Wednesday, December 4, 2019

ရန်ကုန်မြို့ပြရှိ ပြင်းထန်အာဟာရချို့တဲ့ဝေဒနာခံစားနေရတဲ့ ကလေးငယ်များဆီရောက်ရှိနိုင်မယ့် အခွင့်အရေးတစ်ခု


ရေးသားသူ - နေထွန်းကျော်နှင့် Elin Nilsson ၊ ယူနီဆက် ကျန်းမာရေးနှင့်အာဟာရကဏ္ဍ၊ မြန်မာ

UNICEF Myanmar/2019/Nyan Zay Htet

ပေါင်မပြည့်ဘဲမွေးဖွားလာခဲ့တဲ့ ခန့်သူကျော်လေးဟာ မကြာခဏဖျားလိုက်၊ ဝမ်းသွားလိုက်၊ အန်လိုက်ဖြစ်တတ်တဲ့ ချူချာတဲ့ ကလေးငယ်တစ်ဦးဖြစ်ခဲ့ပါတယ်။ မိဘတွေဖြစ်တဲ့ ဒေါ်မြတ်သူဇာနဲ့ ဦးနိုင်ရဲဦးတို့ဟာ သူ့ရဲ့ရောဂါအမျိုးမျိုးအတွက် ဒေသန္တရ ကျန်းမာရေးဌာနကို မကြာခဏသွားပြရလေ့ရှိပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က အခြေခံကျန်းမာရေးဌာနမှာ အလုပ်လုပ်နေတဲ့ သားဖွားဆရာမ ဒေါ်မိမိထွေးက ခန့်သူကျော်နဲ့သူ့မိဘတွေကို အဲဒီအချိန်တုန်းက ကူညီပေးခဲ့သူဖြစ်ပါတယ်။ “ကျွန်မ ခန့်သူကျော်ကို ပထမဆုံးစတွေ့တဲ့အချိန်မှာ ကလေးက တော်တော်လေးပိန်တယ်။ အမြဲဖျားတယ်။ ဝမ်းသွားပြီးအန်တယ်။ နောက်ဆုံး သူကဆိုးဆိုးရွားရွားကို အားနည်းလာခဲ့တယ်” လို့ သားဖွားဆရာမက ရှင်းပြခဲ့တယ်။ “သူနဲ့ရွယ်တူကလေးတွေနဲ့စာရင် သူ့ရဲ့ကြွက်သားဖွံ့ဖြိုးမှုက နှေးနေခဲ့တယ်” လို့လည်း ဖြည့်စွက်ပြောပြပါတယ်။ အသက် ၃၂ နှစ်အရွယ်မိခင်ဖြစ်သူ ဒေါ်မြတ်သူဇာက သားကိုအတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်ခဲ့ပေမဲ့လည်း ခန့်သူကျော် ကိုးလသားအရွယ်မှာတော့ ပြင်းထန်အာဟာရချို့တဲ့ရောဂါ (SAM) ခံစားနေရတာကို သိရှိလာခဲ့ပါတယ်။ 


၂၀၁၈ ခုနှစ် နိုဝင်ဘာလကစပြီး ယူနီဆက်ရဲ့ နည်းပညာပံ့ပိုးမှု၊ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာအစီအစဉ်က (USAID Food for Peace) ထည့်ဝင်လှူဒါန်းမှုတွေနဲ့အတူ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြင်းထန်အာဟာရချို့တဲ့ဝေဒနာ (SAM)၊ အလယ်အလတ် အာဟာရချို့တဲ့ဝေဒနာ (MAM)၊ အာဟာရချို့တဲ့နိုင်ခြေရှိတဲ့ အသက် ၆ - ၅၉ လအရွယ် ကလေးငယ်တွေဆီ ရောက်ရှိနိုင်ဖို့ RUTF (အသင့်စား ကုထုံးအာဟာရ) နဲ့အတူ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုကိုသုံးပြီး ပြင်းထန်အာဟာရချို့တဲ့ဝေဒနာ ထိန်းချုပ်ကုသပုံတစ်ခုကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆက်ပြီးဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အကန့်အသတ်တွေရှိနေတဲ့အတွက် ရခိုင်ပြည်နယ်မှာ RUTF ကို လက်တွေ့အသုံးချနိုင်မှု လျော့နည်းခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ RUTF ရရှိခဲ့ပါတယ်။ ဒီအခြေအနေကြောင့် အစိုးရက နိုင်ငံရဲ့တခြားဒေသတွေက ပြင်းထန်အာဟာရချို့တဲ့မှုတွေကို စီမံခန့်ခွဲဖို့အတွက် အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ကျန်းမာရေးစစ်တမ်းအရ ရခိုင်ပြည်နယ်ပြီးလျှင် GAM နှုန်းဒုတိယအမြင့်ဆုံးဖြစ်တဲ့ ရန်ကုန်မြို့ပြဒေသလည်း ပါဝင်ပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့နယ် ၁၇ ခုက အခြေခံကျန်းမာရေးဝန်ထမ်းတွေနဲ့ ရပ်ရွာထဲကစေတနာ့ဝန်ထမ်းတွေကို လက်မောင်းလုံးပတ်တိုင်းတာခြင်း (MUAC) စံနှုန်းကိုသုံးပြီး ကလေးငယ်တွေကို စစ်ဆေးကြည့်ရှုဖို့နဲ့ အစီအစဉ်ထဲ ပါဝင်စေဖို့အတွက် သင်တန်းတွေပေးထားပြီးပြီဖြစ်ပါတယ်။

ဒီနည်းလမ်းက ခန့်သူကျော်ရဲ့ အာဟာရချို့တဲ့မှုအနေအထားကို မှတ်ထားနိုင်အောင် ကူညီပေးပြီး အချိန်တိုအတွင်းမှာပဲ ကလေးရဲ့ အားနည်းနေတဲ့ ကျန်းမာရေးကို အကောင်းဘက်ကို ပြောင်းလဲလာစေခဲ့ပါတယ်။


ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ အခြေခံကျန်းမာရေးဌာနမှ သားဖွားဆရာမတစ်ဦးက မိခင်ဖြစ်သူ ဒေါ်မြတ်သူဇာအား ခန့်သူကျော်ကို လက်မောင်းလုံးပတ် (MUAC) မတိုင်းမီ ရှင်းလင်းပြောပြစဉ်။
©UNICEF Myanmar/2019/Nyan Zay Htet

မိခင်က သားဖွားဆရာမရဲ့ အကြံပြုချက်အတိုင်း ခန့်သူကျော်ကို နေ့တိုင်း အသင့်စားကုထုံးအာဟာရ (RUTF) သုံးထုပ်ကျွေးခဲ့ပါတယ်။ သူက လျင်မြန်စွာပဲ ကိုယ်အလေးချိန်တိုးလာခဲ့ပါတယ်။ အစီအစဉ်ထဲစပြီးဝင်လာချိန် ကိုးလသားအရွယ်မှာ ခန့်သူကျော်ရဲ့ လက်မောင်းလုံးပတ်က ၉ စင်တီမီတာပဲရှိပါတယ်။ ၁၀ သားအရွယ်မှာတော့ ၁၁ စင်တီမီတာရှိလာခဲ့တယ်။ တစ်နှစ်သားအရွယ်ရောက်ချိန်မှာတော့ သူ့ရဲ့ လက်မောင်းလုံးပတ်ဟာ ပုံမှန်အာဟာရပြည့်ဝတဲ့အခြေအနေကိုပြတဲ့ ‘အစိမ်းရောင်ဇုံ’ထဲ ရောက်ရှိခဲ့ပါတယ်။

IYCF နှစ်သိမ့်ဆွေးနွေးမှုနဲ့ RUTF ကုထုံးကျေးဇူးကြောင့် ခန့်သူကျော်ရဲ့ လက်မောင်းလုံးပတ် (MUAC) အတိုင်းအတာဟာ အခုဆိုရင် ပုံမှန်အာဟာရပြည့်ဝတဲ့ အခြေအနေကိုပြတဲ့ ‘အစိမ်းရောင်ဇုံ’ထဲ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့မှာတော့ ခန့်သူကျော်ဟာ သန်မာတက်ကြွပြီး မှတ်မိ သတိထားတတ်နေပါပြီ။ ကစားလည်း ကစားတတ်နေပြီဖြစ်ပါတယ်။ သူကလမ်းလျှောက်တတ်လာပြီဖြစ်သလို စကားပြောတဲ့၊ ဆက်သွယ်တဲ့ အရည်အသွေးတွေလည်း ကောင်းကောင်းကို ဖွံ့ဖြိုးလာနေပါပြီ။ ရောဂါဝေဒနာတွေ လုံးဝကင်းစင်သွားပြီဖြစ်တဲ့အတွက် သူက တခြားကလေးတွေလိုပဲ ဖွံ့ဖြိုးလာပြီး သင်ယူနေပြီဖြစ်ပါတယ်။ သူက ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်နေတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ မိခင် ဒေါ်မြတ်သူဇာက သူ့အာဟာရအတွက် တိုးပြီးကျွေးမွေးလျက်ရှိသလို တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ဂရုစိုက်ပါတယ်။ သားကို မိခင်နို့ဆက်လက်တိုက်ကျွေးနေပြီး တခြားစားစရာတွေကိုလည်း တတ်နိုင်သမျှ မကြာခဏကျွေးပါတယ်။ သားဖြစ်သူက အခုပိုပြီးကောင်းမွန်လာနေပြီဖြစ်တာကြောင့် မိခင်ဖြစ်သူအတွက် စိတ်သက်သာရာရစရာပါ။ မိသားစုကလည်း ကလေးရဲ့ကျန်းမာရေးအတွက် အမြဲပူပင်နေရတာတွေ မရှိတော့ဘဲ ဆေးကုသစရိတ်တွေလည်း အများကြီးသက်သာသွားပြီဖြစ်ပါတယ်။

ရန်ကုန်မြို့ရှိ ပြင်းထန်အာဟာရချို့တဲ့ကလေးငယ်များအတွက် RUTF ကုထုံး၊ မွေးကင်းစနဲ့ ကလေးငယ်လေးတွေအတွက် အစာကျွေးမွေးပုံအလေ့အထတွေအကြောင်း မိခင်တစ်ဦးအား ရှင်းလင်းပြောပြစဉ်။ 
©UNICEF Myanmar/2019/Nyan Zay Htet
ပြင်းထန်အာဟာရချို့တဲ့ဝေဒနာကို RUTF နဲ့ကုသခြင်းဟာ ခန့်သူကျော်လေးလို ဖြစ်ရပ်တွေကို ခွဲခြားသိရှိဖို့အတွက် အစမှတ်ဖြစ်ပေမဲ့ ဒီအစီအစဉ်ကြောင့် မိခင်ဖြစ်သူဟာ ရေရှည်မှာ ကလေး ကျန်းကျန်းမာမာ ဖွံ့ဖြိုးတိုးတက်လာအောင် ဆက်ပြီးဂရုစိုက်ပေးရမယ့် အစာကျွေးမွေးပုံ၊ တစ်ကိုယ်ရေ ကျန်းမာရေး၊ စောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ အကြံဉာဏ်တွေနဲ့ အလေ့အထတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ ခန့်သူကျော်လို အောင်မြင်တဲ့နမူတွေဟာ မိခင်တွေကို မိမိတို့ကလေးငယ်တွေကို ဒေသန္တရကျန်းမာရေးဌာနတွေဆီ ခေါ်လာပြီး ဖွံ့ဖြိုးတိုးတက်မှုကို ပုံမှန်စောင့်ကြည့်စစ်ဆေးဖို့၊ အာဟာရအကြောင်း ဆွေးနွေးတိုင်ပင်ဖို့ ပိုပြီးအားပေးနိုင်သလို တခြားသူတွေကိုလည်း ဒီလိုမျိုးတွေ လုပ်ဆောင်ဖို့ ပိုပြီးတိုက်တွန်းလာနိုင်မှာ ဖြစ်ပါတယ်။

သားဖွားဆရာမ ဒေါ်မိမိထွေးက သိပ်ကိုရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတွေကိုသုံးပြီး ကလေးတွေ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာတာကို မြင်ရလို့ ဝမ်းသာကြည်နူးနေပါတယ်။ သူနဲ့လုပ်ဖော်ကိုင်ဖက်တွေက ပြင်းထန်အာဟာရချို့တဲ့ဝေဒနာ ကုသဖို့ RUTF ကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့တဲ့ ဒီလိုအတွေ့အကြုံကောင်းတွေကြောင့် အာဟာရနဲ့ပတ်သက်တဲ့ အကြံဉာဏ်တွေ၊ စောင့်ရှောက်မှုတွေပေးဖို့ ပိုပြီးယုံကြည်မှုရှိလာကြတယ်လို့ ဆိုပါတယ်။ သူတို့အတွက် သိပ်ကို ကျေနပ်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။

အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီရဲ့ ငွေကြေးအပြင် အလားတူထည့်ဝင်လှူဒါန်းမှုတွေနဲ့အတူ ယူနီဆက်အဖွဲ့ကြီးက ၂၀၁၉ ခုနှစ်အကုန်ပိုင်းမှာ စတင်ခဲ့တဲ့ နိုင်ငံအဆင့်လုပ်ထုံးလုပ်နည်းနဲ့ လမ်းညွှန်ချက်တွေအရ ရန်ကုန်မြို့မှာ လတ်တလော အာဟာရချို့တဲ့ ဘက်စုံကုသစောင့်ရှောက်ခြင်း (IMAM) အစီအစဉ်ကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ရာမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို နည်းပညာအကူအညီများ ဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

No comments:

Post a Comment