Thursday, January 30, 2020

၁၀ နှစ်တာ …


လက်ပွတ္တာမြို့နယ်တွင် ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေး
Dr. Monn

၂၀၁၉ ခုနှစ်၊ မြန်မာနိုင်ငံ – ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ နိုင်ငံတစ်ဝန်း ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းကို စောင့်ကြည့်စစ်ဆေးဖို့အတွက် မဖြူစင်ဝေတစ်ယောက် လက်ပွတ္တာမြို့နယ်လေးကို ပြန်လည်ရောက်ရှိလာတဲ့အခါမှာ ပြန်ပြောင်းအမှတ်ရစရာတစ်ခုရှိခဲ့ပါတယ်။ လက်ရှိမှာ ယူနီဆက်မြန်မာရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဆက်သွယ်ရေးအရာရှိတစ်ဦးအနေနဲ့ ရန်ကုန်မြို့မှာ အခြေစိုက်တာဝန်ထမ်းဆောင်နေသူ ဖြူဟာ ၂၀၀၉-၂၀၁၀ ခုနှစ်က လက်ပွတ္တာမြို့နယ်မှာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးပါ။

မြန်မာနိုင်ငံရဲ့ ဆိုးရွားကြောက်မက်ဖွယ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ချိန် ၂၀၀၈ ခုနှစ် မေလမှာ ဖြူက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဆိုင်ရာ ဖက်ဒရေးရှင်းမှာ သတင်းပေးပို့ခြင်းဆိုင်ရာအရာရှိတစ်ဦးအနေနဲ့ ဖျာပုံမြစ်ဝကျွန်းပေါ်ဒေသ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စတင်ကူညီပေးခဲ့ပါတယ်။ သူမက မုန်တိုင်းသင့်ရွာတွေကိုသွားမယ့် လှေမီဖို့အတွက် မနက်အစောကြီးထပြီး လှေဆိပ်ဆင်း၊ ညမိုးချုပ်မှ ပြန်လာခဲ့ရတာတွေကို မှတ်မိနေပါသေးတယ်။

©UNICEF Myanmar/2019/Kaung Htet
ခုနစ်လခန့်ကြာပြီးနောက်မှာ သူမက ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) မှာ သတင်းပေးပို့ရေးအဖွဲ့ဝင်တစ်ဦးအဖြစ် မြစ်ဝကျွန်းပေါ်ဒေသမှာလုပ်ကိုင်လျက်ရှိတဲ့ အဖွဲ့အစည်းပေါင်း ၂၀ကျော်နဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ UNOCHA က သူ့ရဲ့ရုံးတွေကို ပိတ်လိုက်တဲ့အခါမှာ သူမဟာ အာဆီယံဘက်မှ Tripartite Coordination Office မှာ ပံ့ပိုးရေးအရာရှိတစ်ဦးအနေနဲ့ တာဝန်ယူခဲ့ပြီး ရပ်ရွာအသိုက်အဝန်းလိုအပ်ချက်တွေကို ဆန်းစစ်အကဲဖြတ်ပြီး အဖွဲ့အစည်းပေါင်း ၃၅ ခုကျော်နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ မတူညီတဲ့ပရောဂျက်အမျိုးအစားများစွာရှိခဲ့ကာ ဖြူက အချက်အလက်တွေကို အချိန်နဲ့တပြေးညီပြင်ဆင်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နေကြတဲ့ ရှိနှင့်ပြီးအဖွဲ့အစည်းတွေနဲ့ အဖွဲ့အစည်းအသစ်တွေဆီကိုပါ အဆိုပါအချက်အလက်တွေကို ဖြန့်ဝေပေးဖို့အတွက် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

အသက်ကယ်ဆယ်ဖို့အတွက် အရေးပေါ် ကနဦးအကူအညီတွေပေးပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးအဆင့်မှာတော့ ရပ်ရွာအသိုက်အဝန်းက ဒေသခံပြည်သူများအနေနဲ့ အကူအညီများကိုသာ မှီခိုခြင်းမရှိဘဲ မိမိတို့ဘာသာ ပြန်လည်ရပ်တည်လာ နိုင်စေရေးအတွက် အသိုက်အဝန်းများကို ကူညီပေးရန်ရည်ရွယ်တဲ့ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် စားနပ်ရိက္ခာပံ့ပိုးမှုဆိုတဲ့ အစီအစဉ်တွေအပေါ် အလေးပေးဆောင်ရွက်ခဲ့ပါတယ်။ ဒီရာထူးနဲ့ ၁၈လတာ တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း ဖြူက ဒီဒေသရဲ့သီးခြားစိန်ခေါ်မှုတွေကို မြင်တွေ့ခဲ့ပြီး ဒီဒေသအားလုံးဟာ နိုင်ငံရဲ့ တခြားဒေသတွေနဲ့ ကွာခြားနေတာကို သိရှိခဲ့ပါတယ်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ ဖြူက ယူနီဆက်မြန်မာကိုရောက်ရှိလာခဲ့ပြီး Communication for Development (C4D)လို့ခေါ်တဲ့ ဌာနမှာ ဖွံ့ဖြိုးရေးဆိုင်ရာဆက်သွယ်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့ပါတယ်။ နောက်ပညာရေးဌာနကို ပြောင်းရွှေ့ပြီး အဲဒီနောက်မှာတော့ ကျန်းမာရေးနဲ့ အာဟာရဌာနကို ရောက်ရှိကာ တာဝန်ထမ်းဆောင်လျှက်ရှိပါတယ်။ သူမရဲ့ လက်ရှိ တာဝန်တွေထဲမှာတော့ ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံရေးအတွက် အသုံးပြုနေတဲ့ အချက်အလက်တွေလို သတင်းအချက်အလက်တွေ ထုတ်ပေးတာ၊ ပညာရေးနဲ့ဆက်သွယ်ရေးဆိုင်ရာ အထောက်အကူပြု အချက်အလက်တွေထုတ်ပေးတာတို့ ပါဝင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းကတစ်ဆင့် သူမဟာ ပြည်သူတွေကို ကျန်းမာရေးနဲ့ အာဟာရပြဿနာတွေမှာ ပိုပြီးဗဟုသုတရလာအောင်၊ သဘောထားအသစ်တွေ၊ ကျန်းမာရေးနဲ့ပိုပြီးညီညွတ်တဲ့ အလေ့အထတွေ ပျိုးထောင်ပေးဖို့အတွက် ပံ့ပိုးပေးရင်းကူညီလျက်ရှိပါတယ်။

©UNICEF Myanmar/2019/Kaung Htet
သူမရဲ့ဌာနအတွင်း အလားတူလုပ်ငန်းတွေလုပ်ဆောင်နေတဲ့ ဝန်ထမ်းနှစ်ဦးသာရှိပြီး သူမရဲ့တာဝန်က အစိုးရကဏ္ဍ၊ ယူနီဆက်မြန်မာနဲ့ အခြားရုံးတွင်းဌာနတွေအပြင် ဝန်ဆောင်မှုပေးသူတွေနဲ့ပါ ညှိနှိုင်းဆောင်ရွက်ရတဲ့ တာဝန်တွေများစွာ ယူထားရပါတယ်။

ယခုလုပ်ဆောင်တဲ့ တိုးချဲ့ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံရေးအစီအစဉ်ကို ကြိုတင်စီစဉ်ထားခဲ့ပေမဲ့လည်း ပိုလီယိုရောဂါအရေးပေါ်ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်ဖို့ ဦးစားပေးဖြေရှင်းခဲ့ရတဲ့အတွက် ပိုလီယိုကာကွယ်ဆေး အစုလိုက်တိုက်ကျွေးဖို့ရာ သတင်းပေးဖို့၊ ပညာပေးဖို့နဲ့ ဆက်သွယ်ဖို့ (IEC)အချက်အလက်တွေထုတ်ပေးနိုင်ဖို့ ဖြူ့အနေနဲ့ အလျင်အမြန်ပဲ အားစိုက်ဆောင်ရွက်ခဲ့ရပြန်ပါတယ်။ ဖြစ်ပွားရာဒေသတွေကရောက်ရှိနိုင်ဖို့ခက်ခဲပြီး တိုးချဲ့ကာကွယ်ဆေးထိုးနှံမှုကို ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးမှုနဲ့အတူ တစ်ပါတည်းဆောင်ရွက်ဖို့ဆုံးဖြတ်ခဲ့တဲ့အတွက် ထပ်ဆောင်း IEC အချက်အလက်တွေကို ချက်ချင်းဆိုသလို ပြင်ဆင်ခဲ့ရပါတယ်။ ဒီနေ့အချိန်မှာတော့ IEC အချက်အလက်တွေကို အရင်ကထက်ပိုပြီး မြန်မာတိုင်းရင်းသားဘာသာစကားတွေကို ဘာသာပြန်ဆိုနေပြီဖြစ်တဲ့အတွက် ရုံးခွဲတွေနဲ့ပိုပြီး ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်လာသလို ဘာသာပြန်တွေနဲ့လည်း ပူးပေါင်းလုပ်ကိုင်ရပါတယ်။ ဖြူက လုပ်ငန်းအားလုံး အရည်အသွေးကောင်းကောင်းနဲ့ အချိန်မီ ပြီးစီးနိုင်ဖို့အတွက် ဒီအဆင့်အားလုံးကို စစ်ဆေးဖို့လိုအပ်ပါတယ်။

ဖြူ့အတွက် အလုပ်ကအချိန်နဲ့အမျှ ပင်ပန်းခက်ခဲသည့်တိုင်အောင် သူမရဲ့အလုပ်ကို နှစ်သက်ပြီး သက်ဆိုင်ရာ လိုအပ်ချက်တွေအလိုက် ဖန်တီးထားတဲ့ပညာပေးဆက်သွယ်မှုတွေနဲ့ လူအများကို ကမ်းလင့်ထောက်ကူပေးနိုင်ခြင်းရဲ့ အရေးပါမှုကို သူမက ယုံကြည်ပါတယ်။ သူမက အစိုးရကဏ္ဍတွေကို ပံ့ပိုးပေးလျက်ရှိတဲ့ ယူနီဆက်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ခွင့်ရရုံမက - ဒီလိုဖြစ်ခွင့်ရတဲ့အတွက် သူမရဲ့ကြိုးပမ်းမှုတွေက တစ်နိုင်ငံလုံးဆီ ရောက်ရှိနိုင်တဲ့အတွက်ကြောင့်လည်း ကျေနပ် ဝမ်းမြောက်ရပါတယ်။

စောင့်ကြည့်လေ့လာရေးခရီးစဉ်အတွင်းမှာ သူမက လက်ပွတ္တာမြို့နယ်ရှိ ကျေးရွာအသီးသီးက မိဘတွေကို မေးခွန်းတွေ မေးမြန်းပေးရင်း ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် အဆင်ပြေချောမွေ့မြန်ဆန်တဲ့ အကဲဖြတ်စစ်ဆေးမှုတွေနဲ့ ကူညီပေးခဲ့ပါတယ်။ သူမက ဗဟိုအချက်အလက်ကောက်ယူရေးဌာနနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ မိုဘိုင်းဖုန်းတစ်လုံးထဲကို အချက်အလက်တွေ ထည့်သွင်းခဲ့ပါတယ်။ ဒီလိုစောင့်ကြည့်လေ့လာမှုနည်းလမ်းက ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းအရည်အသွေးကို တိုးတက်စေပြီး အကျိုးဆက်အနေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးကိုပါ တိုးတက်စေဖို့ ကူညီပေးပါတယ်။

လက်ပွတ္တာမြို့နယ်မှာ အလုပ်စလုပ်ခဲ့တဲ့နေ့ကစတွက်ရင် ဖြူ့အတွက်က ဒီလုပ်ငန်းခွင်ထဲမှာပင် ၁၀ နှစ်ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ လက်ပွတ္တာမြို့က ဒေသခံတွေနဲ့ ထပ်ပြီးတွေ့ဆုံခွင့်၊ စကားပြောခွင့်ရတဲ့အတွက် သူမက ပျော်ရွှင်မဆုံးဖြစ်နေပါတယ်။ အခြေခံအဆောက်အဦးတွေ တိုးတက်လာကြောင်း၊ ဒေသခံတွေကလည်း သူတို့ရဲ့ အတိတ်က စိတ်ထိခိုက်နာကျင်ဖွယ် အဖြစ်အပျက်တွေကနေပြန်ပြီး နာလန်ထူလာပုံရကြောင်းနဲ့ နာဂစ်ဖြစ်ပြီးချိန်ကနဲ့စာရင် ဘဝတွေပိုပြီး တိုးတက်လာတာကြောင်းတွေကို သူမကပြောပြပါတယ်။ နောက်ပြီး ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းတွေကို သူမကူညီထုတ်ဝေပေးခဲ့တဲ့ IEC အချက်အလက်တွေနဲ့အတူ မြင်တွေ့ရတဲ့အတွက်လည်း သူမက ဝမ်းသာပီတိဖြစ်ခဲ့ပါတယ်။ အဲသည့်မြို့လေးမှာ အလုပ်မလုပ်တော့သော်ငြားလည်း ဒေသခံပြည်သူတွေကို တခြားမတူညီတဲ့ နည်းလမ်းမျိုးနဲ့ ကူညီပေးနိုင်ဆဲ ဖြစ်တာကို သူမအနေနဲ့ သိရှိနားလည်နေပြီး ဂုဏ်ယူလျက်ရှိပါတယ်။


No comments:

Post a Comment