Wednesday, June 26, 2019

အရေးပေါ်လိုအပ်နေသည့် သောက်သုံးရေများကို လှေဖြင့်ပို့ပေးခြင်း

ရေးသားသူ Ye Lat Yi နှင့် Kris Cahyanto

မြန်မာ၊ ဇွန်လ ၂၀၁၉။

စစ်တွေ၊ ရခိုင်ပြည်နယ် - ယခုနှစ်သည် ရခိုင်ပြည်နယ်တွင် ရေ အလွန်ရှားပါးသည့် နှစ်ဖြစ်ပါသည်။ ယခုအချိန်ထိ မိုးမရွာနိုင်သေးပေ။ ယခုလို ခြောက်သွေ့သည့် နွေကာလ တာရှည်ခြင်းကြောင့် မိုးရေသိုလှောင်ထား သည့် ရေကန်များလည်း ရေခန်းခြောက်လုနီးပါး ဖြစ်နေလေသည်။ ရခိုင်ပြည်နယ် ကျေးလက်ဖွံ့ဖြိုးရေးဌာန ၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် ကျေးရွာ ၅၀ ထက် ပိုပြီး ရေရှားပါးသည့် ပြဿနာကို ကြုံတွေ့နေကြရ ပါသည်။

ဧပြီလ ၂၀ ရက် မှ စတင်၍ ယူနီဆက်သည် အနောက်ရွာ စခန်းသို့ ရေ ၃၅ ကုဗမီတာခန့် နေ့စဉ် သယ်ပို့ပေးနေခဲ့ပါသည်။
©UNICEF Myanmar/2019/Maung Maung Oo
အနောက်ရွာစခန်းတွင် နေထိုင်နေရသည့် ရွှေ့ ပြောင်းနေထိုင်သူ ဒေါ်ဇော်ရီနမ်ခါတာသည် ကလေး ရှစ်ယောက် မိခင် တစ်ယောက်ဖြစ်ပြီး  နေ့စဉ်ရေထုတ်ရန် ပြရသည့် ဗောက်ချာနှင့်အတူ ရေထည့်သည့် အိုး တို့ကို သယ်ယူလိုက်ပြီးနောက် မနက်နှင့်နေ့လည်ခင်းများတွင် စခန်းတွင်း ရေဖြန့်ဝေပေးသည့် နေရာသို့ ရေ ခွဲတမ်း ရယူရန် အခြားသူများနှင့် ဝင်ရောက် တန်းစီလိုက်ပါသည်။


“ကျွန်မက တစ်ရက်ကို မိသားစု ကိုးယောက်အတွက် ရေ ၅၅ လီတာလောက် သယ်ရပါတယ်။” ဟု ဒေါ်ဇော်ရီနမ်ခါတာ က ပြောပါသည်။ သူမ၏ အငယ်ဆုံးကလေးသည် ယခု အခါ ၅ နှစ် အရွယ်ရှိနေပါပြီ။

လွန်ခဲ့သည့် ၇ နှစ် နီးပါးကတည်းက ရခိုင်ပြည်နယ် အစိုးရမှ လုပ်ပေးထားသည့် အနောက်ရွာ စခန်းသည် ပေါက်တော မြို့နယ် တွင် ရှိပြီး ရွှေ့ပြောင်းနေထိုင်သူပေါင်း ၄၃၀၀ ခန့် ရှိပါ သည်။ နောက်ထပ် ရွှေ့ပြောင်း နေထိုင်သူ ၂၀၀၀ ခန့်သည် အနောက်ရွာ တွင်း နေထိုင်ကြပါသည်။ အနောက်ရွာစခန်းတွင် နေထိုင်သူများသည် စခန်းမှ ထွက်ခွာခွင့် မရှိကြဘဲ အနီးအနားရှိ မြို့များသို့ပင် သွားလာခွင့်မရကြပါ။

“အခုတော့ ရေက လုံလောက်ပါတယ်။ ဒါပေမဲ့ ကြာကြာခံမှာတော့ မဟုတ်ဘူး။ မိုး မြန်မြန်ရွာပါစေလို့ ဆုတောင်းတာပဲ။ ကျွန်မတို့က အခု ရေကို တော်တော်လိုအပ်နေပြီလေ။” ဟု ဒေါ် ဇော်ရီနမ်ခါတာ က ပြောပါသည်။
ဒေါ်ဇော်ရီနမ်ခါတာသည် အနောက်ရွာ တွင် Solidarites International မှ စီစဉ်ပေးနေသည့် ရေပေးဝေရာနေရာသို့ လာရောက် တန်းစီနေစဉ်။
©UNICEF Myanmar/2019/Maung Maung Oo
ရခိုင်ပြည်နယ်ရှိ ကျေးရွာများနှင့် ရွှေ့ပြောင်းနေထိုင်သူများရှိရာ စခန်းများ တွင် သန့်ရှင်းသောရေ ဆက်လက် ရရှိစေရန်အတွက် ယူနီဆက် (မြန်မာ) နှင့် Solidarites International တို့ပူးပေါင်း၍ အပြင်းအထန် ကြိုးစားဆောင် ရွက်ပေးလျှက်ရှိပါသည်။ ဘင်္ဂလားပင်လယ်အော်ကို ၅ ကီလိုမီတာ ခန့် ဖြတ်ကျော်၍ စစ်တွေမြို့မှ အနောက် ရွာ စခန်းသို့ အခြေခံ လိုအပ်သည့် သုံးရေ၊ သောက်ရေ၊ ဟင်းချက်ရန် လိုအပ်သည့် ရေ များကို လှေဖြင့် သယ်ပို့ပေးလျှက်ရှိပါသည်။

အသက် (၅၀) ကျော် ကလေး (၅)ယောက်၏ ဖခင်ဖြစ်သည့် ဦးလှမောင်သိန်းသည် အနောက်ရွာ စခန်း တွင် နေထိုင်နေသည်မှာ (၇) နှစ် နီးပါး ရှိလာပြီဖြစ်သည်။ ဦးလှမောင်သိန်းသည် လူအများ လိုအပ်နေသည့် ရေကောင်း ရေသန့်များကို လှေပေါ်မှ ချပေးခြင်း၊ စခန်းတွင်းသို့သယ်ပို့ပေးခြင့် တို့ကို တာဝန်ယူလုပ်ဆောင် ပေးနေရသူဖြစ်ပါသည်။

“ခု စခန်းတွင်းထဲမှာရှိတဲ့ ရေကန်တွေက ခြောက်ကုန်ပြီ။ ရေကို လှေနဲ့ သယ်လာရတဲ့အတွက် တစ်ရက်မှာ တစ်ယောက်ကို ရေ ၇.၅ လီတာလောက်ပဲ ကျွန်တော်တို့ ပေးနိုင်နေပါတယ်” ဟု ဦးလှမောင်သိန်းမှ ရှင်းပြသည်။

လှေဖြင့် စခန်းသို့ ရေတိုင်ကီကြီးများဖြင့် သယ်ယူရသည့် ခရီးစဉ်သည်လည်း လွယ်ကူ ချောမွေ့လှသည်တော့ မဟုတ်ပေ။ အနောက်ရွာစခန်းသို့ ရောက်ရန်မှ ခက်ခဲလှပြီး လှေဖြင့်သာ သွားလာနိုင်သည်။ သို့သော် ဒီရေကျသည့် အချိန်တွင် ရေသယ်လာသည့် လှေများသည် စခန်းရှိရာ ဆိပ်ကမ်းသို့ မရောက်နိုင်တော့ပါ။
မိုးရေ သိုလှောင်ကန်များကို မြန်မာနိုင်ငံတော် အစိုးရ နှင့် Solidarites International အဖွဲ့တို့မှ တည်ဆောက် ပေးထားပြီး ပုံမှန်ထိန်းသိမ်း ပေးထားပါသည်။ ထို ရေကန်များသည်သာ သောက်သုံးရေ ရနိုင်သည့် အဓိက ရင်းမြစ်များဖြစ်ကြသည်။ သို့သော် ယခု အခါတွင် အဆိုပါ ရေကန်များအားလုံး ခြောက်ခန်း ကုန်ပါသည်။

ဤ ဒေသတွင် မြေအောက်ရေကို တူးဖော်ရန်မှာလဲ မလွယ်ကူလှပါ။ ခြောက်သွေ့နေသည့် ရေကန်များ အတွင်း အဝီစိ တွင်းများ တူးကြည့်ကြသော်လည်း ရေမထွက်ခဲ့ပေ။ ထိုကြောင့် ယခု နှစ်တွင် စခန်းများသို့ လှေဖြင့် ရေ သယ်ပို့ပေးသည့် အစီအစဉ်ကို မလွဲမသွေ လုပ်ဆောင်ပေးရန် လိုအပ်နေပါသည်။

၂၀၁၉  မေလကုန်ထိ ယူနီဆက်သည့် အနောက်ရွာနှင့် အနောက်ရွာ စခန်းသို့ ရေ ကုဗမီတာ ၁၆၀၀ ကျော် သယ်ပို့ပေးထားပြီးဖြစ်ပါသည်။

“စခန်း နဲ့ ရွာမှာရှိတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေအနေနဲ့ ဘေးကင်းစိတ်ချရတဲ့ သောက်သုံးရေကို ရရှိဖို့အရေးကြီး ပါတယ်။ ရေကို လှေဖြင့် သယ်ယူပေးရတာမှာတော့ အခက်အခဲတွေ ရှိပါတယ်။ ဒီ အတွက် ပိုပြီး ရေရှည်မှာ ပိုမိုတည်မြဲနိုင်တဲ့ အဖြေကို ကြိုးစားရှာဖွေနေပါတယ်” ဟု ယူနီဆက် မြန်မာ၏ ရေ၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ပရိုဂရမ်မှ Kris Cahyanto က ရှင်းပြခဲ့ပါသည်။

1 comment:

  1. Great post, thanks for sharing!

    Hương Lâm với website Huonglam.vn chuyên cung cấp máy photocopy toshiba cũ và dòng máy máy photocopy ricoh cũ uy tín, giá rẻ nhất TP.HCM

    ReplyDelete