Friday, March 30, 2018

မြေမြှုပ်မိုင်းအများဆုံးရှိသည့် ပြည်နယ်တွင် မိခင်နှင့် ကလေးများသည် အသိပညာဗဟုသုတအသစ်များကို ပြန်လည်ဝေမျှရန်ဆန္ဒပြင်းပြလျက်ရှိ

ရေးသားသူ - Macarena Aguilar

ကချင်ပြည်နယ်ရှိ အမျိုးသမီးများနှင့် ကလေးများသည် မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေးသင်တန်းများမှတစ်ဆင့် မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေနိုင်သည့် စစ်လက်နက် အကြွင်းအကျန်များ အကြောင်းလေ့လာသင်ယူကြပြီး အများစုက သူတို့သင်ယူခဲ့ရသည့် အသိပညာဗဟုသုတအသစ်များကို သူတို့၏ မိသားစုများ၊ သူငယ်ချင်းများ နှင့် သူတို့ပတ်ဝန်းကျင်ရှိ အခြားသူများအား ပြန်လည်မျှဝေပေးဖို့ ဆန္ဒပြင်းပြလျှက်ရှိကြသည်။ သူတို့၏သက်သေခံချက်အချို့ကိုဖတ်ရှုပါရန်….

ဆိုင်းနူ (၁၃) သည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ မိုင်းနားစစ်ဘေးရှောင်စခန်းတွင် ယူနီဆက် နှင့် DRC/DDG အဖွဲ့တို့မှ ပံ့ပိုးပြုလုပ်ပေးသည့် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာ ပေး ခြင်း သင်တန်းတွင် မြေမြှုပ်မိုင်းအန္တရာယ်ဆိုင်ရာကာတွန်းစာအုပ်ကို စိတ်ပါဝင်စားစွာဖတ်ရှုနေစဉ်။
©UNICEF Myanmar/2018/Nyan Zay Htet
ဆယ်စုနှစ်များစွာကြာဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ မြေမြှပ်မိုင်းအများဆုံး နိုင်ငံများတွင် တစ်နိုင်ငံဖြစ်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၄ ခုအနက် ၉ ခုတွင် မိုင်းဒဏ်ခံစားရပါသည်။ 
အန္တရာယ်ရှိသောပေါက်ကွဲစေတတ်သည့်ပစ္စည်းများသည် နေရပ်စွန့်ခွာထွက်ပြေးကြသူများ အိမ်ပြန်ရန်နှင့် လယ်သမားများ အလုပ်လုပ်နိုင်ဖို့ အဟန့်အတားဖြစ်စေပြီး ကလေးများလွတ်လပ်စွာ သွားလာနေစဉ်၊ ကျောင်းသွားနေစဉ်၊ လယ်ယာလုပ်ငန်းတွင် ကူညီပေးနေစဉ် သို့မဟုတ် ဆော့ကစားနေ စဉ်အချိန်များတွင် မိုင်း၏ သားကောင်အဖြစ် ရောက်ရှိနိုင်သည်။

၂၀၁၆ ခုနှစ်၊ ဧပြီလ တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ မြန်မာနိုင်ငံတွင် စစ်ကြောင့်ထိခိုက်ခံစားရသည့် ကလေးငယ်ထက်ဝက်သည် မြေမြှုပ်မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်များကြောင့် ဖြစ်ကြောင်း မှတ်တင်ထားရှိခဲ့ပါသည်။

ယခုနှစ်၏ အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ်  အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေး(ဧပြီ ၄ ရက်) အထိမ်းအမှတ်အဖြစ် ယူနီဆက်သည် မြန်မာနိုင်ငံတွင် ပဋိပက္ခဒဏ် အများဆုံးခံစားရသည့် ပြည်နယ်များမှ တစ်ခုဖြစ်ပြီး မြေမြှုပ်မိုင်း အများဆုံးရှိသည့် ကချင်ပြည်နယ်ကို အလေးပေး အာရုံစိုက်ဆောင်ရွက်နေပါသည်။ 

၂၀၁၇ ခုနှစ်တွင် နိုင်ငံအနှံ့ဖြစ်ပွားသည့် မိုင်းထိခိုက် ဒဏ်ရာရသေဆုံးသူ စုစုပေါင်း၏ ၃၄% ကျော်သည် တရုတ်နိုင်ငံနယ်စပ်ရှိ မြောက်ပိုင်းဒေသများတွင်ဖြစ်သည်။ သို့သော် ၂၀၁၈ အချက်အလက်များအရ နှစ်၏ ပထမ (၂) လအတွင်း ထိခိုက်ဒဏ်ရာရသေဆုံးမှု အရေအတွက်သည် ကချင်ပြည်နယ်တွင် အများဆုံးဖြစ်ပြီး မြေမြှုပ်မှိုင်း ထိခိုက်ဒဏ်ရာရသေဆုံးမှု စာရင်း၏ထိပ်ဆုံးတွင် ရပ်တည်ကာ စံချိန်တင်မှတ်တမ်း တစ်ခုအဖြစ် ရောက်ရှိခဲ့ပါသည်။ မိုင်းလုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့အစည်းများ အပါအဝင် ကချင်ပြည်နယ်အစိုးရမှ လူမူရေးဝန်ကြီးပါဝင်ပြီး ကြိုးစားဆောင်ရွက်နေပါသည်။

အသက်ကယ်တင်နိုင်သည့်သတင်းအချက်အလက် 

၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးသူ ခွန်လန်နင် မှ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ စီဒင်ယံကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် သင်တန်းပို့ချနေစဉ်။
©UNICEF Myanmar/2018/Nyan Zay Htet
ယူနီဆက် အထောက်အပံ့ဖြင့် ပံ့ပိုးပေးခဲ့သည့် မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေးအစီအစဉ်များမှ တစ်ဆင့် ကလေးများနှင့် မိသားစုဝင်များသည် ၎င်းတို့ရရှိထားသည့် အသိပညာ ဗဟုသုတများဖြင့် မည်ကဲ့သို့ လုံခြုံစွာဖြင့်နေထိုင်သည်ကို ယူနီဆက်အနေဖြင့် ပထမဆုံးတွေ့ရှိလိုပါသည်။

ယူနီဆက်တက်ရောက်ခဲ့သည့် လူထုအစည်းအဝေးများနှင့် သင်တန်းများတွင် ကလေးများနှင့် မိခင်များက ပြောပြသည်မှာ မမြှုပ်မိုင်းအကြောင်း သတင်းအချက်အလက် အသစ်များသည် သူတို့အတွက်မည်ကဲ့သို့အသုံးဝင်ကြောင်း ကြားသိရပါသည်။ အများစုသိထားသည်မှာ သူတို့ဒေသတွင် မြေမြှုပ်မိုင်းများသည် ပြဿနာတစ်ခုအဖြစ်ရှိနေပြီး ယင်းမိုင်းများသည် ပုံသဏ္ဍာန်အမျိုးမျိုး၊ အရောင်အသွေးအမျိုးမျိုး ရှိကြပြီး မြေထဲတွင် မြှပ်ထားသော်လည်း ဂုဏ်သတ္တိရှိကြောင်း၊ နှစ်ပေါင်းရာချီတိုင်အောင် ရှိနေကြောင်းစသည်တို့မှာ သူတို့အတွက် အရေးပါသော အချက်အလက်များဖြစ်သည်။

မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို ကျောင်းများ၊ လူမှုအသိုက်အဝန်းများနှင့် စစ်ဘေးရှောင်စခန်းများရှိ နေရပ်စွန့်ခွာ ထွက်ပြေးလာသူများအတွက် ကျွမ်းကျင်သော ပို့ချသူများမှ သင်တန်းပေးကြပါသည်။ ၂၀၁၆ ခုနှစ်မှစတင်ပြီး နိုင်ငံတစ်ဝှမ်း ဆောင်ရွက်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် အကောင်အထည်ဖေါ်နိုင်သည့်အတွက် ဥရောပသမဂ္ဂမှ ရံပုံငွေ အထောက်အပံ့အတွက် ကျေးဇူးတင်ရှိပါသည်။

နိုင်ငံတစ်ဝှမ်းတွင် ယနေ့အချိန်အထိ ကလေးငယ်နှင့် မိသားစုဝင် စုစုပေါင်း ၃၂၁၀၀၀ ကျော် သင်တန်းတက်ရောက်ခဲ့ကြပြီး ကချင်ပြည်နယ်တစ်ခုတည်းတွင် စုစုပေါင်း ၄၈၀၀၀ ရှိပါသည်။

မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာတစ်ခုတည်းဖြင့် ထိုပြည်နယ်ရှိလူတိုင်းကို မြေမြှုပ်မိုင်းအန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် မလုံလောက်သော်လည်း အန္တရာယ်ရှိသော ပေါက်ကွဲစေတတ်သည့် ပစ္စည်းများကြောင့်ဖြစ်လာမည့် အကျိုးဆက်များကို သိသာစွာလျော့ကျစေနိုင်ပါသည်။

တပြိုင်နက်တည်း မိုင်းရှင်းလင်းဖယ်ရှားခြင်းကို အရှိန်အဟုန်မြင့်ဆောင်ရွက်ပေးမှသာ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ပြည်သူများ စိတ်သက်သာရာ ရစေမည်ဖြစ်သည်။

မျှဝေခြင်းသည်ပင်ပြုစုစောင့်ရှောက်ပေးခြင်း

DRC/DDG မှ မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးသူ နော်ဆောင်း မှ ကချင်ပြည်နယ် မိုင်းနား စစ်ရှောင်စခန်းရှိ ကလေးငယ်များအား မြေမြှုပ်မိုင်းအမျိုးအစားများနှင့် စစ်လက်နက်အကြွင်းအကျန်များကိုသူတို့သတိပြုမိစေရန် ပြသနေစဉ်။
©UNICEF Myanmar/2018/Nyan Zay Htet
ယူနီဆက်အနေဖြင့် မြစ်ကြီးနားမြို့နှင့် ကီလိုမီတာ အနည်းငယ်ကွာဝေးသည့် ဝိုင်းမော်မြို့နယ်ရှိ မိုင်နား စစ်ဘေးရှောင် စခန်းရှိ လူထုစည်းဝေးခန်းမတွင် ပြုလုပ်သည့် ပထမဆုံး သင်တန်းသို့သွားရောက်ခဲ့ပါသည်။

ကချင်ပြည်နယ်တွင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြသည့် လူပေါင်း ၆၇၀၀၀ ရှိပြီး စစ်ဘေးရှောင်စခန်းများစွာနှင့် အခြားသော နေရာများတွင် ခိုလှုံနေထိုင်ကြပါသည်။

ကျွန်ုပ်တို့အဖွဲ့ ရောက်ရှိချိန်တွင် စခန်း ၌ အသက် ၈ နှစ်မှ ၁၄ နှစ်အကြားကလေးများဖြင့် ဆူညံလျက်ရှိပါသည်။ အချို့သူများမှာ ၂၀၁၁ ခုနှစ်ကတည်းက နေထိုင်နေကြသူများဖြစ်သည်။ ယခုအချိန်တွင် လူပေါင်း ၁၈၀၀ ခန့်နေထိုင် လျှက်ရှိသည်။

DRC/DDG မှ သင်တန်းပို့ချသူ နော်အောင်မှ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး သင်ထောက်ကူပစ္စည်းတစ်ခုနှင့် ရောင်စုံကားချပ်များနှင့်အတူ ကလေးငယ်များအား မြေမြှပ်မိုင်း/စစ်လက်နက်အကြွင်းအကျန်များ ကို မည်သို့ ခွဲခြားသတ်မှတ်ရမည်၊ ရှောင်ရှားရမည်နှင့် သတင်းပေးပို့ရမည်တို့ကို ရှင်းပြခဲ့ပါသည်။ အကယ်၍ သူတို့အနေဖြင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ခုတွေ့ရှိပါက ရပ်တန့်လိုက်ပါ၊ နောက်ဆုတ်လိုက်ပါ၊ အိမ်ပြန်ပြီး မိဘတွေကို ပြောပါ။ မိဘများမှတစ်ဆင့် ဒေသဆိုင်ရာအာဏာပိုင်များကို ဆက်သွယ်သင့်ပါသည်။ 
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ မိုင်းနားစစ်ဘေးရှောင်စခန်းတွင် ယူနီဆက် နှင့် DRC/DDG တို့ပံ့ပိုးမှုဖြင့် ပြုလုပ်သည့် မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲတွင် မြေမြှုပ်မိုင်းအန္တရာယ်မှ လုံခြုံမှုရှိစေခြင်း အကြောင်း ကာတွန်းစာအုပ်ကို ဆိုင်းနူ (၁၃) နှစ်မှ ကိုင်ထားစဉ်။
©UNICEF Myanmar/2018/Nyan Zay Htet


လက်ကမ်းစာစောင်တစ်ခုတွင် ရုပ်စုံကာတွန်းများနှင့် ရှင်းလင်းသောပုံများအသုံးပြုထားပါသည်။ မပေါက်ကွဲသေးသော စစ်ကျန်လက်နက်များအား ဥပမာပေးခြင်း၊ ဒဏ်ရာရနိုင်ကြောင်း ဥပမာပေးခြင်း နှင့် သေဆုံးနိုင်သည့် အန္တရာယ်ကို အရိုးခေါင်းပုံနှင့် ကြက်ခြေခတ်ဖြင့် ဥပမာပေးထားခြင်းတို့ဖြစ်သည်။

မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကို ကချင်ပြည်နယ် မိုင်းနားစစ်ဘေးရှောင်စခန်းတွင် ပြုလုပ်စဉ် DRC/DDG အဖွဲ့မှ မျှဝေသည့် သတင်းအချက်အလက်များကို လူငယ်လေးတစ်ဦးမှ ဂရုတစိုက် နားထောင်နေစဉ်။
©UNICEF Myanmar/2018/Nyan Zay Htet
ဆွေးနွေးပွဲပြီးဆုံးသည်နှင့် တပြိုင်နက် ကလေးများက မနားတမ်း သူတို့အကြောင်းကို ဆက်လက်ပြောဆိုနေဆဲဖြစ်ပြီး တက်ကြွလန်းဆန်းနေကြသည်။ သတင်းအချက်အလက် အသစ်တွေကိုဆွေးနွေးဖို့ စိတ်အားထက်သန်နေကြသည်။ အခုဘာလုပ်ကြမလဲ?

“ဒီနေ့သင်ယူခဲ့တဲ့အရာတွေကို သူငယ်ချင်းများနှင့် မိသားစုများထံ ပြန်လည်ဝေမျှသွားမယ်” ဟုအများစုကပြောသည်

သူတို့၏ကိုယ်ပိုင်စကားလုံးများဖြင့် 


“ဒီသင်တန်းပြီး သွားတဲ့ အခါ မိုင်းနဲ့ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုတာ ကျွန်မသိသွားပြီ။ အရင်ကကျွန်မ ရှင်းရှင်းလင်းလင်း မသိခဲ့ပါဘူး။ အခုလို အရေးကြီးတဲ့အရာတွေ ကိုသင်ယူခဲ့ရတဲ့ အတွက်အရမ်းဝမ်းသာပါတယ် .. ကျွန်မရွာကို ပြန်သွားချင်ပါတယ်… ကျွန်မ အဲဒီမှာပိုပျော်ပါတယ်…. အိမ်ပြန် ရောက်ရင် ကျွန်မတို့သိထား တဲ့ဗဟုသုတတွေ ကို အခြား ရွာသား တွေကို ပြန်လည်မျှဝေသွားမယ်” 
မလိဒွယ်နန်(၁၃) 


“မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြီး သွားတဲ့အခါ အန္တရာယ် ရှိနိုင်တဲ့နေရာတွေကို ဘယ်လို ရှောင်ရှားရ မလဲဆိုတာ သိလာပါတယ်။ ကျွန်မရွာမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ ဆွေးမျိုးတွေ ကိုပြန်လည်ဝေမျှပါမယ်” 
ထုမိုင် (၁၂) 


“ဒီမိုင်းတွေက မြေအောက်မှာလည်း ပေါက်ကွဲနိုင်တယ်၊ ပလက်စတစ်ဘူး သို့မဟုတ် အချိုရည်သံဘူးတွေနဲ့ လုပ်လို့ရတယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး။ မိုင်းအကြောင်း လေ့လာသင်ယူပြီး နောက်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ခံစားရတဲ့ သူတွေကို ကျွန်တော် ကူညီပေးချင်တယ်”
ဆပ်တနော် (၁၄)


 “မိုင်းတွေက စစ်ပွဲတွေကြောင့် ကျန်ခဲ့တာဖြစ်ပါတယ်။  အန္တရာယ်ရှိတဲ့အတွက် မထိမကိုင်သင့်ဘူး။ ကျွန်တော်ရွာ ပြန်ရောက်ရင် ဒါတွေက အန္တရာယ်ရှိကြောင်း သူငယ်ချင်းတွေကိုပြောပြမယ်” 
နော်ရင်း (၁၃) 

မိခင်တစ်ယောက်၏အသိစိတ် 

၂၀၁၈ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ ဆီဒင်ယန် ကျေးရွားတွင် ဆွေးနွေးပွဲကျင်းပရန် စုဝေးနေစဉ် မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးသူ ခေါင်လန်နင် မှ လက်ကမ်းစာစောင်အားဖြန့်ဝေပေးနေစဉ်။ 
©UNICEF Myanmar/2018/Nyan Zay Htet 

ကျွန်ုပ်တို့သည် မြစ်ကြီးနာမှ ကားဖြင့်သွားလျှင် တစ်နာရီခန့်ကွာဝေးသည့် ဆီဒင်ယန်ကျေးရွာသို့ ရောက်ရှိခဲ့ပါသည်။ ထိုကျေးရွာတွင် ယူနီဆက်မိတ်ဖက် အဖွဲ့ဖြစ်သည့် DRC/DDG အဖွဲ့မှ ကျေးရွာလူထု အဖွဲ့ဝင် ၃၀၀ ခန့် အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် စိုင်းပြင်းနေကြသည်။

တက်ကြွစွာပါဝင်ဖို့ဆောင်ရွက်နေခဲ့ပြီး ဆွေးနွေးပွဲခန်းမအတွင်း ကလေးငယ်များချီပိုးထားသည့် မိခင်များဖြင့် ပြည့်လျက်ရှိသည်။ သူတို့ရဲ့အကြီးမားဆုံးသော ဆန္ဒကတော့ သူတို့ကလေးတွေကို ကာကွယ်ပေးဖို့ဖြစ်သည်။ 

၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ ဆီဒင်ယန်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးနေစဉ် အသက် (၅၈) နှစ်အရွယ် ဒေါ်ဖန် (အလယ်)မှမြေမြှုပ်မိုင်းနှင့် ပတ်သက်ပြီးသူမအတွေ့အကြုံကို ရှင်းလင်းဆွေးနွေးစဉ်။
©UNICEF Myanmar/2018/Nyan Zay Htet 


“တကယ်တော့ လွန်ခဲ့တဲ့ ၆ နှစ်က ကျွန်မ မော်တော်ဆိုင်ကယ်နဲ့ ပေါင်းစုတံတားကို ဖြတ်နေတုန်း ကျွန်မနောက်မှာ မိုင်းတစ်လုံးပေါက်ကွဲသွားခဲ့တယ်” ဟု ရွာသားတစ်ဦးဖြစ်သူ ဒေါ်ဖန် (၅၈)မှ ဆွေးနွေးပွဲတွင် ပြောပြသည်။ 

ကချင်ပည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရနိုင်သည့် သို့မဟုတ် အသက်သေဆုံးနိုင်သည့် ခြိမ်းခြောက်မှု အန္တရာယ်သည် ယင်းနေရာတွင်နေထိုင်သူများ အတွက်အချိန်မရွေး ဖြစ်နိုင်ကြောင်း ကို ဒေါ်ဖန်၏ဇာတ်လမ်းမှ တစ်ဆင့် သိရှိခဲ့သည်။

“ရရှိလာတဲ့ ဗဟုသုတအသစ်တွေနဲ့အတူ မိခင်များအနေဖြင့် သူတို့ရဲ့ကလေးများကို ကာကွယ်ပေးနိုင်ရန် ကူညီပေးသည့်အတွက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ ချီးကျူးခြင်းခံခဲ့ရပါတယ်။ “မိခင်များအနေနဲ့အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို အိမ်ပြန်ရောက်ရင် သူတို့ကလေးတွေကို ပြန်ပြောပြမယ်ဆိုတာကျွန်မသိပါတယ်။ သူတို့အနေနဲ့ အန္တရာယ်ရှိတဲ့နေရာတွေကို သိသွားပြီဆိုရင် ရှောင်ရှားနိုင်မယ် သူတို့ကလေးတွေလည်း လုံခြုံမှုရသွားမယ်” ဟု DRC/DDG မှ ဆွေးနွေးသူ ခွန်လန်နင် ကပြောသည်။

ကိုယ်ပိုင်စကားလုံးများဖြင့် 


“မိုင်းအကြောင်းတော့ ကျွန်မကြားဖူး ပါတယ်၊ ဒါပေမယ့် ဒီလောက်အမျိုးအစားများပြီး ပုံစံ အမျိုးမျိုးရှိကြောင်းမသိခဲ့ဘူး။ အခုတော့ဒီသတင်းကိုကျွန်မတို့ဆီ မျှဝေပေး ခဲ့တယ်။ ကျွန်မလည်း ကျွန်မကလေးတွေကို ပြန်ပြောပြမယ် ဒါမှ အန္တရာယ်ရှိတဲ့ အရာဝတ္ထုတွေကို ရှောင်ရှားနိုင်မယ်” ဒေါ်ခွန်နန် (၃၇) 


“ကျွန်မက မိတ္ထီလာက၊ ဒီနေရာက ကျွန်မအမျိုးသားရွာ။ ကျွန်မ ဒီရွာကိုရောက်တော့ ကျွန်မဘဝမှာ ပထမဦးဆုံး မိုင်းပေါက်ကွဲသံနှင့် သေနတ်သံကြားရတာပဲ။ ကျွန်မတော်တော်ကြောက်သွားတယ်။ အန္တရာယ်ရှိတဲ့နေရာတွေကို ဘယ်လို ရှောင်ရှားရမယ်ဆိုတာ အသေးစိတ်ရှင်း ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကြည်ကြည်စန်း (၂၅) 


“ဒီမိုင်းတွေမရှိတော့ဖို့ ကျွန်မဆုတောင်းပါတယ်။ ဒါမှသာ ကျွန်မတို့ ဘယ်နေရာမဆို သွားလို့ရပြီး လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်မယ်။ အခု အချိန်မှာတော့ မသွားဖို့တားမြစ်ထားတဲ့ နေရာတွေများတဲ့အတွက် အလုပ်လုပ်ဖို့ခက်ခဲပါတယ်”
ဂျဘရိန်း (၂၅)


“ကျွန်မက ထင်းကောက်ပါတယ် တောင်ယာလည်းလုပ်တော့  တောထဲကို သွားရပါတယ်။ အခုတော့ကျွန်မတို့ကို မျှဝေပေးထားတဲ့ ဗဟုသုတတွေကြောင့် မြေမြှုပ်မိုင်းကို ဘယ်လိုရှောင်ရှားရမလဲ၊ ဘယ်လိုဂရုစိုက်ရမလဲဆိုသတာ ကျွန်မသိသွားပြီ။ အိမ်မှာရှိတဲ့ ကလေးတွေကိုလည်း ပြန်ပြောပြရမယ်” ဒေါ်ဖန် (၅၈)

No comments:

Post a Comment