Thursday, January 16, 2020

ကလေးငယ်တွေကို ကောင်းကောင်းမွန်မွန် ကျွေးနိုင်ဖို့ မိဘတွေရဲ့ ယုံကြည်မှု တည်ဆောက်ခြင်း

Alessia Radice

မြန်မာနိုင်ငံ အနောက်မြောက်ဖျား ချင်းပြည်နယ်ရဲ့ ထန်မွာန် (Thangmual) တောင်ကုန်းတွေပေါ်က မနုလွန်းတစ်ယောက် သူ့ရဲ့ ခုနစ်နှစ်အရွယ်သမီးငယ်လေးကို ကျန်းကျန်းမာမာ ထက်ထက်မြက်မြက်နဲ့ ကြီးပြင်းလာဖို့မျှော်လင့်မိပါတယ်။ အမေအများစုလိုပဲ မနုလွန်းဟာလည်း သူ့သမီးလေးကို အကောင်းဆုံးတွေပဲဖြစ်စေချင်တယ်ဆိုပေမဲ့ ဒီလိုကလေးအရွယ်သေးသေးလေးကို နည်းမှန်လမ်းမှန်နဲ့ဘယ်လိုကျွေးရမလဲဆိုတာကို သေချာမသိဘူးဖြစ်နေပါတယ်။
 မနုလွန်းက သူမရဲ့သမီးလေး၊ ခင်ပွန်း၊ ယောက္ခမ၊ ၁၂ နှစ်အရွယ် တူလေးတစ်ယောက်ရယ်နဲ့အတူ သစ်သားအိမ်လေးတစ်လုံးမှာ နေကြပါတယ်။ သူက ဆီနဲ့ဆန်ကို ဈေးထဲကနေ ဝယ်လေ့ရှိပေမဲ့ သူတို့ မိသားစုအတွက် စားစရာအများစုက သူတို့အိမ်က စိုက်ခင်းနဲ့ ယောက်ျားဖြစ်သူ အလုပ်လုပ်တဲ့ လယ်ထဲကနေရတာ များပါတယ်။

သူမရဲ့ခုနစ်နှစ်အရွယ် သမီးငယ်ကိုအစာကျွေးနေတဲ့ မနုလွန်း။
©17 Triggers/ Myanmar/2019/Camilla Zanzanaini 
အာဟာရအကြောင်း သိရှိစေဖို့အတွက် မနုလွန်းဟာ တီးတိန်က အရန်သားဖွားဆရာမတွေ ဦးစီးတဲ့ ဒေသခံအမျိုးသမီး အဖွဲ့ဆွေးနွေးပွဲကို တက်ရောက်ဖြစ်ခဲ့ ပါတယ်။ သူမရဲ့ယောက္ခမဖြစ်သူကလည်း သူ့အပေါ် သြဇာလွှမ်းမိုးမှုရှိတယ်။ သူ့ကလေးကို ဘာတွေကျွေး သင့်တယ်၊ ဘာတွေမကျွေးသင့်ဘူး၊ အစာကို ဘယ်လို ပြင်ဆင်ရမယ် စတာတွေပြောလေ့ရှိပါတယ်။



မနုလွန်းရဲ့ သမီးလေးက မကြာခဏဆိုသလိုပဲ စားစရာအသစ်တွေ လျှာပေါ်ထိလိုက်တဲ့ခံစားချက်ကို ရုန်းကန်ငြင်းဆန်တတ်တယ်။ အဲဒီစားစရာတွေကို မမြိုချနိုင်ဘဲဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် မနုလွန်းက အတင်းအကျပ်မကျွေးတော့ဘဲ မိခင်နို့နဲ့ ဆန်ပြုတ်ကိုပဲ ကျွေးပါတော့တယ်။

 “ကျွန်မကလေးကို တခြားအစားအစာတွေပါ ကျွေးသင့်တယ်လို့ သူတို့ကပြောပေမဲ့ ကျွန်မသမီးက ပြန်ပြီးထွေးထုတ်ပစ်တတ်တယ်။ ဒီအစာတွေက သူ့အတွက် သိပ်ကြမ်းလွန်းနေတယ်။ ဒါကြောင့် ကျွန်မသူ့ကို ဆန်ပြုတ်နဲ့ မိခင်နို့ပဲတိုက်တယ်” လို့ မနုလွန်းက ကျန်တဲ့မိသားစုဝင်တွေအတွက် ချင်းရိုးရာပြောင်းဆန်ပြုတ်ချက်ရင်း ရှင်းပြပါတယ်။

တခြားမိခင်တွေကလည်း သူတို့ကလေးတွေကို ဘယ်အရွယ်မှာ ဘယ်လိုဖြည့်စွက်စာတွေကျွေးသင့်လဲဆိုတာ ရှင်းရှင်းလင်းလင်းမသိကြမှန်း သိသာပါတယ်။ အစာအုပ်စုဇယားတွေကို နားလည်ဖို့ခက်ခဲကြပြီး ကလေးတွေ အစာနင်သွားမှာကိုလည်း စိုးရိမ်ကြတယ်။

 “ကလေးတွေကို ကျွေးရမယ့် အစာအုပ်စုက သုံးစုလား လေးစုလား။ ဟာ မဟုတ်ပါဘူး”လို့ မနုလွန်းကဆိုတယ်။ “ကျွန်မရောကုန်ပြီ။ အသားက ကြီးထွားစေတယ်၊ သီးနှံတွေက သန်မာစေတယ်၊ ဒါပေမဲ့ ဒါတွေကို ကျွန်မတို့ကလေးတွေ ဘယ်လိုစားနိုင်မလဲ။”

ချင်းပြည်နယ်နဲ့ ရန်ကုန်မြို့ဆင်ခြေဖုံးဒေသက မိခင်တွေ၊ စောင့်ရှောက်သူတွေအနေနဲ့ ကလေးတွေကို အစားအစာကျွေးရာမှာ မိခင်တွေသိထားရမယ့် လိုအပ်ချက်တွေကို နားလည်စေဖို့ Shenzhen Health Foundation က ရန်ပုံငွေပံ့ပိုးပြီး Save the Children နဲ့ ယူနီဆက်တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ မိခင်တွေအနေနဲ့ ကလေးငယ်တွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖြည့်စွက်စာကျွေးမွေးလာအောင် တိုက်တွန်းပြီး ပံ့ပိုးကူညီပေးနိုင်မယ့် နည်းလမ်းတွေကို သိရှိလာစေဖို့ဖြစ်ပါတယ်။


တီးတိန်မြို့က မိခင်တွေဟာ ကလေးတွေကို အစာကောင်းကောင်းမွန်မွန် ကျွေးမွေးနိုင်အောင် စိတ်ကူးစိတ်သန်းကောင်းတွေ ရစေမယ့် အချက်အလက်တွေပါတဲ့ “ငှက်ပျောသီးအိတ်” တစ်အိတ်ကို ယူနီဆက်နဲ့အတူ ဖန်တီးပြီး စတင်စမ်းသပ်လုပ်ဆောင်ခဲ့ပါတယ်။ ဒီအိတ်က အဓိကပေးချင်တဲ့ မက်ဆေ့ချ်ကတော့ - မိမိကလေးကို နေ့တိုင်းကျွေးပေးပါ။ ထမင်းတင်မကဘဲ ပဲ၊ ကြက်ဥနဲ့ အသီးအနှံတွေပါ ကျွေးပါ။

သန့်ရှင်းတဲ့ အစားအစာစားသုံးရာပတ်ဝန်းကျင်တွေဖြစ်လာဖို့ အားပေးတဲ့အနေနဲ့ “banana bag” လို့ခေါ်တဲ့အိတ်ကို ဖျာတစ်ချပ်ပေါ်မှာ ဖွင့်ပါတယ်။ အိတ်ထဲမှာ ကိရိယာအသစ်အဆန်းတွေပါတဲ့ အထုပ်တစ်ထုပ် ပါပါတယ်။ မိခင်တွေအနေနဲ့ မိမိတို့ကလေးအတွက် စားစရာတွေကို ယုံကြည်မှုရှိရှိ စီစဉ်ပေးပြီး ပုံစံအမျိုးမျိုးဖန်တီးတတ်အောင်၊ စားစရာအသစ်တွေကို အောင်အောင်မြင်မြင်နဲ့ စပြီးကျွေးတတ်အောင် ကူညီပေးဖို့ ရည်ရွယ်ပြုလုပ်ထားတဲ့ ကိရိယာတွေဖြစ်ပါတယ်။

ပဲဘူးတွေက ပမာဏတိုင်းဖို့ပါ၊ ကြက်ဥဘူးက မိခင်တွေအနေနဲ့ တစ်ပတ်မှာ ကြက်ဥဘယ်နှစ်လုံးကျွေးပြီးပြီးလဲဆိုတာ မှတ်ထားနိုင်ဖို့ပါ၊ ချေတဲ့ကိရိယာတွေကတော့ ကလေးအသက်အရွယ်အလိုက် စားစရာတွေကို သင့်တော်တဲ့ အပျော့အမာအနေအထားရအောင် လုပ်နိုင်ဖို့ဖြစ်ပါတယ်၊ အရွယ်အစား မတူညီတဲ့ ပန်းကန်လုံးသုံးကတော့ အသက်အရွယ်အလိုက် သင့်တော်ရာပမာဏကို သိစေဖို့ဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထကောင်းတွေကို သတိပေးတဲ့အနေနဲ့ အိတ်ထဲမှာ ဆပ်ပြာ၊ ကလေးတဘက်နဲ့ သွားတိုက်တံတစ်ချောင်းလည်း ထည့်ပေးထားပါတယ်။ လက်ထိုးရုပ်တစ်ခုနဲ့ ပုံပြင်စာအုပ်က အစောပိုင်း လှုံ့ဆော်မှု၊ တုံ့ပြန်မှုရှိတဲ့ ပြုစုစောင့်ရှောက်မှုတွေဖြစ်အောင် အားပေးဖို့နဲ့ အဓိကမက်ဆေ့ချ်တွေကို အားဖြည့်ပေးဖို့ဖြစ်ပါတယ်။

“ဒီလိုအရည်အသွေးကောင်းတဲ့ ပစ္စည်း တွေက ကျွန်မတို့ကလေးတွေအတွက် သိပ်အသုံးဝင်ပါတယ်။ ကျွန်မတို့မှာပိုက် ဆံရှိတယ်ဆိုရင်တောင် ဒီလိုကောင်းတဲ့ ပစ္စည်းမျိုးတွေဝယ်နိုင်မှာ မဟုတ်ပါဘူး” လို့ မနုလွန်းက စိတ်အားထက်ထက်သန်သန်နဲ့ပြောပြခဲ့ပါတယ်။ “ကလေးအတွက် ဒီလိုထူးခြားတဲ့ပစ္စည်းလေးတွေရတာ သိပ်ကိုကောင်းပါတယ်”

အဲ့သည့် “banana bag” လို့ခေါ်တဲ့အိတ်က မနုလွန်းလို မိခင်တွေကြားမှာ လူသိများပြီး အထောက်အကူပေးနိုင်တယ်ဆိုတာ သက်သေပြလိုက်ပါပြီ။

လာမယ့်ခြောက်လအတွင်းမှာကလေးတွေအတွက် ဖြည့်စွက်စာကျွေးမွေးမှုကို တိုးတက်စေဖို့နဲ့ သိပ်ကိုကောင်းမွန်တဲ့ ဘဝစတင်မှုတစ်ခုဖြစ်ဖို့ ရည်ရွယ်ပြုလုပ်ထားတဲ့ ဒီလိုဆန်းသစ်တီထွင်ထားတဲ့ ကိရိယာတွေကို မိခင်တွေက ဘယ်လိုတုံ့ပြန်တယ်၊ ဘယ်လိုအသုံးပြုကြသလဲဆိုတာတွေကို ပိုပြီးသိရှိအောင် “banana bag” အားအသုံးချပုံတွေကို ယူနီဆက်အနေနဲ့ ဆက်လက်စောင့်ကြည့် လေ့လာသွားမှာဖြစ်ပါတယ်။

No comments:

Post a Comment