Thursday, January 30, 2020

ရပ်ရွာမှ ပူးပေါင်းပါဝင်တဲ့အတွက် ကာကွယ်ဆေးထိုးနှံရာမှာ အောင်မြင်မှုရရှိ

ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ အစုလိုက်ကာကွယ်ဆေးထိုးနှံရေးစီမံချက်
Dr. Monn

“မြို့နယ်အဆင့်ထောက်ခံအားပေးမှုတွေက ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါ အစုလိုက်ကာကွယ်ဆေးထိုးနှံရာမှာ အောင်မြင်မှုရဖို့ အဓိကကျတဲ့အချက်ဖြစ်ပါတယ်”လို့ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ လက်ထောက် ပြည်သူ့ကျန်းမာရေးအရာရှိ ဒေါက်တာစိုးသက်က ရှင်းပြခဲ့ပါတယ်။

ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါ အစုလိုက်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းမှာ သုံးရက်ကြာပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၂၃၄ မြို့နယ်မှာ ဆောင်ရွက်ခဲ့ကြပါတယ်။ ယခုအခေါက်ကတော့ ပထမအဆင့်ဖြစ်တဲ့ မြို့နယ်ပေါင်း ၉၆ မြို့နယ်ကို လွှမ်းခြုံခဲ့တဲ့ အောက်တိုဘာလနောက်ပိုင်းမှာ ပြုလုပ်တာဖြစ်ပါတယ်။ ယခုအခါ ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းမှာ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ မြို့နယ်စလုံးသို့ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

ကျောင်းအုပ်ဆရာ/ဆရာမကြီးများရဲ့ ထိရောက်တဲ့ ထောက်ခံအားပေးမှုတွေနဲ့ မြောင်းမြမြို့နယ် ၉ ရပ်ကွက်ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြတ်သာက ကာကွယ်ဆေးထိုးနှံရေးစုရပ်တစ်ခုအဖြစ် သူဌေးကုန်း မူလတန်း ကျောင်းက စာသင်ခန်းတွေကို အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ပုံမှန်စာသင်ခန်းတွေကတော့ အနှောင့်အယှက်မရှိဘဲ ဆက်လက်သင်ကြားခဲ့ကြပါတယ်။


©UNICEF Myanmar/2019/Kaung Htet
ကာကွယ်ဆေးထိုးနှံမယ့်နေ့မတိုင်မီမှာ ဦးမြတ်သာက ဒေသခံလုပ်အားပေးတွေကို စုစည်းပြီး ပိုစတာတွေ တပ်ဆင်ခြင်း၊ အများပြည်သူသိရှိအောင် ကြေညာခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ သူက အသက် ကိုးလကနေ ငါးနှစ်ခွဲကြား ကလေးငယ်ရှိတဲ့အိမ်တိုင်းကို ကာကွယ်ဆေးထိုးနှံဖို့ ဖိတ်စာကတ်တွေပေးပို့ခဲ့ပါတယ်။ စာရင်းရှိ ကလေးငယ် ၁၃၅ ဦးလုံး လာရောက်ထိုးနှံခဲ့ကြတဲ့အပြင် အနီးအနားရပ်ကွက်က ကလေးငယ်တွေကလည်း ကာကွယ်ဆေးလာရောက်ထိုးနှံကြတဲ့အတွက် ကာကွယ်ဆေးထိုးနှံသူအရေအတွက်က မျှော်မှန်းထားတာထက် ပိုများခဲ့ပါတယ်။ ဒေသခံလုပ်ငန်းတွေက ကာကွယ်ဆေးလာရောက်ထိုးနှံတဲ့ ကလေးငယ်တိုင်းကို ကြက်ဥပြုတ် တစ်လုံးစီနဲ့ မုန့်တွေဝေပေးခဲ့ကြပါတယ်။



“ကာကွယ်ဆေးထိုးခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ ရောဂါအန္တရာယ်တွေကို လော်စပီကာတွေသုံးပြီး အသိပေးခဲ့တဲ့အတွက် ကာကွယ်ဆေးထိုးလုပ်ငန်းကို ပိုပြီးအောင်မြင်အောင် အထောက်အကူပေးခဲ့ပါတယ်”လို့ ဦးမြတ်သာက ဆိုပါတယ်။

©UNICEF Myanmar/2019/Kaung Htet

ကကရန်ရွာမှ ငါးဖမ်းလုပ်သားမိသားစု
လက်ပွတ္တာမြို့နယ်မှာ အိမ်ထောင်စုတစ်ထောင်ကျော်ရှိပေမဲ့ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှာ ဝန်ထမ်း တစ်ဦးပဲရှိပါတယ်။ ကကရန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ကာကွယ်ဆေးထိုးနှံရာစုရပ်မှာ လာရောက် ကူညီပေးဖို့ ဒေသခံစေတနာ့ဝန်ထမ်းတွေကို အကူအညီတောင်းခံခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းတွေကလည်း ကာကွယ်ဆေးထိုးစုရပ်ကို ရောက်ရှိမလာတဲ့ကလေးငယ်တွေကို အိမ်တိုင်ရာရောက် သွားရောက် ခေါ်ဆောင်ခဲ့ကြပါတယ်။

ငါးဖမ်းလုပ်သားမိသားစုတွေက အလှမ်းဝေးလှတဲ့နေရာတွေမှာ အချိန်ကြာကြာ ငါးဖမ်းထွက်လေ့ရှိတဲ့အတွက် သူတို့ကို ရှာရတာခက်ခဲတတ်ပါတယ်။ ဒီအခက်အခဲကို ကျော်လွှားဖို့အတွက် ကျေးရွာခေါင်းဆောင်က ငါးဖမ်းလုပ်သားတွေကို ကြိုတင်ဆက်သွယ်ပြီး ကာကွယ်ဆေးထိုးချိန်အမီ ကလေးငယ်တွေကို ရွာသို့ပြန်ခေါ်လာဖု့ိလိုအပ်ကြောင်း အသိပေးထားခဲ့ပါတယ်။ ဦးဇော်ဝင်းရဲ့ သုံးနှစ်အရွယ်သားငယ်လေးကလည်း လက်ပွတ္တာမြို့နယ် ကကရန်ကျေးရွာရဲ့ ကာကွယ်ဆေးထိုးနှံရေးစီမံချက်မှာ ကာကွယ်ဆေးထိုးနှံခဲ့တဲ့ကလေးငယ် ၁၀၁ ဦးထဲမှာ ပါဝင်ပါတယ်။

ကိုသိန်းအေးနဲ့ မအိအိမိုးတို့ရဲ့ သားသမီးငါးယောက်မှာ သုံးယောက်က အဘွားဖြစ်သူနဲ့အတူ ကကရန်ရွာမှာနေထိုင်ပြီး ကျောင်းတက်ကြပါတယ်။ အငယ်ဆုံးသားနှစ်ယောက်ဖြစ်တဲ့ ၂၂ လသားအရွယ် ကောင်းခန့်လွင်နဲ့ ၃ နှစ်သားအရွယ် မိုးကိုကိုတို့က မိဘတွေနဲ့အတူ ငါးဖမ်းရာကို လိုက်သွားကြပေမဲ့ ကာကွယ်ဆေးထိုးနှံဖို့အတွက် လက်ပွတ္တာမြို့နယ်ကို အချိန်မီပြန်ရောက်ခဲ့ကြပါတယ်။

ပုံမှန်ကာကွယ်ဆေးထိုးနှံဖို့ အမြဲပြန်မလာနိုင်ခဲ့တဲ့အတွက် သူတို့သားသမီးတွေက ဝက်သက်နဲ့ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံထားပြီးသားဟုတ်မဟုတ် မသေချာဘူးလို့ မိဘတွေက ပြောပြပါတယ်။

©UNICEF Myanmar/2019/Kaung Htet

အရပ်လက်သည်တစ်ဦးဖြစ်တဲ့ အသက် ၆၂ နှစ်အရွယ် ဒေါ်အေးမြင့်ကတော့ လက်ပွတ္တာမြို့နယ် ကျောက်မှော် ကျေးရွာအုပ်စု၊ အုတ်ချောင်းရွာက ကာကွယ်ဆေးထိုးစီမံချက်မှာ အဓိကလုပ်အားပေးသူတွေထဲက တစ်ဦးဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုံးမုန်တိုင်းတိုက်ခတ်ချိန်မှာ ခင်ပွန်းသည်အပါအဝင် မိသားစုဝင် ၁၁ ဦးကို ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း ဒေါ်အေးမြင့်က မာလင်စီမံချက် (Merlin project)မှာ အရန်သားဖွားဆရာမသင်တန်း တက်ရောက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများနဲ့ ကျေးရွာ ဖွားသေစာရင်းအချက်အလက် ကောက်ယူရေးတို့မှာ စတင်ကူညီပေးခဲ့ပါတယ်။ ဒီနှစ်တွေအတွင်းမှာ ကျေးရွာသူကျေးရွာသားတွေရဲ့ ကျန်းမာရေးကို ကူညီစောင့်ရှောက် ပေးခဲ့တဲ့အတွက် ရွာသူရွာသားတွေရဲ့ ယုံကြည်မှုရရှိလာခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ်ကတည်းက လက်သည်တစ်ဦးအဖြစ် စတင်ဆောင်ရွက်ခဲ့တဲ့ ဒေါ်အေးမြင့်က အရင်ကဆို ဘေးထွက်ဆိုးကျိုးတွေဖြစ်မှာစိုးတဲ့အတွက် ကလေးတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့ မိဘတွေကိုနားလည်အောင် ပြောရတာ သိပ်ခက်ကြောင်း ပြောပြပါတယ်။ တချို့လူတွေက ကာကွယ်ဆေးမထိုးရအောင် ပုန်းနေခဲ့ကြတယ်။ ဒါပေမဲ့ အခြေအနေတွေက ပြောင်းလဲလာခဲ့ပါပြီ။ ဒီနေ့အချိန်မှာတော့ မိဘတွေကို ပူးပေါင်းဆောင်ရွက်လာအောင် ဖိတ်ခေါ်ဖို့ သိပ်အပင်ပန်းခံစရာမလိုတော့ဘူးလို့ ပြောပြပါတယ်။ သူက ရပ်ရွာလုပ်အားပေးတွေကို စုစည်းဖို့နဲ့ ကျေးရွာခြောက်ရွာက ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးမယ့် စီမံချက်မှာ ဒေသခံသားဖွားဆရာမနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့ပါတယ်။ မိမိတို့ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးဖို့ မိဘတွေကို နားလည်လာအောင် အသိပေးတဲ့နေရာမှာ မီဒီယာတွေက အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်တယ်လို့ ဆိုပါတယ်။

©UNICEF Myanmar/2019/Kaung Htet

အသက် ၄၇ နှစ်အရွယ် ရပ်ရွာကျန်းမာရေးဝန်ထမ်း ဒေါ်ဝင်းဝင်းမာ
လက်ပွတ္တာမြို့နယ်၊ ကန်ဘဲ့ကျေးရွာအုပ်စု၊ စက်ကြည်စုရွာက အသက် ၄၇ နှစ်အရွယ် ရပ်ရွာကျန်းမာရေး ဝန်ထမ်းဖြစ်သူ ဒေါ်ဝင်းဝင်းမာဟာ ၂၀၀၁ ခုနှစ်ကစတင်ပြီး ကာကွယ်ဆေးထိုးနှံရေး စီမံချက်တွေမှာ အဓိကလုပ်အားပေးနေသူတစ်ဦးဖြစ်ပါတယ်။ သူမဟာ ကာကွယ်ဆေးထိုးနှံချိန်အတွင်းမှာ ရွာက မိဘတွေနဲ့ ကလေးတွေကို လာရောက်ဖို့ဖိတ်ခေါ်ပေးတယ်။ ပုံမှန် ကာကွယ်ဆေးထိုးနှံတဲ့နေ့တွေမှာ ဒေါ်ဝင်းဝင်းမာရဲ့ အိမ်ကို ကာကွယ်ဆေးထိုးစုရပ်အဖြစ် အသုံးပြုကြပါတယ်။ တိုးချဲ့ ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံရေးစီမံချက်အတွင်းမှာတော့ ကာကွယ်ဆေးထိုးနှံမှုတွေကို ကျေးရွာဓမ္မာရုံတစ်ခုမှာ ပြုလုပ်ခဲ့ပါတယ်။

©UNICEF Myanmar/2019/Kaung Htet

မအေးအေးသူနဲ့သမီးငယ်
အသက် ၃၆ နှစ်အရွယ် မအေးအေးသူဟာ လက်ပွတ္တာမြို့နယ် ဂုံညင်းတန်းကျေးရွာအုပ်စု လိပ်သစ်ရွာက ကာကွယ်ဆေးထိုးနှံရေး စီမံချက်မှာ အဓိကလုပ်အားပေးတစ်ဦးဖြစ်ပါတယ်။ သူမဟာ ၂၀၁၀ ခုနှစ်ကစပြီး အရန်သားဖွားဆရာမတစ်ဦးဖြစ်ခဲ့ပါတယ်။ ယခုစီမံချက်အတွင်းမှာ သူမရဲ့ လေးနှစ်အရွယ်သမီးဖြစ်သူ ခင်မြတ်နိုးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်။

©UNICEF Myanmar/2019/Kaung Htet

ကလေးငယ်တစ်ဦးရဲ့လက်သန်းကို အမှတ်အသားလုပ်ပေးနေသော လိပ်သစ်ရွာခေါင်းဆောင် ဒေါ်နှင်းဆီ
အိမ်ထောင်စု ၁၀၀ ခန့်ရှိတဲ့ လိပ်သစ်ရွာရဲ့ ခေါင်းဆောင်ဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်နှင်းဆီက ကာကွယ်ဆေးထိုးနှံပြီးတဲ့ ကလေးငယ်တွေကို ကူညီပြီး အမှတ်အသားလုပ်ပေးနေပါတယ်။

©UNICEF Myanmar/2019/Kaung Htet

အသက် ၂၃ နှစ်အရွယ် ဓမ္မဆရာမ မနှင်းနှင်းမိုးဦး
လိပ်သစ်ရွာက အသက် ၂၃ နှစ်အရွယ် ဓမ္မဆရာမ မနှင်းနှင်းမိုးဦးက နိုင်ငံတစ်ဝန်း ဝက်သက်ရောဂါနဲ့ ဂျိုက်သိုး ကာကွယ်ဆေးထိုးနှံရေး စီမံချက်အတွင်း အချက်အလက်ကောက်ယူရေးကို ကူညီပေးလျက်ရှိပါတယ်။

©UNICEF Myanmar/2019/Kaung Htet

လိပ်သစ်ကျေးရွာရှိ ယခင်သိမ်တော်ကြီးမှ ဆရာတော်ဦးတေဇ
ကျောင်းဖွင့်ရက်တွေမှာ ကျေးရွာအလယ်တန်းကျောင်းကို ကာကွယ်ဆေးထိုးစုရပ်အဖြစ် အသုံးမပြုနိုင်တဲ့အတွက် ဆရာတော်ဦးတေဇက ယခင်သိမ်တော်ကြီးကို လိပ်သစ်ရွာအတွက် ကာကွယ်ဆေးထိုးနှံရေး စုရပ်အဖြစ်အသုံးပြုဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ 

©UNICEF Myanmar/2019/Kaung Htet

မြောင်းမြမြို့နယ် ကာကွယ်ဆေးထိုးစုရပ်ရှိ နော်ချာရီဆေးမူးနဲ့ သူမရဲ့မိဘများ
မြောင်းမြမြို့နယ် ကုန်းသာကျေးရွာအုပ်စု ရေတွင်းရေကန်ကျေးရွာမှာ ကရင်နှစ်ခြင်းအစည်းအရုံးဝင်းကို ကာကွယ်ဆေးထိုးစုရပ်အဖြစ် အသုံးပြုခဲ့ပါတယ်။

စောဘူသမ္မာကျမ်းစာသင်ကျောင်းက ဆရာများဖြစ်တဲ့ စောထူးခု အသက် ၄၁ နှစ်နဲ့ နော်လူနာမူး ၃၆ နှစ်တို့ဟာ ဘုရားကျောင်းကဖွင့်လှစ်တဲ့ သမီးငယ်ရဲ့မူကြိုကျောင်းက ကာကွယ်ဆေးထိုးနှံဖို့ ဖိတ်စာရရှိတဲ့အချိန်မှာ သူတို့ရဲ့ သမီးငယ် နော်ချာရီဆေးမူးကို ကာကွယ်ဆေးထိုးနှံဖို့ ခေါ်ဆောင်လာခဲ့ပါတယ်။ 

©UNICEF Myanmar/2019/Kaung Htet

ဦးမင်းဆွေနဲ့ သူ့ရဲ့တစ်နှစ်အရွယ်သားငယ် ဘုန်းမြမင်း
ကျေးရွာခေါင်းဆောင်ထံက ကာကွယ်ဆေးထိုးနှံဖို့ ဖိတ်စာကတ်ရရှိပြီးနောက်မှာ အထက်တန်းပြဆရာ ဦးမင်းဆွေက တစ်နှစ်အရွယ်သားငယ် ဘုန်းမြမင်းကို ကာကွယ်ဆေးထိုးနှံဖို့အတွက် ရေတွင်းရေကန်ကျေးရွာရှိ ကာကွယ်ဆေးထိုးစုရပ်ကို ခေါ်ဆောင်လာခဲ့ပါတယ်။

“ကာကွယ်ဆေးထိုးတဲ့အတွက် ရရှိမယ့် အကျိုးကျေးဇူးတွေက အများကြီးပါ။ ကလေး တစ်သောင်း ဒါမှမဟုတ် နှစ်သောင်းမှာမှ တစ်ယောက် နှစ်ယောက်ပဲ အသေးစား ဘေးထွက်ဆိုးကျိုးတွေ ခံစားရတတ်တာပါ။ ဒါကြောင့်ကျွန်တော့်သားကို ကာကွယ်ဆေးထိုးဖို့ သေချာပေါက်ခေါ်လာခဲ့တာပါ”လို့ တာဝန်သိတဲ့ အသက် ၃၁ နှစ်အရွယ် ဖခင်ဖြစ်သူက ပြောခဲ့ပါတယ်။













No comments:

Post a Comment