Friday, August 23, 2019

ကျွန်တော်တို့ကလေးငယ်တွေရဲ့ သဘာဝနဲ့ အနာဂတ်အတွက် ပြုစုပျိုးထောင်ခြင်း

ရေးသားသူ- ကျော်လွင်လတ်၊ ပညာရေးအရာရှိ၊ ယူနီဆက်

လုပ်ငန်းခွင်ဆရာနည်းပြသင်တန်းတစ်ခုကို ကြည့်ရှုဖို့သွားရောက်ခဲ့တဲ့ ကွင်းဆင်းဆောင်ရွက်မှုတစ်ခု

ကချင်ပြည်နယ်၊ မြန်မာနိုင်ငံ - မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်မှာရှိတဲ့ ဆွမ်ပရာဘွန်ဆိုတဲ့ မြို့ငယ်လေးကို သွားတဲ့လမ်းဟာ လမ်းပြင်နေတဲ့အတွက် နှစ်ခါလောက်ရပ်စောင့်ခဲ့ရတာကလွဲပြီး ပုံမှန်ထက် ပိုကောင်းနေခဲ့ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀၀ လောက်မှာရှိတဲ့ တောင်ထူထပ်ပြီး လေထန်တဲ့ ဒီဒေသရဲ့လမ်းတွေဟာ တစ်နှစ်ပတ်လုံး မိုးရွာသွန်းနေတဲ့အတွက် ရွှံ့ထူပြီးချော်နိုင်တဲ့ အလားအလာသိပ်များပါတယ်။

©UNICEF Myanmar/2016/Khine Zar Mon
လမ်းပြင်တာကိုစောင့်နေတဲ့အချိန်မှာ ဆိုင်ကယ်နောက်ဘီးကျွတ်ပေါက်လို့ ဖာနေတဲ့ အားကစားဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးနှစ်ဦးနဲ့ဆုံခဲ့တယ်။ သူတို့က ဆရာမတွေဖြစ်တဲ့အကြောင်း၊ သူတို့တက်ခဲ့တဲ့ လုပ်ငန်းခွင်ဆရာနည်းပြသင်တန်းအတွက် ရေးဖြေစာမေးပွဲဖြေဖို့ ဆွမ်ပရာဘွန်ကို သွားနေတဲ့အကြောင်း ပြောပြတယ်။ ကျွန်တော်ကလည်း အဲဒီနေရာကိုသွားနေတာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ စာမေးပွဲကျင်းပနေတာကို ကြည့်ရှုဖို့ ယူနီဆက်ဝန်ထမ်းတစ်ဦးအနေနဲ့ သွားခဲ့တာပေါ့။ ဒီဆရာမတွေကတော့ ရက်သတ္တပတ် ၂၀ ကြာ တက်ရောက်ခဲ့တဲ့ သင်တန်းမှာ မိမိတို့သင်ခဲ့ကြရတဲ့ သင်ကြားရေးနည်းလမ်းအသစ်တွေနဲ့ပတ်သက်ပြီး စာမေးပွဲဖြေဆိုကြမယ့် ဆရာ၊ ဆရာမ ၃၈ ယောက်ထဲမှာပါတဲ့သူတွေပါ။


ဆွပ်ပရာဘွန်မြို့လေးသို့သွားရာလမ်း
©UNICEF Myanmar/2019/Kyaw Lwin Latt
ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့လမ်းမှာ မိနစ် ၃၀ ပဲစောင့်ခဲ့ရပါတယ်။ နောက်တော့ကျွန်တော်တို့ ဆက်ထွက်လာခဲ့ရင်း စုစုပေါင်းမှ အိမ်ခြေ ၃၀၀ လောက်ပဲရှိတဲ့ ရွာလေးတွေကို ဖြတ်လာခဲ့ကြတယ်။ ကားပြတင်းပေါက်ကနေကြည့်နေရင်း ပလတ်စတစ်ဘူးခွံတွေနဲ့လုပ်ထားတဲ့ စွပ်ဖားလှည်းပုံစံလှည်းလေးထဲမှာ ထိုင်နေတဲ့ ကလေးလေးနှစ်ယောက်ကို ဆွဲနေတဲ့ ကောင်လေးတစ်ယောက်ကိုတွေ့တယ်။ ကျောင်းနေအရွယ်လေးတွေဆိုပေမဲ့ သူတို့ ကျောင်းတက်လားမတက်လားဆိုတာ သိချင်မိတယ်။

နောက်တော့ လမ်းဘေးတစ်ဖက်တစ်ချက်မှာ တောရိုင်းပန်းလေးတွေ တွေ့တယ်။ ဒီကလေးငယ်လေးတွေက သဘာဝအတိုင်းဖူးပွင့်နေကြတဲ့ ပန်းလေးတွေနဲ့တူပါတယ်။ သူတို့ကို ပြုစုပျိုးထောင်ပေးမယ့်သူရှိဖို့ လိုတယ်လို့လည်း တွေးနေမိခဲ့တယ်။ နာရီပိုင်းလောက်ကြာပြီးနောက်မှာပဲ ဒီလိုမျိုး ကောင်းကောင်းပြုစုပျိုးထောင်ပေးနိုင်မယ့် လူတစ်ယောက်နဲ့ ကျွန်တော်ဆုံခဲ့ပါတယ်။

©UNICEF Myanmar/2019/Kyaw Lwin Latt
သူကတော့ ဆွမ်ပရာဘွန်မြို့လေးက ဖုန်းကျန်မူလတန်းလွန်ကျောင်းက ဆရာမလေး ဒေါ်နှင်းဝတ်ရည်ထွန်းဖြစ်ပါတယ်။ ဆရာမက သူ့အိမ်နဲ့ အလှမ်းဝေးလွန်းတယ်ဆိုပေမယ့် သူကျေနပ်တယ်လို့ ကျွန်တော့်ကိုပြောပြတယ် (သူက တစ်နှစ်မှတစ်ခါပဲ အိမ်ပြန်နိုင်ပါတယ်)။ “အိမ်နဲ့ဝေးပေမယ့် ကျွန်မက ကလေးတွေကိုချစ်တော့ ပျော်ပါတယ်။”

သူက မကြာခင်ကပဲ ရက်သတ္တပတ် ၂၀ ကြာတဲ့ လုပ်ငန်းခွင်ဆရာနည်းပြသင်တန်းကို တက်ရောက်ပြီး သင်ကြားရေးနည်းသစ်တွေနဲ့ပတ်သက်တဲ့ စာမေးပွဲကိုလည်း ဖြေဆိုပြီးပါပြီ။ သူက သူလေ့လာခဲ့ရတာတွေ အထူးသဖြင့် စာသင်ခန်းထဲမှာ ကလေးတွေပါဝင်လာအောင် တွန်းအားပေးနိုင်မယ့် လှုပ်ရှားဆောင်ရွက်မှုမျိုးစုံကို သူဘယ်လိုအသုံးချနေတဲ့အကြောင်းကို စိတ်အားထက်ထက်သန်သန်နဲ့ ပြောပြပါတယ်။ စာသင်ခန်းထဲမှာ စကားနည်းတဲ့ မိန်းကလေးတွေကို ပိုပြီးဂရုစိုက်ပေးတဲ့အကြောင်း။ “ကျွန်မက အထူးသဖြင့် စကားပြောရမှာရှက်တဲ့ မိန်းကလေးတွေကို ပိုပြီးအခွင့်အရေးပေးတယ်... အခုဆိုရင် သူတို့က တစ်ယောက်ချင်းရော အတွဲလိုက် အုပ်စုလိုက်ရော ဆွေးနွေးဖို့ စိတ်အားထက်သန်နေကြပြီ။”

မော်တော်ဆိုင်ကယ်စီးပြီး ရေးဖြေစားမေးပွဲဖြေရန် ဆွမ်ပရာဘွန်မြို့သို့သွားနေသော ဆရာမများ
©UNICEF Myanmar/2019/Kyaw Lwin Latt
ဒေါ်နှင်းဝတ်ရည်ထွန်းက ဒီလိုသင်တန်းမျိုးတွေကို တခြားမြို့နယ်တွေမှာလည်း တိုးချဲ့ဖွင့်သင့်တဲ့အကြောင်း၊ ဒါမှတခြားဆရာဆရာမတွေလည်း အကျိုးရှိနိုင်မယ်လို့ အကြံပြုပါတယ်။ ကျွန်တော်က ဖွင့်ပြီးပြီဆိုတဲ့အကြောင်းနဲ့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ပညာရေးဝန်ကြီးဌာနက ပေးတဲ့ တာဝန်ထမ်းဆောင်နေဆဲ ဆရာနည်းပြသင်တန်းမှာ တက်ရောက်ခဲ့တဲ့ ဆရာဆရာမ စုစုပေါင်း ၂၉၀၂၄ ဦးရှိပြီလို့ ပြောပြခဲ့ပါတယ်။ ဒီသင်တန်းကို ယူနီဆက်ရဲ့ နည်းပညာပံ့ပိုးမှု၊ Sumitomo Mitsui Banking Corporation (SMBC) နဲ့ H&M ဖောင်ဒေးရှင်းတို့ရဲ့ ငွေကြေးပံ့ပိုးမှုတွေနဲ့ အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။
နောက်တော့ ကျွန်တော်က ဘုန်းကြီးကျောင်းတစ်ကျောင်းရှိရာ တောင်ပေါ်ကိုတက်ခဲ့ပါတယ်။ တောင်ထိပ်မှာတော့ သပ္ပါယ်စရာကောင်းလှတဲ့ စေတီတစ်ဆူနဲ့ ဘုန်းကြီးကျောင်းဥယျာဉ်ထဲမှာ ပွင့်နေတဲ့ နှင်းဆီပန်းတွေကို တွေ့ခဲ့ပါတယ်။ ကျွန်တော်က အဲဒီမှာရှိတဲ့ ဆရာတော်ကို ဥယျာဉ်မှူးက ဘယ်သူပါလဲလို့ မေးကြည့်တဲ့အခါ ဆရာတော်က “ဘုန်းကြီးက ဥယျာဉ်မှူးပဲ။ ဒီနှင်းဆီတွေကို ဘုန်းကြီးပဲ စောင့်ရှောက်ပြီး ပုံမှန်ရေလောင်းပေးတာ” လို့ ပြောပြပါတယ်။

ဒါက ကျွန်တော့်ကို သဘာဝနဲ့ ပြုစုပျိုးထောင်မှုအကြောင်း နောက်တစ်ကြိမ်ပြန်တွေးမိစေပါတယ်။ ကျွန်တော်လမ်းမှာတွေ့ခဲ့တဲ့ ကလေးငယ်လေးတွေကို ဒေါ်နှင်းဝတ်ရည်ထွန်းလို ဆရာမျိုးကသာ သင်ကြားပြသပေးမယ်ဆိုရင် သူတို့ရဲ့ အနာဂတ်လေးတွေလည်း ထွန်းလင်းတောက်ပလာမှာမလွဲပါပဲ။





No comments:

Post a Comment