Monday, February 10, 2020

အတူတူသင်ကြားခြင်းက ကလေးငယ်တွေကို ရင်းနှီးစည်းလုံးစေ

ကျောင်းသားဘဝတစ်လျှောက် အတူတူသင်ကြား ကစားခြင်း
ရေးသားသူ - အိသူဇာ

မမြတ်နိုးခန့်နဲ့ မလှလှအောင်တို့နှစ်ယောက် ပြေးလမ်းပေါ်မှာ မြန်နိုင်သမျှ မြန်မြန်ပြေးနေကြပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်က အစိုးရစာသင်ကျောင်းရဲ့ မီတာ ၄၀၀ လက်ဆင့်ကမ်းပြေးပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြတာဖြစ်ပြီး ကျောင်းသားတွေနဲ့ ဆရာဆရာမတွေက သူတို့ကို စိတ်လှုပ်ရှားတက်ကြွစွာ  အားပေးနေကြပါတယ်။ 

ပန်းတိုင်နားရောက်တဲ့အချိန်မှာပဲ အသင်းခေါင်းဆောင်ဖြစ်တဲ့ မမြတ်နိုးခန့်က လဲကျသွားခဲ့ပါတယ်။ သူက သိပ်ကိုစိတ်ပျက်သွားပြီး “နောက်တစ်ခါကျရင် သမီးအကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်”လို့ ဝမ်းပမ်းတနည်းနဲ့ ပြောရှာပါတယ်။ ဒါပေမဲ့ မြတ်နိုးခန့်လေးကို သူ့အသင်းသားတွေက နားလည်ပေးတဲ့အတွက် စိတ်ပူစရာမလိုပါဘူး။ သူ့ကို သူ့ရဲ့ချစ်ရတဲ့သူငယ်ချင်း မလှလှအောင်က အားပေးနှစ်သိမ့်ပေးခဲ့ပါတယ်။

©UNICEF Myanmar/2020
မမြတ်နိုးခန့်နဲ့ မလှလှအောင်က တိုင်းရင်းသားမျိုးနွယ်၊ ဘာသာအသိုက်အဝန်းမတူကြပေမဲ့လည်း သိပ်ကိုရင်းနှီးတဲ့ သူငယ်ချင်း နှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးက အားကစားကို ဝါသနာပါသူလေးတွေပါ။ သမီးငယ် နှစ်ဦးစလုံးက အသက် ၁၃ နှစ်ဖြစ်ပြီး အစိုးရကျောင်းမှာ ၈ တန်းတက်ရောက်နေကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ကျောင်းမှာ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူဘာသာဝင်နဲ့ မွတ်စလင်ဘာသာဝင် အပါအဝင် တိုင်းရင်းသားမျိုးနွယ်၊ ဘာသာမတူကွဲပြားတဲ့ ကျောင်းသူကျောင်းသားပေါင်း ၃၀၀ ကျော်ရှိပြီး အားလုံးအတူတကွ သင်ကြားလျက်ရှိပါတယ်။


ရခိုင်ပြည်နယ်မှာ မမြတ်နိုးခန့်နဲ့ မလှလှအောင်တို့လို ကလေးငယ်တွေဟာ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်တွေထဲက တစ်ခုမှာနေထိုင်ကြရရုံမကဘဲ ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာ မွတ်စလင်ဘာသာဝင်အများစုပါဝင်တဲ့ လူပေါင်း ၇၀၀ ၀၀၀ နီးပါး နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို အုပ်စုလိုက်ထွက်ခွာသွားခဲ့ရတဲ့ ပြည်တွင်းပဋိပက္ခတွေရဲ့ သက်ရောက်မှုဒဏ်တွေကိုလည်း ခံစားနေကြရပါတယ်။

အဆိုပါအကြောင်းရင်းကြောင့် ဒီကျောင်းလေးကို ရခိုင်ပြည်နယ်က မတူကွဲပြားတဲ့ ရပ်ရွာအသိုက်အဝန်းများရှိရာ မြို့နယ် ၁၁ မြို့နယ်က ကျောင်းပေါင်း ၁၆၃ ကျောင်းအနက် တစ်ကျောင်းအဖြစ် ရွေးချယ်ပြီး NGO နှစ်ခုနဲ့ ပူးပေါင်းလျက် ဗြိတိန်အစိုးရထံမှ UK aid နဲ့ယူနီဆက်တို့က ရန်ပုံငွေ ပံ့ပိုးပေးကာ ပညာရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော်လျက်ရှိတဲ့ Learning Together  (အတူတကွသင်ကြမယ်) ပရောဂျက်ကို ဖော်ဆောင်လျက်ရှိပါတယ်။

မမြတ်နိုးခန့်နဲ့ မလှလှအောင်တို့လိုပဲ အဆိုပါကျောင်းအပ်နှံရေးနယ်မြေအတွင်းမှာ နေထိုင်ကြတဲ့ အခြားတိုင်းရင်းသား မျိုးနွယ်၊ ဘာသာမတူညီကြတဲ့ အသိုက်အဝန်းအသီးအသီးက ခန့်မှန်းကျောင်းသားဦးရေ ၄၅ ၀၀၀ ခန့်ဟာလည်း လှုပ်ရှားမှုအသီးအသီးကနေ အကျိုးကျေးဇူးတွေ ရရှိကြမှာဖြစ်ပါတယ်။ ဥပမာ စာဖတ်တဲ့အလေ့အထ ပျိုးထောင်ဖို့ အတွက် စာအုပ်တွေ၊ စာကြည့်တိုက်အဆောက်အဦးတွေနဲ့၊ စာဖတ်ခြင်းနဲ့ဆိုင်တဲ့ လှုပ်ရှားမှုတွေပံ့ပိုးပေးထားတဲ့ reading together (အတူတကွဖတ်ကြမယ်) အစီအစဉ်၊ ယောက်ျားလေး၊ မိန်းကလေး၊ မသန်စွမ်းကလေးငယ်တွေနဲ့ ရပ်ရွာအတွင်းက ကလေးငယ်အားလုံးပါဝင်ပြီး အသင်းအဖွဲ့စိတ်ဓာတ်ကို မြှင့်တင်ဖို့အတွက် အားကစား အထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးထားတဲ့ playing sports together (အတူတကွအားကစားလုပ်ကြမယ်) အစီအစဉ်၊ ကျောင်းပေါင်း ၁၆၃ ကျောင်းစလုံးမှာ ရှင်းရေးသုံးပစ္စည်းတွေ ထောက်ပံ့ပေးသလို အလိုအပ်ဆုံးကျောင်းတွေမှာ ရေနဲ့သန့်ရှင်းရေးစနစ်တွေကိုပါ အဆင့်မြှင့်တင်ပေးခဲ့တဲ့ promoting hygiene together (အတူတကွ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ကြမယ်) အစီအစဉ်၊ လှုပ်ရှားဆောင်ရွက်မှုအားလုံးမှာ ကလေးငယ်တွေ အားလုံးပါဝင်နိုင်ဖို့အတွက် ဆရာဆရာမတွေကို ပံ့ပိုးပေးခြင်းများ။

©UNICEF Myanmar/2020
ပညာရေးကဏ္ဍအညွှန်းကိန်းက ရခိုင်ပြည်နယ်ဟာ အခြားပြည်နယ်တွေထက် နောက်ကျကျန်နေခဲ့တာကို ပြသနေပါတယ်။ ယူနီဆက်ရဲ့ပံ့ပိုးမှုနဲ့ ပညာရေးဝန်ကြီးဌာန (MoE) က ဦးဆောင်ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရှိ ကျောင်းပြင်ပရောက် ကလေးငယ်များ၏ အခြေအနေကို လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ (OOSCI) ၂၀၁၈ အရ ရခိုင်ပြည်နယ်မှာ အသက် ၅ နှစ်ကနေ ၉ နှစ်ကြား မူလတန်းကျောင်းနေအရွယ် ကလေးငယ် ၃၄ ရာခိုင်နှုန်းနီးပါးနဲ့ အသက် ၁၀ နှစ်ကနေ ၁၃ နှစ်ကြား အလယ်တန်းကျောင်းနေအရွယ် ကလေးငယ် ၃၆ ရာခိုင်နှုန်းနီးပါးက ကျောင်းတက်ရောက်ခြင်းမရှိကြကြောင်း၊ ဒီနှုန်းက မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးနှုန်းဖြစ်နေကြောင်းကို ပြသနေပါတယ်။ ဒီပရောဂျက်အရ ကျောင်းပြင်ပရောက်ကလေးငယ်အများဆုံးရှိရာ ကျောင်းအပ်နှံရေးနယ်မြေတွေက ကျောင်းပေါင်း ၂၀ မှာ ပြန်လည်သင်ယူနိုင်မယ့် ပညာရေးရရှိစေဖို့ ကလေးငယ်တွေကို ပံ့ပိုးပေးမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ မတူကွဲပြားတဲ့ ရပ်ရွာအသိုက်အဝန်းအသီးသီးက ကျောင်းသားတွေနဲ့ပူးပေါင်းဆောင်ရွက်ရင်း စာသင်ကြားရေးအတွေ့အကြုံ ၁၅ နှစ်ကျော်ခန့်ရှိနေပြီဖြစ်တဲ့ ကျောင်းအုပ်ဆရာကြီး ဦးဝင်းလှိုင်က ဒီပရောဂျက်ကို ကြိုဆိုခဲ့ပါတယ်။ ဆရာတစ်ယောက်အနေနဲ့ သူက ဒီချည်းကပ်ပုံနည်းလမ်းနဲ့ Learning Together (အတူတကွသင်ကြမယ်) ပရောဂျက်ရဲ့ ရည်ရွယ်ချက်ကို သဘောကျတယ်လို့ ဆိုပါတယ်။

ဆရာကြီးဦးဝင်းလှိုင်က ပရောဂျက်စတင်ချိန်ကစပြီး ပါဝင်ဆောင်ရွက်ခဲ့သလို မကြာခင်က ပြုလုပ်ခဲ့တဲ့ Learning Together ပရောဂျက်မိတ်ဆက်ရာမှာလည်း ပါဝင်ခဲ့ပါတယ်။ မိမိကျောင်းရဲ့ အသိုက်အဝန်းအသီးသီးက မိဘတွေ၊ ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေ၊ ရပ်ရွာခေါင်းဆောင်တွေ၊ မြို့နယ်ပညာရေးအရာရှိတွေနဲ့ ယူနီဆက်ဝန်ထမ်းတွေနဲ့အတူ ပရောဂျက်မိတ်ဆက်ပွဲအခမ်းအနားကို ဦးဆောင်ပြုလုပ်ပေးခဲ့ပါတယ်။ “ကျွန်တော်က မိဘတွေကို ကိုယ့်သားသမီးတွေနဲ့ သူတို့လေးတွေရဲ့ ဆရာဆရာမတွေကို အလုပ်ကောင်းကောင်းမွန်မွန် လုပ်နိုင်အောင် ပံ့ပိုးပေးကြဖို့ တိုက်တွန်းခဲ့တယ်” လို့ ဦးဝင်းလှိုင်က ဆိုပါတယ်။ “အတူတကွစည်းစည်းလုံးလုံး လုပ်ဆောင်စေတဲ့ နည်းလမ်းက မတူညီတဲ့အသိုက်အဝန်းတွေကြားက အတားအဆီးတွေကို ကျော်လွှားနိုင်ပြီး အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကိုလည်း လျှော့ချနိုင်မယ်လို့ ထင်ပါတယ်။”

ဆရာကြီးဦးဝင်းလှိုင်က Learning Together နည်းလမ်းတချို့အရ ကျောင်းအခြေခံအဆောက်အဦးအပါအဝင် ကျောင်းပတ်ဝန်းကျင်ကို အဆင့်မြှင့်တင်ခြင်းက အတူတကွစည်းလုံးမှုကြောင့်ရလာတဲ့ ခံစားမှုကောင်းကို ပျိုးထောင်ပေးနိုင်ပါတယ်။ Learning Together မိတ်ဆက်ပွဲပြီးချိန်မှာ ဆရာကြီးက ဒီအစီအစဉ်ထဲက လှုပ်ရှားမှုတချို့ဖြစ်တဲ့ reading together (အတူတကွဖတ်ကြမယ်) နဲ့ playing together (အတူတကွ ကစားကြမယ်) စတဲ့လှုပ်ရှားမှုတွေကို စမ်းသပ်ကြည့်ခဲ့ပါတယ်။ “ ဒီလိုလှုပ်ရှားမှုတွေလုပ်တဲ့အတွက် ကျောင်းသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးရင်းနှီးလာတယ်လို့ ကျွန်တော်ခံစားရတယ်။ ”

ဒါပေမဲ့လည်း တချို့ကျောင်းသူလေးတွေက အုပ်စုလိုက်လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့အခက်အခဲရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အားကစားလှုပ်ရှားမှုတွေမှာဖြစ်ပါတယ်။ သူတို့က အဲဒီလိုလှုပ်ရှားလို့မရဘူးလို့ဆိုတဲ့အကြောင်း ပြောပြပါတယ်။ ဒါပေမဲ့လည်း ဆရာကြီးက Learning Together (အတူတကွ သင်ကြမယ်) ပရောဂျက်က ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့နဲ့ ကလေးငယ်တွေအားလုံးအတွက် လက်ခံနိုင်ပြီး အားလုံးပါဝင်နိုင်မယ့် နည်းလမ်းတွေကို ရှာတွေ့ဖို့ မျှော်လင့်ထားပါတယ်။

မမြတ်နိုးခန့်နဲ့ မလှလှအောင်တို့က ဖြစ်နိုင်တယ်ဆိုတာကို ပြခဲ့ပါတယ်။ သိပ်ရင်းနှီးကြတဲ့ ဒီသူငယ်ချင်းနှစ်ယောက်က သူတို့လုပ်ချင်တဲ့အကြောင်းတွေကို ပြောဖြစ်ကြတယ်။ နှစ်ဦးစလုံးက သူတို့ပညာရေးကို ပြီးဆုံးတဲ့အထိ သင်ချင်တဲ့အကြောင်းနဲ့ သူတို့ထက် ကံဆိုးတဲ့ကလေးငယ်တွေကို ကူညီပေးချင်တဲ့အကြောင်းပြောပြကြပါတယ်။ မမြတ်နိုးခန့်က “အိမ်မရှိတဲ့သူတွေအတွက် အိမ်ကောင်းကောင်းတစ်လုံး” ဆောက်ပေးချင်တဲ့အတွက် ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့က သူ့ရဲ့အိပ်မက်လို့ဆိုပါတယ်။ မလှလှအောင်ကတော့ “စာသင်ဖို့အခွင့်အရေးမရှိတဲ့ ကလေးတွေကို စာသင်ပေးချင်တဲ့အတွက်” ဆရာမတစ်ဦးဖြစ်ဖို့ မျှော်လင့်ထားပါတယ်။

ဒီပရောဂျက်အတွက် အရေးကြီးတဲ့အချက်အနေနဲ့ သူတို့နှစ်ဦးစလုံးက မတူညီတဲ့အသိုက်အဝန်းတွေကလာတဲ့ ကလေးငယ်တွေဟာ ကျောင်းသားဘဝတစ်လျှောက်မှာ အတူတူသင်ကြားရင်း ကစားရင်းနဲ့ အချင်းချင်း တိုးတက်အောင် ဘယ်လိုပံ့ပိုးပေးနိုင်ကြမလဲဆိုတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။



1 comment: