Monday, June 3, 2019

မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာဒေသများမှ အာဟာရချို့တဲ့မှုတွေအတွက် စဉ်းစားကိုင်တွယ်ဖြေရှင်းခြင်း

ရခိုင်ပြည်နယ်၊ ၂၀၁၉ ခုနှစ် မေလ ၁၄ ရက် - ပြီးခဲ့တဲ့ နှစ်လခန့်ကစပြီး အသက် ၁၈ လအရွယ် နူးရ်ဘူရှာလေးဟာ ပြင်းထန်အာဟာရချို့တဲ့ဝေဒနာခံစားနေရတဲ့အတွက် ယူနီဆက်အဖွဲ့ကြီးက ပံ့ပိုးပေးထားတဲ့ မောင်တော ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအဖွဲ့ ပြင်ပလူနာဌာန ကုထုံးအစီအစဉ် (OTP) ကနေ ဖြည့်စွက်အာဟာရတွေနဲ့ ကုထုံးတွေကို လက်ခံရယူလျက်ရှိပါတယ်။

အစီအစဉ်ကို စတင်ရောက်ရှိလာခဲ့ချိန်က နူးရ်ဘူရှာရဲ့ ကိုယ်အလေးချိန်ဟာ ခုနစ်ကီလိုဂရမ်ပဲ ရှိပါတယ်။ ကုထုံးရဲ့ ကျေးဇူးတွေကြောင့် သူ့ရဲ့ကိုယ်အလေးချိန်နဲ့ ဘက်စုံအခြေအနေတွေ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီလို့ မိခင်ဖြစ်သူ ဒေလ်ကေယက်စ် ကပြောပြပါတယ်။ သူက အခုဆိုရင် ပိုပြီးဆော့တတ်လာပြီး သူ့အလေးချိန်လည်း တစ်ကီလိုဂရမ်တောင် တက်လာတယ်လို့ ဒေလ်ကေယက်စ်က အပြုံးတွေနဲ့ ပြောပြလာပါတယ်။

မောင်တောမြို့ရှိ အသက် ၁၈ လအရွယ် နူးရ်ဘူရှာ
©UNICEF Myanmar/2019/Khin Moe Aye


၂၀၁၉ ခုနှစ်မှာ ဂျပန်အစိုးရရဲ့ ငွေကြေးပံ့ပိုးမှုနဲ့အတူ ယူနီဆက်အဖွဲ့ကြီးနဲ့ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအဖွဲ့တို့ပူးပေါင်းပြီး ပြင်းထန်အာဟာရချို့တဲ့ ဝေဒနာကုထုံးအတွက် အသင့်စား ကုထုံးစားစရာတွေ (RUTF) ၊ ကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုတွေ၊ အာဟာရ အကဲဖြတ်ဆန်းစစ်မှုတွေ၊ လူမှုစိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေနဲ့ ကျန်းမာရေး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခြင်းအားဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက အသက် ငါးနှစ်အောက် ကလေးငယ်ပေါင်း ၄၅၈ ဦးအထိကို ပံ့ပိုးပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအဖွဲ့ ပြင်ပလူနာဌာန ကုထုံးအစီအစဉ် (OTP) စင်တာတွင်တွေ့မြင်ရသည့် နူးရ်ဘူရှာနှင့် မိခင်။ 
၂၀၁၈ ခုနှစ်မှာ ပဋိပက္ခဖြစ်ပွားရာဒေသအချို့ကို သွားရောက်နိုင်ဖို့ အကန့်အသတ်တွေ ရှိနေသေးတဲ့တိုင်အောင် ယူနီဆက်အဖွဲ့ကြီးနဲ့ မိတ်ဖက်အဖွဲ့တွေက နူးရ်ဘူရှာလို အသက် ငါးနှစ်အောက် ပြင်းထန်အာဟာရချို့တဲ့ဝေဒနာကုထုံး လိုအပ်နေတဲ့ သားငယ်၊ သမီးငယ်ပေါင်း ၂၇၄၀ ဦးအတွက် အသက်ကယ်ကုထုံးအာဟာရတွေ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံရဲ့ မရှိမဖြစ် ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပြင်းထန်အာဟာရချို့တဲ့မှု ဘက်စုံစီမံခန့်ခွဲမှု အစီအစဉ်(IMAM) နဲ့ မွေးကင်းစကလေးနဲ့ ကလေးသူငယ်ကျွေးမွေးပြုစုမှု ဗျူဟာတွေအရ ဒေသခံအစိုးရရဲ့ လုပ်နိုင်စွမ်းအားတွေ တည်ဆောက်ရာမှာလည်း ဆက်လက်ကူညီပေးနိုင်ခဲ့ပါတယ်။

No comments:

Post a Comment