Thursday, June 20, 2019

အရွယ်ရောက်သူတွေလည်း ကစားရင်းနဲ့သင်ယူကြမယ်

ရေးသားသူ မေသက်သက်ဦး (Liza)

မေလရဲ့ နံနက်ခင်းတစ်ခုမှာ စာသင်ခန်းတစ်ခုထဲကနေ စူးစူးဝါးဝါးအသံတွေ၊ အော်သံတွေ၊ သီချင်းဆိုသံတွေနဲ့ တိရစ္ဆာန်အကောင်လေးတွေရဲ့အသံတွေကြားလိုက်ရပါတယ်။ ထိန်းလို့မနိုင်တဲ့ ကလေးငယ်တစ်စုရဲ့ အသံတွေလို့ထင်ချင်စရာပါ။ ဒါပေမဲ့ မဟုတ်ပါဘူး ဒါက လူကြီးတွေရဲ့ အသံဖြစ်ပါတယ်။ သူတို့က သရုပ်ဆောင်ကြတယ်။ ကလေးတေးကဗျာတွေဆိုကြတယ်။ ပြီးတော့ဂိမ်းတွေကစားကြပါတယ်။


တချို့က စကားနားထောင်ပြီးလိုက်လုပ်တဲ့ကလေးတွေပုံစံ၊ တချို့က နှောင့်ယှက်ပေးတဲ့ ကလေးလေးတွေရဲ့ ပုံစံလုပ်ကြတဲ့အချိန်မှာ တခြားအဖွဲ့တစ်ခုကတော့ အမူအရာတွေကို စောင့်ကြည့်ကြပါတယ်။ ပြီးတဲ့အခါ သင်တန်းသားအားလုံးက ကလေးငယ်တွေရဲ့ သင်ခန်းစာအပေါ် သူတို့ဘယ်လောက်ကောင်းအောင် စီမံခန့်ခွဲနိုင်ခဲ့သလဲဆိုတာကို အဖွဲ့လိုက် တက်တက်ကြွကြွ အတူတူဆွေးနွေးကြည့်ခဲ့ကြပါတယ်။


ဒီအနီးကပ်သင်တန်းကို လူမှုဝန်ထမ်းဌာနအောက်က ရန်ကုန်မြို့ ရှေးဦးအရွယ် ကလေးသူငယ်ဘဝ စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေး (ECCD) ရင်းမြစ်စင်တာမှာ မေလ ၂၀ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ဒါက ကျွန်မတို့ကို လက်တွေ့နဲ့သီအိုရီပိုင်းကို ဆက်စပ်သိရှိအောင်လုပ်ပေးနိုင်တဲ့သင်တန်းတွေထဲက တစ်ခုပါ” လို့ အလုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ အကြီးတန်းကနဦးသင်ကြားရေး ကျွမ်းကျင်သင်တန်းသားတစ်ဦးက ပြောပြပါတယ်။ “သင်တန်းနည်းပြက ကလေးတွေပျော်ရွှင်နေတဲ့အချိန်မှာ ဘယ်လောက်ကောင်းကောင်း သင်ယူနိုင်တယ်ဆိုတာနဲ့ ကစားနေချိန်မှာ လှုံ့ဆော်ပေးရင် ဦးနှောက်ကဘယ်လို ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးလာစေနိုင်လဲဆိုတာတွေကို အလေးပေးပြောပြခဲ့ပါတယ်။”

ဒီသင်တန်းကို ယူနီဆက်အဖွဲ့ရဲ့ နည်းပညာပံ့ပိုးမှုနဲ့အတူ လူမှုဝန်ထမ်းဌာနက အကောင်အထည် ဖော်ခဲ့တာဖြစ်ပါတယ်။ တက်ရောက်ခဲ့တဲ့သင်တန်းသား ၃၂ ယောက်မှာ ၂၁ ယောက်ကတော့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လူမှုဝန်ထမ်းဌာနတွေက ရှေးဦးအရွယ်ကလေးသူငယ်စောင့်ရှောက်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ(ECCD) ကျွမ်းကျင်သူတွေဖြစ်ပြီး နိုင်ငံတကာနဲ့ ပြည်တွင်းမှာရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေက ၁၁ ဦးပါဝင်ပါတယ်။

အပြန်အလှန်တုံ့ပြန်သင်ကြားရေး နည်းလမ်းစုစုပေါင်း ၅၀ အပြင် သင်တန်းသားတွေဟာ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးရေးရည်မှန်းချက်ကို ရောက်ရှိအောင် ပံ့ပိုးပေးနိုင်ဖို့နဲ့ ရှေးဦးအရွယ်ဖွံ့ဖြိုးရေး နှောင့်နှေးမှုတွေကို စစ်ဆေးကြည့်ရှုနိုင်မယ့် ရှေးဦးအရွယ်ကလေးဘဝ (ECI) ဝန်ဆောင်မှုအသစ်တွေကိုပါ လေ့လာခဲ့ကြရပါတယ်။ ဒါကတော့ မိဘတွေနဲ့ အိမ်မှာရှိတဲ့ တခြားစောင့်ရှောက်သူတွေကို သူတို့ရဲ့ပုံမှန် နေ့စဉ်လုပ်နေကျ လုပ်ငန်းတွေကို ဆောင်ရွက်နေရင်းနဲ့ပဲ ဖွံ့ဖြိုးရေးအတွက် သင့်တော်တဲ့အလေ့အကျင့်တွေနဲ့ ပတ်သက်ပြီး အကြံဥာဏ်ပေးခြင်းအားဖြင့် အဓိကဆောင်ရွက်ရပါတယ်။

ဒီသင်တန်းက ၂၀၁၉ ဇူလိုင်လကနေ အောက်တိုဘာလအထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကောင်အထည်ဖော်မယ့် သုံးလတာ ECCD သင်ရိုးကို စမ်းသပ်သင်ကြားဖို့အတွက် ပြင်ဆင်တဲ့အဆင့်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သုံးလတာသင်ရိုးက ECCD  ကျွမ်းကျင်သူတွေကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ နိုင်ငံတော် အရည်အသွေးအဆင့်အတန်းထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့က လိုင်စင်ပေးအပ်ဖို့အတွက် အရည်အချင်းပြည့်မီရုံမကဘဲ အာဆီယံနိုင်ငံ (ASEAN) တွေကလည်း အသိအမှတ်ပြုစေမယ့် ကျွမ်းကျင်ပညာရှင်အဆင့်တစ်ခုကို ရောက်ရှိတဲ့အထိ အဆင့်မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်။

သုံးလတာသင်တန်းမှာ တက်ရောက်ကြမယ့်သင်တန်းသားတွေဟာ ကလေးသူငယ်ဖွံ့ဖြိုးရေး၊ ကလေးသူငယ်ကျန်းမာရေးနှင့် အာဟာရ၊ ကလေးများအားလုံးပါဝင်ခွင့်ရှိရေး၊ ကလေးများအား စောင့်ကြည့်ခြင်းနှင့်အကဲဖြတ်စစ်ဆေးခြင်း၊ ကနဦးသင်ကြားရေးတွင် မိသားစုများနဲ့ ရပ်ရွာအသိုက်အဝန်းက ပါဝင်ဖို့အရေးကြီးပုံစတဲ့ သင်ခန်းစာတွေအပါအဝင် သင်ခန်းစာပေါင်း ၁၂ ခုနဲ့ ဖွဲ့စည်းထားတဲ့ ECCD သင်ရိုးအသစ်တစ်ခုကို သင်ကြားကြရမှာဖြစ်ပါတယ်။

နှစ်ပတ်ကြာ အနီးကပ်သင်တန်းကို တက်ရောက်ခဲ့ကြတဲ့ အကြီးတန်း ကနဦးသင်ကြားရေး ကျွမ်းကျင် သင်တန်းသားတစ်ဦးက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြန်ပြီးမျှဝေပေးနိုင်မယ့် တန်ဖိုးရှိတဲ့ အချက်အလက်တွေ ရခဲ့တယ်လို့ဆိုပါတယ်။ “ဦးနှောက်နဲ့အာရုံကြောဆိုင်ရာသိပ္ပံပညာတွေနဲ့ ကလေးသူငယ်ဖွံ့ဖြိုးမှုတွေနဲ့ပတ်သက်တဲ့ နောက်ဆုံးရအချက်အလက်များစွာကို ကျွန်မတို့ လေ့လာခွင့်ရခဲ့တယ် - ဒါက ကျွန်မတို့စိတ်တွေကို တကယ်ပဲ အသစ်ပြန်လည်မွေးဖွားပေးနိုင်ခဲ့တယ်လို့”ပြောပြခဲ့ပါတယ်။

No comments:

Post a Comment