Tuesday, December 10, 2019

မီးဖိုချောင်မှသည် စာသင်ခန်းဆီသို့

ရေးသူ Ruth Ayisi

၁၄ နှစ်သမီးလေး ခင်ခင်လှတစ်ယောက် ကောက်ညှင်းပေါင်းပေါင်းနေတဲ့အချိန်။ သူ့ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ် အလုပ်တွေ ရုတ်တရက်ပြောင်းလဲသွားတော့မယ့်အချိန်ပေါ့။ “အမေက ကျွန်မကို ကျောင်းတက်ချင်လားလို့မေးတယ်” လို့ အဲဒီအချိန်ကိုပြန်စဉ်းစားမိပြီး မျက်လုံးဝိုင်းကြီးတွေနဲ့ ခင်ခင်လှတစ်ယောက် ပြုံးပြီးပြောပြပါတယ်။

©UNICEF Myanmar/2019/Ruth Ayisi

လွန်ခဲ့တဲ့ နှစ်နှစ် သူ့အသက် ၁၂ နှစ်မှာ ခင်ခင်လှအတွက် ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် စာသင်ဖို့အခွင့်အရေးတစ်ခုရခဲ့ပါတယ်။ “ကျွန်မကျောင်းတက်လို့ရမလားလို့ အမေ့ကိုမေးနေခဲ့တာ ကြာပါပြီ” လို့ခင်ခင်လှက ပြောပါတယ်။ သူက သူ့အခြေအနေကြောင့် စာဖတ်တတ်ဖို့ စာရေးတတ်ဖို့ မျှော်လင့်ချက်ကို လက်လျှော့လုနီးပါးဖြစ်ခဲ့ပါတယ်လို့ ဆိုတယ်။ “ကျွန်မစာသင်ချင်ခဲ့တယ်။ ဒါပေမဲ့ အမေဈေးရောင်းဖို့အတွက် ကောက်ညှင်းပေါင်းကူပေါင်းပေးမှဖြစ်မယ်ဆိုတာ ကျွန်မသိတယ်။” 


တံငါသည်တစ်ဦးဖြစ်တဲ့ ခင်ခင်လှအဖေဟာ သူ့အသက် ၃ နှစ်မှာ အဆုတ်ကင်ဆာနဲ့ဆုံးသွားပြီး သူတို့ညီအစ်မငါးယောက်ထဲက တစ်ယောက်ပဲ ကျောင်းတက်ခဲ့ရတယ်။ အဲဒီအစ်မကလည်း ၂ တန်းမှာပဲ ကျောင်းထွက်ခဲ့ရတယ်လို့ ရှင်းပြတယ်။

အခု ခင်ခင်လှဟာ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာတိမ်းရှောင်သူတွေနေထိုင်ရာ စခန်းတစ်ခုရဲ့ ကျောင်းပြင်ပ မူလတန်းပညာရေးစင်တာ (NFPE) တစ်ခုမှာ တက်ရောက်နေပါတယ်။ ဒီစင်တာက ယူနီဆက်ရဲ့ မိတ်ဖက် Save the Children အဖွဲ့က စီမံဆောင်ရွက်နေတဲ့ စစ်တွေနဲ့ ပေါက်တောမြို့က စခန်းတွေ၊ ကျေးရွာတွေမှာရှိတဲ့ စင်တာပေါင်း ၁၆ ခုအနက်က တစ်ခုဖြစ်ပါတယ်။ NFPE တွေကို ဥရောပသမဂ္ဂ၊ ဒိန်းမတ်နိုင်ငံနဲ့ ယူနီဆက်တို့ရဲ့ အကူအညီနဲ့ ပညာရေးဝန်ကြီးဌာန Building on Quality Basic Education အစီအစဉ်မှ ပံ့ပိုးပေးထားပါတယ်။ ဒီစင်တာတွေက မူလတန်းကျောင်းတက်ခွင့်မရခဲ့တဲ့ ကလေးငယ်တွေအတွက် ပညာသင်ကြားနိုင်မယ့် အခွင့်အလမ်းရရှိစေသလို နှစ်နှစ်တာ အနီးကပ်အမြန်သင်ရိုးပြီးသွားတဲ့အခါမှာ အလယ်တန်းကျောင်းတွေမှာ တက်ရောက်နိုင်မယ့် အခွင့်အရေးတွေလည်း ရရှိစေမှာပါ။

UNICEF Myanmar/2019/Ruth Ayisi

ခင်ခင်လှက စင်တာကနေ သင်ကြားရေးပစ္စည်းတွေဖြစ်တဲ့ ဘောပင်၊ ခဲတံနဲ့ လေ့ကျင့်ခန်းစာအုပ်တွေ၊ မိုးသည်းသည်းမည်းမည်း ရွာတဲ့အခါ သုံးဖို့ ထီးနဲ့မိုးကာအင်္ကျီတွေ ရရှိခဲ့ပါတယ်။ ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ စစ်တွေနဲ့ ပေါက်တောမြို့က ကျောင်းသားပေါင်း ၈၀ဝ၀ နီးပါးအတွက် ယာယီစာသင်ခန်းတွေနဲ့ ကျောင်းပြင်ပ မူလတန်းပညာရေးစင်တာတွေမှာ သင်ကြားရေးအခွင့်အလမ်းတွေပေးနိုင်ဖို့ အစိုးရကို ပံ့ပိုးပေးလျက်ရှိပါတယ်။

ခင်ခင်လှဟာ ကျောင်းစာနဲ့ အိမ်မှုကိစ္စတွေကို နိုင်နင်းအောင်လုပ်ရပါတယ်။ သူက နေမထွက်ခင် မနက် ၅ နာရီကတည်းက ထပြီး စခန်းအနီးက ရေတွင်းမှာ မိသားစုသုံးဖို့ ရေသွားခပ်ရတယ်။ ကျောင်းဆင်းတဲ့အခါ အိမ်စာမလုပ်ခင် နောက်ထပ်ရေခပ်ရတယ်၊ သန့်ရှင်းရေးလုပ်ဖို့ကူညီရတယ်။ လျှပ်စစ်မီးမရှိတဲ့အတွက် ခင်ခင်လှက မမှောင်ခင်မှာ စာကိုပြီးအောင်လုပ်ရပါတယ်။

စင်တာက သူမရဲ့ဆရာဖြစ်တဲ့ ဦးဝူဘမောင်က ကလေးတွေကို ပညာသင်နိုင်မယ့်အခွင့်အလမ်းတစ်ခုပေးနိုင်တဲ့အတွက် သူ့အလုပ်ကို သဘောကျတယ်လို့ ဆိုပါတယ်။ “ကျွန်တော်က ကလေးတွေကိုချစ်တယ် သူတို့ကို ပညာတတ်စေချင်တယ်”လို့ စိတ်အားထက်ထက်သန်သန်နဲ့ ပြောပြတယ်။
လယ်သမားတစ်ဦးဖြစ်တဲ့ ဦးဝူဘမောင်က ၂၀၁၂ ခုနှစ်မှာ ပြည်တွင်းပဋိပက္ခတွေကြောင့် မိမိအိမ်ကိုစွန့်ပြီးထွက်ပြေးခဲ့ရတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ဖို့ လှေနဲ့နာရီပေါင်းများစွာကြာအောင် လာခဲ့ရတယ်လို့ သူကပြောပြတယ်။ “NFPE စင်တာတွေက နာမည်ကြီးတယ်ဆိုပေမဲ့ ကလေးတွေက အစိုးရကျောင်းတွေမှာတက်ဖို့ မျှော်လင့်နေကြတယ်။” “သူတို့လေးတွေက ကျောင်းဝတ်စုံ ဝတ်ချင်ကြတာ” လို့ ဦးဝူဘမောင်က အတိတ်ကိုပြန်စဉ်းစားမိပြီး မျက်ရည်ဝဲရင်းပြောပြတယ်။ ခဏနေတော့ သူပြန်တည်ငြိမ်သွားတယ်။ “ကျွန်တော့်မှာ မျှော်လင့်ချက်ရှိပြီ” လို့ပြောရင်း ပြီးခဲ့တဲ့စာသင်နှစ် (၂၀၁၈-၁၉) မှာ ကျောင်းသား ၁၆ ယောက်ထဲက ၁၃ ယောက်က အနီးနားက အစိုးရကျောင်းမှာ ကျောင်းတက်ခဲ့ကြတယ်လို့ ဖြည့်စွက်ပြောပြပါတယ်။

”ခင်ခင်လှကလည်း ဆက်ပြီးပညာသင်ချင်ပါတယ်။ သူက စင်တာမှာနောက်ဆုံးနှစ်ပါ။ ဒါပေမဲ့ သူက “ကျွန်မတို့က အရမ်းဆင်းရဲတာ” လို့ ပြောပြတယ်။ သူကစရိတ်တွေကုန်မှာကို သိတယ်။ အထူးသဖြင့် ကျောင်းဝတ်စုံနဲ့ ကျောင်းပစ္စည်းတွေအတွက်ပေါ့။ ဒါကြောင့်ခင်ခင်လှက ဒီစီမံချက်က သင်ပေးနေတဲ့ သက်မွေးပညာ အပ်ချုပ်သင်တန်းကို ဆက်တက်ဖို့ ဆုံးဖြတ်ထားပါတယ်။ “ကျွန်မ အင်္ကျီချုပ်တာသင်မယ်၊ အပ်ချုပ်လုပ်ငန်းတစ်ခုထူထောင်ဖို့ ကျွန်မအခုသင်ထားတဲ့ပညာကို အသုံးချသွားမယ်” လို့ ဆိုပါတယ်။

No comments:

Post a Comment