Tuesday, August 27, 2019

ကျောင်းသားများ၏ စွမ်းဆောင်နိုင်မှု အလားအလာကို ပြန်လည်ဖော်ဆောင်ပေးမည့် ကျောင်းတွင်းအသင်းများ

ရေးသားသူ - Ruth Ayisi
ဓာတ်ပုံ - Nyan Zay Htet

မည်သို့ပင် အခက်အခဲများ ရှိပါစေ ကျောင်းဆက်နေရန် ဆုံးဖြတ်လိုက်သည့် ဆယ်ကျော်သက်အရွယ်ကလေးနှစ်ဦး 


ကျောင်းသူကျောင်းသားလေးတွေ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ အချိန်မှာ ကျောင်းဆိုသည့် အရာသည် အထူးသဖြင့် ချို့တဲ့သည့် မိသားစုမှလာသည့်သူများအတွက်  ဝန်ထုပ်ဝန်ပိုးတစ်ခုကဲ့သို့ ဖြစ်လာတတ်ပါသည်။  မြန်မာနိုင်ငံရှိ ဆယ်ကျော်သက်အရွယ် ကလေးငယ် ၁၀ ယောက်လျှင် တစ်ယောက်သည် ကျောင်းမနေရသည့် ကလေးဖြစ်တတ်ပြီး အထူးသဖြင့် မိန်းကလေးများထက်  ယောကျာ်းလေးများသည် ကျောင်းထွက်ရသည့် နှုန်း ပိုများတတ်ပါသည် [1] ။  


ကျောင်းနေအရွယ်ကလေးများ ကျောင်းဆက်တက်နိုင်စေရန်အတွက် ကျောင်းနေပျော်ဖို့ လိုအပ်ပါသည်။ ထိုကြောင့် ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် H&M ဖောင်ဒေးရှင်း ၏ ထောက်ပံ့ပေးမှုဖြင့် ယူနီဆက်(မြန်မာ)မှ နည်းပညာပိုင်းပံ့ပိုးပေးလျှက် အတူအကွ လက်တွဲ၍ အကောင်အထည်ဖော်နေသည့် ကျောင်းတွင်းကလပ် အသင်းများ ဖွဲ့စည်းဆောင်ရွက်စေသည့် အစီအစဉ်လုပ်ရခြင်း၏  နောက်ကွယ်မှ အကြောင်းအရင်း တစ်ခုသည် ကျောင်းသူ၊ကျောင်းသားများ ကျောင်းနေပျော်စေရန်ဖြစ်ပါသည်။ 

[1] Myanmar Report on Out-of-School Children Initiative (OOSCI), 2018

စိတ်ဝင်စားစရာ ပညာတစ်ခု အသစ်လေ့လာခွင့်ရလာသည့် ကျောင်းသူလေး ဇူဇူးရတီတိုး 


ဇူဇူးရတီတိုးသည် အသက် ၁၃ နှစ် ရှိသည့် ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ရှိ မြို့ဆင်ခြေဖုံးတွင် ဖွင့်ထားသည့် သူမတို့ မိသားစု၏ လက်ဖက်ရည်ဆိုင်လေးတွင် လက်ဖက်ရည်လာသောက်သည့် သူများအတွက် စားပွဲထိုးပေးလျှက်ရှိပါသည်။ မြေကြီးပေါ်တွင် ခွေးခြေခုံလေးများချလျှက် လက်ဖက်ရည်ဆိုင်လေးကို ခင်းထားပါသည်။ အခြား ဆိုင်ထိုင်ဧည့်သည်များများစားစားတော့မရှိပေ။  

သူမ ၏ မိခင် ဒေါ်ခင်အေးယုသည် ဒီလက်ဖက်ရည်ဆိုင်လေးကို အငှားဖြင့် လုပ်ကိုင်နေပြီး ဈေးရောင်း သိပ်မကောင်း သည့်အကြောင်း ရင်ဖွင့်ပြောပြပါသည်။ သူမသည် ဇူဇူးရတီတိုး အပါအဝင် အသက် (၆) နှစ်အရွယ်သားလေးနှင့် ကျောင်းထွက်လိုက်ရသည့် အသက် (၂၁)နှစ် အရွယ်သမီးကြီးတစ်ယောက် စုစုပေါင်း ကလေး (၃)ယောက်အတွက် ရုန်းကန်၍ ရှာဖွေကျွေးမွေးနေသည့် မိခင်တစ်ယောက်ဖြစ်ပါသည်။


သူတို့ မိသားစုလေးသည် လက်ဖက်ရည်ဆိုင်နှင့် တွဲ၍ ဆောက်ထားသည့်နေရာတွင်ပင် နေထိုင်ကြပါသည်။ ထိုတဲလေးတွင် အိပ်ယာကိုမြေကြီးနှင့် လွတ်စေရန်အတွက် သစ်သားကုတင်တစ်ခုဖြင့် ခုထားရပါသည်။ ယခု အခါ မိုးတွင်းကာလ ဝင်လာပြီဖြစ်သည့်အတွက် သည်းသည်းမည်းမည်း ရွာချလာတော့မည့် မိုးဒဏ်လေဒဏ်မှ အဆိုပါ တဲလေးသည် အနည်းငယ်မျှသာ ကာကွယ်ပေးနိုင်ပါလိမ့်မည်။  


သို့သော် ဒေါ်ခင်အေးယု အဓိက စိုးရိမ်နေသည့် အရာမှာ ဇူဇူးရတီတိုးလေး၏ ကျောင်းကိစ္စပင်ဖြစ်ပါသည်။ “သူက အပြင်တွေ အရမ်းထွက်လာတော့ ကျမမှာ စိုးရိမ်လာရတယ်။” ပြီးခဲ့သည့် နှစ်မှစ၍ ဇူဇူးတစ်ယောက် ကျောင်းကလပ် အသင်း တစ်ခုကို စတင်ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ သူပါဝင်ဖြစ်ခဲ့သည့် အသင်းမှာ စစ်တုရင်ကစားသည့် အသင်း ဖြစ်သည်။ “အခုတော့ သူက စစ်တုရင်ကစားရတာကို အရမ်းကို စိတ်ဝင်စားသွားတာ။ မနားတမ်းကိုကစား နေတော့တာပဲ” ဟု ဇူဇူး၏မိခင်က ပြုံး၍ ပြောပြပါသည်။ “သူက ဆိုင်မှာလာသောက်တဲ့ သူတွေကိုတောင် စိန်ခေါ်လိုက်သေးတာ။” 


ကျောင်းမှာဆိုလျှင် ဇူဇူးရတီတိုးသည် ယောကျာ်းလေး ၆ ယောက်၊ မိန်းကလေး ၅ ယောက် ပါဝင်သည့် ကလပ်သင်း အဖွဲ့ဝင် ၁၁ ယောက် နှင့်အတူ ကစားလေ့ရှိပါသည်။ သူမ အထူးသဖြင့် နှစ်သက်သည့် အချက်မှာ ကျောင်းပိတ်ရက်များဖြစ်ပါသည်။ ထိုသို့ တနင်္ဂနွေနေ့များမှ လွှဲ၍ ကျောင်းပိတ်ရက်တိုင်း စစ်တုရင်ကို တစ်နေ့ ၃ နာရီ ခန့် ဆော့နိုင်သလို သစ်တောဌာနမှာ အလုပ်လုပ်သည့် သစ်တောအုပ် တစ်ယောက်လည်းဖြစ်၊ ဒေသတွင်း စစ်တုရင် ချန်ပီယံလည်းဖြစ်သည့် နည်းပြထံမှ သင်ယူခွင့်လည်း ရတတ်ပါသည်။ သူမ၏ အမေကလည်း သူ့သမီးလေးသည် ယခုအခါ စစ်တုရင်ကို စိတ်ဝင်စားလွန်းသဖြင့် အိမ်တွင်သာ အနေများလာသည်ဟု ပြောပြပါသည်။ “သမီးလေးက အခုဆို တော်တော် ပြောင်းလဲသွားတယ်။ ကျမလဲ အရမ်းတွေ စိုးရိမ်စရာမလိုတော့ဘူးလေ” ဟု ဇူဇူးရတီတိုး ၏ မိခင် က ပြောပြပါသည်။ 


ပြီးခဲ့သည့် နှစ် တစ်နှစ်တည်းတွင် ပင် ကျိုက်မရောမြို့နယ်ရှိ ဇူဇူးရတီတိုး တက်နေသည့် ကျောင်းမှ ကျောင်းသား ၁၀၀၃ ယောက်တွင် ကျောင်းသား ၅၀ ခန့် ကျောင်းထွက်သွားကြပါသည်။ ကျောင်းနေအရွယ် လူငယ်များသည် ကျောင်းထွက်ပြီးနောက် ရာဘာ နှင့် ကျွဲကောသီး စိုက်ခင်းများတွင် ဝင်ရောက်လုပ်ကိုင်တတ်ကြသလို၊ အချို့ သည်လည်း မိန်းကလေးများသည် အိမ်အကူအဖြစ်လည်းကောင်း၊ ယောက်ျားလေးများသည် ဆောက်လုပ်ရေး လုပ်သားများ အဖြစ်လည်းကောင်း လုပ်ကိုင်ရန် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်သွားတတ်ကြပါသည်။ 


ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် H&M ဖောင်ဒေးရှင်း၏ ငွေကြေးအားဖြင့် ပံ့ပိုးမှု၊ ယူနီဆက်၏ နည်းပညာပိုင်းဖြင့်ပံ့ပိုးမှု တို့ဖြင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ထားသည့် ကျောင်းတွင်း ကလပ်အသင်း များသည် တဖြည်းဖြည်း လူကြိုက်များလာနေပါသည်။ 

စာသင်နှစ် စတင်သည်နှင့် မွန်ပြည်နယ်၏ မြို့ နယ်(၂) မြို့ နယ်ရှိ ကျောင်းများမှ ကျောင်းသား (၁၀၀၀) ကျော်သည် ကျောင်းတွင်း ကလပ်အသင်းများတွင် စတင်ပါဝင်ခဲ့ကြပြီး နောက်ပိုင်းတွင် ကျောင်းသားများ ထပ်တိုးလာ ခဲ့ ပါသည်။ ကျောင်းကလပ်အသင်းများကြောင့် ကျောင်းတက်ရသည်ကို ပို၍ ပျော်ရွှင်စရာကောင်းလာစေပါသည်။ ထိုမျှ မကသေးပဲ ကျောင်းသူ၊ ကျောင်းသားများ၏ ယုံကြည်မှုကို ပိုမိုတိုးမြှင့်လာစေပြီး အိုင်ဒီယာအသစ်များကို မျှဝေခွင့် ပိုရရှိလာသလို၊ ကြံ့ ကြံ့ ခံနိုင်မှုပိုအားကောင်းလာစေပါသည်။

ဒီကျောင်း ကလပ်အသင်းတွေဟာ အရင်က ရှိဖူးတဲ့ ကျောင်းတွင်းအသင်းတွေနဲ့မတူ တမူထူးခြားကြောင်း မွန်ပြည်နယ် ပညာရေးရုံး၏ ညွှန်ကြားရေးမှူး ဖြစ်သူ ဒေါက်တာ ဒေါ်ချိုချိုမှ ရှင်းပြပါသည်။ “အခု အသင်းတွေကို ဖွဲ့စည်းလုပ်ဆောင်တဲ့ အခါ သူတို့ ရဲ့ကျွမ်းကျင်မှုအလိုက် ကျောင်းသားနဲ့ မိဘတွေကဦးဆောင်ရပါတယ်။ ကျွမ်းကျင်မှုရှိတဲ့ လူကြီးမိဘတွေဆိုလျှင် နည်းပြလုပ်ပေးနိုင်မလားဆိုပြီး ကမ်းလှမ်းပြီး အကူအညီတောင်း ပါတယ်” ဟု ဒေါက်တာ ဒေါ်ချိုချိုမှ ပြောပြသည်။ ယခင်က ကျောင်းသားအရေးကိစ္စများတွင် မိဘများသည် ပါဝင်ကြလေ့ မရှိပေ။ “မိဘတွေက ကျောင်းသားတွေကို ကျောင်းပို့ပေးလိုက်တယ်။ ဒါဆို သူတို့ တာဝန်ပြီးပြီဆိုပြီးထင်တတ် ကြတာလေ။ အခုဆိုရင် ရပ်ရွာကပါဝင်လာတဲ့အတွက် ဒီအစီအစဉ်က ရေရှည်မှာ ပိုပြီးတည်မြဲနိုင်ပါလိမ့်မယ်။ ကျောင်းသားမိဘတွေနဲ့တွေ့တိုင်း သူတို့ကလေးတွေကို ဘေးကင်းလုံခြုံပြီး၊ ဘဝရည်မှန်းချက်တွေလက်လှမ်းမှီနိုင်  စေမယ့်  ကျောင်းပညာရေးကို လက်လွတ်မခံဖို့ အခွင့်အရေးရရင်ရသလို ကျွန်မပြောပြလေ့ရှိပါတယ်” ဟု ဒေါက်တာ ဒေါ်ချိုချို မှ ပြောပြ ပါသည်။

ကျောင်းတွင်း ကလပ်သင်းများ ဖွဲ့စည်းဆောင်ရွက်ရေးအစီအစဉ် ၏ တစိတ်တပိုင်းအနေဖြင့် ကလေးငယ်များ၏ ပညာရေးတွင် ပါဝင်ကူညီပေးရန်အတွက် စေတနာ့ဝန်ထမ်း လူငယ်(၂၉) ဦးအား ပါဝင်စေပါသည်။ ပြီးခဲ့သည့် နှစ်ကုန် ပိုင်းတွင် အလုပ်ရုံအစည်းအဝေးကို နှစ်ရက်တာ ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးတွင် ကျောင်းသားများမှ သူတို့ လုပ်ချင်သည့် ကျောင်းတွင်း ကလပ်အသင်းများကို  အကြံပြုခဲ့ကြသလို ထိုကလပ်အသင်းများကို ကူညီပေးနိုင်သည့် သူများကို ဖော်ထုတ်ခဲ့ကြပြီး အစီအစဉ်ဖြစ်မြောက်ရေး ကမ်ပိန်းကို အဆုံးသတ်ခဲ့ပါသည်။ 


ဇူဇူးရတီတိုးသည် အပူချိန် ၄၀ ဒီဂရီရှိနေချိန်တွင် ဘောလီဘောကစားရသည်မှာ အင်မတန်ပူပြီး ပင်ပန်းလှသဖြင့် စစ်တုရင်ကစားရန် ရွေးချယ်ခဲ့ကြောင်းပြောပြပါသည်။ “စစ်တုရင် ကစားရတာကို ပျော်တယ်။ ချွေးတွေရွှဲနေစရာ မလိုတော့ဘူးလေ” ဟု သူမမှပြုံး၍ ပြောပြပါသည်။ နောက်ပိုင်းတွင် ဇူဇူးရတီတိုးသည် စစ်တုရင်ကစားရသည်ကို စိတ်ထက်သန်မှု ရှိကြောင်း သိလာရပါသည်။ ဒီနှစ်ပိုင်းတွင် ပြုလုပ်ခဲ့သည့် မြို့နယ်အဆင့် စစ်တုရင်ပြိုင်ပွဲတွင် သူမ သည် စတုတ္ထမြောက်ဆု ရရှိခဲ့ပါသည်။ ဇူဇူးသည် စစ်တုရင်ကစားရင်း ရှုံးနိမ့်ရသည်ကို မနှစ်သက်ကြောင်း ပွင့်လင်းစွာ ပြောပြသလို ထိုသို့ ရှုံးနိမ့်သဖြင့်လည်း သူမအတွက် အကူအညီဖြစ်စေကြာင်း ပြောပြပါသည်။ “သမီးရှုံးတဲ့အခါကျရင် ဘယ်လိုအမှားမျိုးလုပ်မိသလဲဆိုတာကို ပြန်သုံးသပ်ပြီး သင်ယူခွင့်ရပါတယ်။”

ထိုထက် ပိုအရေးကြီးသည်မှာ ဇူဇူးရတီတိုး အဖြစ်ချင်ဆုံး အိမ်မက်တစ်ခု ဖြစ်သည့် အင်ဂျင်နီယာ တစ်ယောက်  ဖြစ်လာစေရန် စစ်တုရင်ကစားခြင်းကြောင့် အကူအညီဖြစ်စေပါသည်။ “စစ်တုရင် ကစားလာပြီးနောက်ပိုင်း သင်္ချာကို ပိုပြီးနားလည်လာတယ်။ အခုဆိုပိုပြီး အာရုံစိုက်နိုင်လာတယ်” ဟု သူမ မှ ပြောပြပါသည်။ 


ကျောင်းပညာရေး၊ ဘောလုံးအားကစားနှင့် မောင်ဝင်းမိုးဇော်

မျက်စိတစ်ဆုံးမြင်နေရသည့် ကျွဲကောသီးစိုက်ခင်းတွင် သူ့အဖေကို အသက် (၁၆)နှစ်အရွယ် မောင်ဝင်းမိုးဇော် တစ်ယောက် ကူညီပေးနေပါသည်။ သူတို့မိသားစုသည် မွန်ပြည်နယ်နှင့် ကီလိုမီတာ ၄၀၀ ခန့်ဝေးသည့် ပဲခူးတိုင်း မှ နေ၍ ရွှေ့ပြောင်းလာပြီး အလုပ်လုပ်ကိုင်နေသည့် သူများဖြစ်ပါသည်။ “အလုပ်အကိုင်ရှာရင်း နဲ့ ကျွန်မတို့ မွန်ပြည်နယ် ကို ရောက်လာတာပေါ့” ဟု မောင်ဝင်းမိုးဇော် ၏ အမေ မဌေးမိုးမှ ပြောပြသည်။ အဆိုပါ ကျွဲကောသီး စိုက်ခင်းတွင် သူတို့ နေထိုင် ပြီး အလုပ်လုပ်လာသည်မှာ (၃) နှစ်ခန့်ရှိပြီဖြစ်ပါသည်။


မဌေးမိုး တစ်ယောက် မီးဖိုပေါ်မှ ထမင်းအိုးကို မ လိုက်ပြီး မီးခိုးငွေ့တွေကြားမှာပင် ထမင်းရည်ကို ငှဲ့လိုက်ပါသည်။ သူမသည် သူမ၏အမျိုးသား ကိုဝင်မိုးနှင့် သားငယ် မောင်ဝင်းမိုးဇော်၊ အသက် ၁၀ နှစ် အရွယ်တွင် ကျောင်း ထွက်လိုက်ရသည့် သားကြီး မောင်ဝင်းမိုးကျော်တို့ အတွက် ဟင်း၊ ထမင်းကို ပြင်ဆင်နေခြင်းဖြစ်ပါသည်။ သူမ ကိုယ်တိုင်လည်း အသက် (၁၀) နှစ်အရွယ်တွင် ကျောင်းထွက်ခဲ့ရသူဖြစ်ပါသည်။ မဌေးမိုးတစ်ယောက် မျက်လွှာကို ချထားလိုက်ပါသည်။ သူမ၏ မျက်နှာတွင်နာကျင်မှုကို အတိုင်းသားမြင်တွေ့နေရပါသည်။ “အဲ့ဒါ သားလေး ဝင်မိုးကျော်ရဲ့အကြံပဲလေ။ သူ့ကို ကျောင်းဆက်မထားနိုင်တော့ဘူးဆိုတာ သူသိတော့ ကျောင်းထွက်လိုက်တာပဲ။” 


သို့သော် သူ့ နောက်ထပ် သားဖြစ်သူ မောင်ဝင်းမိုးဇော် တစ်ယောက် ကျောင်းဆက်တက်နိုင်ဖို့ သူမမျှော်လင့်နေ ပါသည်။ “ကျမဆို ကိုယ့်နာမည်ပဲပေါင်းတတ်၊ ရေးတတ်တာလေ” ဟု ပြောပြသည်။ “ဒါပေမဲ့ ဝင်းမိုးဇော်လေးက ကျောင်းဆိုတစ်ရက်မှ မပျက်စေရဘူး။ ကျမတို့ဒီပြောင်းလာတာတောင် သူကျောင်းမပျက်စေရဘူး။ သူ့ ဘဝလေးကို ကျမတို့ အခုအခြေအနေထက်ပိုကောင်းတာလေး ဖြစ်စေချင်တာ။ သူ့ အိမ်မက်လေးတွေ အကောင်အထည် ပေါ်လာစေချင်တာပါ။” 


မောင်ဝင်းမိုးဇော်သည် ကျောင်းတွင်း ကလပ်ထဲမှ ဘောလုံးကလပ်အသင်းသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ပါသည်။ သူသည် ကျောင်းဘယ်တော့မှ မပျက်ခဲ့သော်လည်း ယခုအခါတွင် ဘောလုံးအားကစားနည်းကြောင့် သူကျောင်းသို့ ပုံမှန်တက်ရောက်ရန် နောက်ထပ် စိတ်ဝင်စားစရာ အခွင့်အလမ်းတစ်ခု ထပ်တိုးလာပါသည်ဟု ပြောပြပါသည်။ အခုဆိုလျှင် ကျောင်းတွင် သူငယ်ချင်းများနှင့် ဘောလုံးကစားနိုင်ရန် ကျောင်းသို့ စောစောစီးစီး ရောက်နေတတ် ပါသည်။ 

သူ အနှစ်သက်ဆုံးအပိုင်းမှာ ကျောင်းပိတ်ရက်များတွင် မွန်ပြည်နယ်မှ ထိပ်တန်းနည်းပြများဖြင့် ဘောလုံးကစားနိုင်ပြီး ထိုနည်းပြများက မောင်ဝင်းမိုးဇော်ကို အသင်းခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့ကြခြင်းပင်ဖြစ်ပါသည်။


ဝင်းမိုးဇော်၏ နေ့ရက်များသည် အမြဲတမ်း မအားမလပ်နိုင်ဖြစ်နေတတ်ပါသည်။ သူကျောင်းမှ ပြန်ရောက်သည့် အခါ တွင် စိုက်ခင်းတွင် ကူပေးခြင်း၊ ဟင်းထမင်းချက်ရန်အတွက် ထင်းခွဲပေးခြင်းတို့အတွက် ကူညီလုပ်ဆောင်ပေးတတ် ပါသည်။ ထိုအပြင်ပရိဘောဂမရှိသလို၊ အိပ်ခန်းတစ်ခန်းတည်းရှိသည့် သူတို့ အိမ်လေးတွင် လျှပ်စစ်မီး မရှိသဖြင့် ညနေ မမှောင်ခင်အချိန်တွင် သူ့အိမ်စာများကို အမှီပြီးအောင် လုပ်ရပါသည်။ “ဘောလုံးကစားနည်းကြောင့်ပဲ ကျွန်တော် ကျောင်းကိုတက်ချင်စိတ် ပိုဖြစ်လာပါတယ်” ဟု မောင် ဝင်းမိုးဇော်က ပြောပြပါသည်။ “ကျွန်တော် က နိုင်ငံတော်အဆင့် ကျွမ်းကျင်ဘောလုံးကစားသမား ဖြစ်ချင်တာပါ” ဟု ပြောပြသည်။ 


မောင်ဝင်းမိုးဇော် တစ်ယောက် ကျောင်းတွင်း ဘောလုံးကလပ်တွင် ပါဝင်လာပြီးနောက်ပိုင်း သူ့မိခင်သည်လည်း ကျောင်းကိစ္စများတွင် ပုံမှန်ပါဝင်လာပြီး မိဘ/ဆရာ အစည်းအဝေးများကိုလည်း ပုံမှန်တက်ရောက်လာပါသည်။ 

သို့သော် သူမ၏ သားလေးအတွက် သည့်ထက် ပိုလုပ်ပေးနိုင်ရန် ဒေါ်ဌေးမိုး တစ်ယောက် မျှော်လင့်နေပါသည်။ “တခြား အမေတွေက သူတို့ သားတွေအတွက် ဝယ်ပေးတာတွေ ကျမက မဝယ်ပေးနိုင်ဘူးလေ။ ဟင်း ထည့်ပေးတောင်တာမှ တခြားသူတွေလို တန်းတူမထည့်ပေးနိုင်ဘူး။” ဟု ပြောရင်း မောင်ဝင်းမိုးဇော်လေး သူ့ဘေးတွင် ထိုင်နေစဉ်မှာပင် သူမ၏ မျက်ရည်များကို သုတ်လိုက်ပါသည်။ ထိုနောက် စကားဝိုင်းသည် ဘောလုံးအကြောင်းပြန်ရောက်သွားသည့် အခါ သူမ၏မျက်နှာသည် အပြုံးဖြင့်ပြန်၍ဝေဆာသွားပြီး ကျနေသည့် မျက်ရည်များ ရပ်တန့်သွားပါသည်။ “သားလေး ကစားနေတာကိုများ ကြည့်ရရင် ကျမမှာ ရင်တွေခုန်တာမှတအားပဲ” ဟု သူမကပြောပြသည်။ 

No comments:

Post a Comment