Tuesday, May 14, 2019

ကျောင်းပတ်ဝန်းကျင်နှင့် သန့်ရှင်းရေး အလုပ်နိုင်ဆုံးသူများအား မယ်သန့်ရှင်းနှင့် မောင်သန့်ရှင်းဆု ချီးမြှင့်


စာရေးသူ - ခင်မာဝင်းနှင့် အေးမာဇော်


မတ်လ ၂၀၁၉၊ မြန်မာ - (၇) နှစ် အရွယ် မဟန်စုလွင်လေး တစ်ယောက် “မယ်သန့်ရှင်း” ဆု ရသဖြင့် အင်မတန် ဂုဏ်ယူဝမ်းမြောက်နေလေသည်။

“တခြား သူငယ်ချင်းတွေလည်း တစ်ကိုယ်ရေသန့်ရှင်း ပိုပြီးလုပ်လာအောင် သမီးက ကူညီပြောပြပေးနိုင်လို့ အရမ်းပျော်တယ်။” ဟု မဟန်စုလွင် က ပြောပြပါသည်။

ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်ရှိ ဆင်တောင်အလယ်တန်းကျောင်းတွင် လစဉ်၊လတိုင်း ကျောင်းသား၊ ကျောင်းသူများ၏ နေ့စဉ် ပြုမူလုပ်ဆောင်ပုံများကို စောင့်ကြည့်ပြီး “မောင်သန့်ရှင်း” နှင့် “မယ်သန့်ရှင်း” ချန်ပီယံ ဆုများ ချီးမြှင့်ပေးနေခြင်းဖြစ်ပါသည်။ အဆိုပါ ဆုသည် ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ဆိုင်သည့် အသိပညာပေးလုပ်ဆောင်မှုများကို အားပေးသည့် ယှဉ်ပြိုင်မှု ပုံစံတစ်ခုဖြစ်ပါသည်။ အဆိုပါ ကျောင်းတွင် ယူနီဆက်၏ အကူအညီဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ပစ္စည်းများ ပံ့ပိုးတပ်ဆင်ပေးပြီးနောက် အဆိုပါ တစ်ကိုယ်ရေသန့်ရှင်းဆိုင်ရာဆုကို ပေးခဲ့ခြင်းဖြစ်ပါသည်။

ထိုနောက်ပိုင်းတွင် ဖြစ်လာသည့် အပြောင်းအလဲများကို မြင်ရပြီး စိတ်အားထက်သန်နေသည့် ဆရာမ ဒေါ်မြင့်လှိုင်မှ သူမြင်တွေ့ရသည်များကို ပြောပြပါသည်။

ဆရာမဒေါ်မြင့်မြင့်လှိုင်၊ မဟန်စုလွင်(လယ်) နှင့် သူငယ်ချင်းတို့တွဲ၍ ကယားပြည်နယ်ရှိ ကျောင်းတွင် ဓာတ်ပုံရိုက်ခံနေစဉ်။ 
©UNICEF Myanmar/2019/ Khin Mar Win


“သန့်ရှင်းပြီး သုံးရလွယ်ကူတော့ ကလေးတွေကလည်း တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်တဲ့ အလေ့အကျင့်ကောင်းတွေကို ပိုလုပ်လာ ကြတယ်။ သန့်ရှင်းရေးက ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပိုပြီး သင်ယူခွင့်ရလာသလို ဒီပစ္စည်းတွေ ကိုလည်း ပိုပြီးသုံးလာတာတွေ့ရတော့ ကျွန်မပျော်ပါတယ်။” ဟု ဆရာမဒေါ် မြင့်မြင့်လှိုင်မှ ပြောပြပါသည်။

“ဒါတွေ မရှိခင်တုန်းကဆိုရင် ကျွန်မတို့မှာ သန့်ရှင်းတဲ့ သောက်ရေ လုံလုံလောက်လောက် မရရှိသလို တစ်ကိုယ်ရေသန့်ရှင်းရေးပိုင်းမှာ အတော်အားနည်းပါတယ်။ အရင်က အိမ်သာတွေဆိုရင် သုံးလို့ရတယ် ဆိုရုံလောက်ပဲရှိပြီး ညစ်လည်းညစ်ပတ်တယ်။ အမှိုက်အစိုနဲ့ အခြောက်ဆိုလဲ ပုံးတစ်ခုထဲမှာပဲပစ်ကြတယ်။ လက်ဆေးဖို့နေရာက တစ်နေရာပဲရှိပြီး ဆပ်ပြာလဲမရှိ စီးဆင်းနေတဲ့ ရေလဲမရှိပါဘူး။ နောက်ပြီး ပျိုဖော်ဝင်လာတဲ့ မိန်းကလေးတွေ ရာသီလာလို့ရှိရင် ကျောင်းကိုမတက်ပဲနေကြတဲ့ အထိပါပဲ။” ဟု ဆရာမ မှ ရှင်းပြသည်။

မြန်မာနိုင်ငံရှိစာသင်ကျောင်းများတွင် ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ ပံ့ပိုးလုပ်ဆောင်ပေးနေသည့် ယူနီဆက်၏ အစီအစဉ်မှာ ရေတိုင်ကီများကို မြှင့်ပေးပြီး အမျိုးသားနှင့် အမျိုးသမီး အိမ်သာများသို့ ရေပိုက်သွယ်တန်းပေးခြင်း၊ လက်ဆေးသည့် နေရာများ လုပ်ပေးခြင်း၊ ရေစစ်နှင့် သောက်ရေစက်များ တပ်ဆင်ပေးခြင်း၊ မိန်းကလေးများ အတွက် ဓမ္မတာရာသီလာချိန် အသုံးပစ္စည်းများ ပေးဝေးပေးခြင်းတို့ကို လုပ်ဆောင်ပေးနေပါသည်။
ချန်ပီယံ မယ်သန့်ရှင်း၊ မောင်သန့်ရှင်းလေးများမှ ကယားပြည်နယ်ရှိ
 ကျောင်းအတွင်း လက်ဆေးရာနေရာ တွင် လက်ဆေးထားပြီးနောက် သန့်သန့်ရှင်းရှင်း ဖြစ်နေသည့် လက်လေးများကို ပြနေကြစဉ်။
©UNICEF Myanmar/2019/ Khin Mar Win
အဆိုပါအစီအစဉ်တွင် တစ်ကိုယ်ရေသန့်ရှင်းရေး အသိပညာများ ဖြန့်ဝေပေးခြင်း၊ ဆရာမများနှင့် ကျောင်းသူများအတွက် ဓမ္မတာရာသီလာချိန်တွင် မည်သို့ တစ်ကိုယ်သန့်ရှင်းရေးကိစ္စများ အထူးသတိပြု လုပ်ဆောင်ရမည့်အကြောင်း အသိပညာ ဖြန့်ဝေပေး ခြင်း၊ ကျောင်းထိန်းသိမ်းရေး လုပ်ပေးနေသည့် ဝန်ထမ်းများအား အိမ်သာ၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးပစ္စည်းများကို မည်သို့အသုံးပြုရမည်၊ ထိန်းသိမ်းကိုင်တွယ်ရမည် ဆိုသည့် အကြောင်းကို သင်တန်းပေးခြင်း တို့ကိုလည်း လုပ်ဆောင်ပေးနေပါသည်။

အဆိုပါ အစီအစဉ်ကြောင့် ကယားပြည်နယ်အတွင်းရှိ ကျောင်းပေါင်း ၂၇ကျောင်းမှ ကလေးသူငယ် ၉၄၈၈ ယောက်သည် ယခုအခါတွင် ပိုမိုကောင်းမွန်သည့် ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ပံ့ပိုးမှု ပစ္စည်းများကို အသုံးပြုနိုင်သဖြင့် အကျိုးခံစားနေရပြီဖြစ်ပါသည်။

မကြာမှီက “မောင်သန့်ရှင်း” ဆုကို ရရှိထားသည့် (၉)နှစ်အရွယ် မောင်သူရိန်မင်းမှ “သားရဲ့ ကိုယ်ခန္ဓာကို ဘယ်လို သန့်သန့်ရှင်းရှင်းဖြစ်အောင် နေရမလဲဆိုတာ သင်ယူနေပါတယ်ခင်ဗျား။ ဒါတွေက သားမသိခဲ့တဲ့ စိတ်ဝင်စားစရာ သင်ယူစရာ အသစ် တွေပါ ခင်ဗျား။ သား တစ်ကိုယ်လုံး သန့်ရှင်းနေရင် ပိုပြီး ပျော်စရာကောင်း ပါတယ်” ဟု မောင်သူရိန်မင်းမှ ပြောပြပါသည်။

No comments:

Post a Comment