Thursday, January 16, 2020

ကလေးငယ်များအား အိမ်တွင်းအကြမ်းဖက်မှုများမှ ကာကွယ်ပေးခြင်း


ကလေးငယ်များကို ဘေးကင်းလုံခြုံအောင်ထားခြင်း
တင်ထက်ပိုင်

၁၃ နှစ်အရွယ် မန်လမ်ကျိန်ရယ်၊ ၆ နှစ်နဲ့ ၈ နှစ်အရွယ် မောင်လေးနှစ်ယောက်ရယ်ဟာ ဘဝတစ်လျှောက်လုံး ဆိုးရွားတဲ့ အခြေအနေတစ်ခုမှာ နေထိုင်ခဲ့ကြရပါတယ်။

နေ့တိုင်း နေ့လယ် ၃ နာရီလောက်ဆို ဖခင်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဟောက်ရှန်းမန် တစ်ယောက် ရွာထဲကဆိုင်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် အရက်သောက်လေ့ရှိတယ်။ နာရီပိုင်းလောက်ကြာတာနဲ့ သူက သူတို့ရဲ့ အမေဖြစ်သူနဲ့စပြီးစကားများရန်ဖြစ်ကာ ရိုက်နှက်တာ၊ နံရံကိုလက်သီးနဲ့ထိုးတာတွေလုပ်ပါတယ်။ မိခင်က ဒေါသတကြီးထွက်သွားပြီး ညဘက်အိမ်ပြန်မလာတော့ဘူး။ ဒီလိုအချိန်မျိုးတွေမှာ မန်လမ်ကျိန်တစ်ယောက် ဖခင်ဖြစ်သူကို ကြောက်ရွံ့ပြီးအိပ်မပျော်ခဲ့ပါဘူး။ သူက အိပ်မက်ထဲမှာတောင် ရှိုက်ငိုနေတဲ့ မောင်လေးနှစ်ယောက်ကို နှစ်သိမ့်ပေးခဲ့ရပါတယ်။

©UNICEF Myanmar/2019/Minzayar Oo
“တစ်ခါတုန်းက အဖေက အမေ့ကို ပုဆိန်နဲ့ပစ်ပေါက်တော့မလို့။ အိမ်နီးချင်းတွေက ဝင်ပြီးတားခဲ့ရတယ်” လို့မန်လမ်ကျိန်က ပြန်ပြောပြပါတယ်။ “ဒါတွေအားလုံးက အဖေအရက်သောက်လို့ ဖြစ်ရတာ။ သမီး အဖေ့ကို အရက်မသောက်ဖို့ပြောပေမဲ့ အဖေက မဖြတ်နိုင်ဘူးလို့ ပြောတယ်။”
သူတို့အိမ်မီးလောင်ပျက်စီးသွားတဲ့အတွက် အခုဆိုရင် သူတို့မိသားစုက ရွာကကူညီဆောက်ပေးထားတဲ့ သစ်သားအိမ်လေး တစ်လုံးမှာ နေထိုင်နေကြပါတယ်။ မန်လမ်ကျိန်နဲ့ မောင်လေးတွေဟာ ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲက ရွာနဲ့နီးတဲ့ တွန်းဇံအလယ်တန်းကျောင်းမှာ တက်ရောက်နေကြပါတယ်။ သူတို့ရဲ့ အရက်စွဲနေတဲ့ဖခင်နဲ့ မိခင်တို့ဟာ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရပြီး ကျောင်းဝတ်စုံဝယ်ပေးဖို့ မတတ်နိုင်ကြပါဘူး။


ကလေးငယ်တွေ နေ့စဉ်နဲ့အမျှမြင်တွေ့နေရတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်မိတဲ့ အိမ်နီးချင်းတစ်ဦးက ကတ်သလစ်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (Karuna Mission Social Solidarity (KMSS)) မှာအလုပ်လုပ်ကိုင်နေတဲ့ မာသာစန်းကို သတင်းပေးခဲ့ပါတယ်။

©UNICEF Myanmar/2019/Minzayar Oo
မြန်မာနိုင်ငံက ကလေးငယ်တွေကိုကာကွယ်ပေးဖို့ ဆောင်ရွက်နေတဲ့ ယူနီဆက်မှာသင်တန်းတက်ရောက်ထားတဲ့ မာသာစန်းက မိဘတွေနဲ့စတင်တွေ့ဆုံပြီး သူတို့ရဲ့အပြုအမူတွေနဲ့ သားသမီးတွေရဲ့ဘဝတွေအပေါ် သက်ရောက်ပုံတွေကို ဆွေေးနွးပြောပြခဲ့ပါတယ်။ ဟောက်ရှန်းမန်က တစ်နေ့လုံးလယ်ထဲမှာပင်ပန်းခဲ့ရတာတွေကို အရက်က ပျောက်အော ကူညီပေးနိုင်တယ်လို့ ပြောပြတယ်။

“ကျွန်တော်နေ့တိုင်းအရက်သောက်တယ်ဆိုတာက ကျွန်တော်အရမ်းပင်ပန်းလို့ပါ။ နောက်တော့ ကျွန်တော်စိတ်မထိန်းနိုင်တော့ဘဲ ကလေးတွေအမေနဲ့ စကားများပြီး ရိုက်နှက်မိခဲ့တယ်။ တစ်ခါတော့ ကျွန်တော့်သမီးက အကြောက်လွန်ပြီး အိမ်ကထွက်သွားခဲ့တယ်။ သူဘယ်ထွက်သွားလဲဆိုတာ ကျွန်တော်မသိဘူး”လို့ နောင်တရနေတဲ့ဖခင်ဖြစ်သူက သတိတရပြောပြခဲ့တယ်။

ကလေးငယ်တွေကို အကြမ်းဖက်ရာမှာ ရုပ်ပိုင်း၊လိင်ပိုင်း၊ စိတ်ခံစားချက်ပိုင်းတွေနဲ့ပတ်သက်ပြီး ညှဉ်းပန်းနှိပ်စက်တာတွေအပြင် ဂရုမစိုက်ဘဲပစ်ထားတာနဲ့ ချို့တဲ့အောင်ထားတာတွေလည်း ပါဝင်ပါတယ်။ ကလေးတွေက အိမ်၊ ကျောင်း၊ ရပ်ရွာနဲ့ လုပ်ငန်းခွင်တွေမှာ အခွင့်အရေးချိုးဖောက်ခံရမယ့် အလားအလာသိပ်များပါတယ်။ ကလေးတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကောင်းကျိုးချမ်းသာကို ခြိမ်းခြောက်နေတဲ့ မမြင်သာဘဲအပြန်အလှန်ဆက်နွှယ် ရှုပ်ထွေးနေတဲ့ အချက်အလက်ပေါင်းများစွာ ရှိတတ်ပါတယ်။ မြန်မာနိုင်ငံက ထိခိုက်လွယ်တဲ့ ကလေးငယ်ပေါင်းများစွာဟာ ဆင်းရဲနွမ်းပါးတဲ့၊ ပဋိပက္ခတွေနဲ့/သို့မဟုတ် ကပ်ဘေးသင့်အခြေအနေတွေမှာ နေထိုင်ကြရပါတယ်။

©UNICEF Myanmar/2019/Minzayar Oo
ယူနီဆက်အနေနဲ့ ကလေးငယ်တွေ ကြုံတွေ့ခံစားရတဲ့ ရှုပ်ထွေးတဲ့ပြဿနာအချက်အလက်အားလုံးကို အပြည့်အဝ ဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခုအဖြစ် ပြည့်စုံကျယ်ပြန့်တဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးစနစ်တွေ ထူထောင်ဖို့ လှုံ့ဆော်တိုက်တွန်းနေပါတယ်။ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနဲ့ တရားရေးစနစ်လို အဓိကကဏ္ဍအားလုံးမှာ လိုအပ်တဲ့ ချိတ်ဆက်မှုတွေ ဖန်တီးဖို့နဲ့ အရေးယူဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။

အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ဖြစ်ပေါ်စေတဲ့ လူမှုထုံးစံတွေကို ပြည့်ပြည့်ဝဝနားလည်အောင် ခိုင်မာတဲ့အထောက်အထားတွေ ဖော်ထုတ်နိုင်ဖို့အတွက်လုပ်ဆောင်ရင်း အပြုသဘောဆောင်တဲ့ အမူအကျင့်တွေအဖြစ် ပြောင်းလဲလာအောင် အားပေးမြှင့်တင်ပြီး အန္တရာယ်ဖြစ်စေတဲ့ အလေ့အထတွေကို အဆုံးသတ်ဖို့ ရည်ရွယ်ပါတယ်။

မန်လမ်ကျိန်က မာသာစန်းနဲ့သူ့မိဘတွေ စပြီးဆွေးနွေးပြီးကတည်းက ဖခင်ဖြစ်သူ အရက်သောက်တာ သိသိသာသာ လျော့နည်းလာတယ်လို့ဆိုပါတယ်။

ဘယ်သူမှ ကျွန်တော်တို့ဆွေမျိုးတွေတောင် “ကျွန်တော်တို့အပေါ်ဒီလောက်ဂရုမစိုက်ဘူး။ ကျွန်တော် မာသာစန်းရဲ့မေတ္တာကို ခံစားရတယ်။ ပြီးတော့ ပြောင်းလဲချင်လာခဲ့တယ်” လို့ ဟောက်ရှန်းမန်က ရင်ဖွင့်ပြောပြခဲ့ပါတယ်။

ယူနီဆက်ရဲ့ ချင်းပြည်နယ်ရုံးခွဲမှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအရာရှိ ဒေါ်အိမ့်အိမ့်ထွန်းက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းမှာ အခွင့်အရေး ချိုးဖောက်ခံရတဲ့၊ ချိုးဖောက်ခံရမယ့်အန္တရာယ်ရှိတဲ့ ကလေးငယ်အမှုပေါင်း ၃၀၀ ကျော်ဖော်ထုတ်သိရှိခဲ့ပြီး ဟားခါးမှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်တာ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တာ၊ လျစ်လျူရှုတာနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကနေ ကာကွယ်ပေးဖို့ လူထုရဲ့နားလည်သဘောပေါက်မှု အားကောင်းလာစေဖို့ ယူနီဆက်ဝန်ထမ်းတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ဒေသတွင်းက ရပ်ရွာအသိုက်အဝန်းအားလုံးနဲ့ထိတွေ့ချိတ်ဆက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။

ကျွန်မတို့ “အသိမြှင့်တင်ရေး ဆွေးနွေးပွဲတွေကို ကျေးရွာအသိုင်းအဝိုင်းတွေထဲမှာပဲ လုပ်မယ်ဆိုရင် ကလေးအများစုက ကျောင်းသွားနေကြတဲ့အတွက် ကျွန်မတို့ ကလေးတွေနဲ့ စကားပြောခွင့်ရမှာမဟုတ်ပါဘူး” ဟု ဒေါ်အိမ့်အိမ့်ထွန်းက ရှင်းပြပါတယ်။ “ဒါကြောင့် ကျွန်မတို့က ကလေးတွေကို သူတို့ရဲ့အခွင့်အရေးတွေက ဘာတွေလဲ၊ တစ်ခုခုဖြစ်လာခဲ့ရင် ဘယ်သူ့ကို အကြောင်းကြားသင့်လဲဆိုတာ ရှင်းပြဖို့ ကျောင်းတွေမှာပါ ဆွေးနွေးပွဲတွေ ကျင်းပပေးပါတယ်။”

မန်လမ်ကျိန်က သူ့အဖေအရက်ဖြတ်မယ်ဆိုတဲ့ကတိကြောင့် မျှော်လင့်ချက်အပြည့်ရှိနေပါတယ်။ “သမီးရဲ့ မိဘတွေအချင်းချင်း ချစ်ချစ်ခင်ခင်ရှိတာ မြင်ချင်တယ်။ အဖေ့ကိုလုံးဝအရက်ပြတ်ပြီး သမီးတို့နဲ့ ပျော်ပျော်ရွှင်ရွှင်နေစေချင်တယ်။”

No comments:

Post a Comment