ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူဘာသာဝင်နဲ့ မွတ်စလင်ဘာသာဝင် အပါအဝင် တိုင်းရင်းသားမျိုးနွယ်၊ ဘာသာမတူကွဲပြားတဲ့ ကျောင်းသူကျောင်းသားပေါင်း ၃၀၀ ကျော်ရှိပြီး အားလုံးအတူတကွ သင်ကြားလျက်ရှိပါတယ်။