Wednesday, March 14, 2018

အတူလက်တွဲလျက် ခရီးဆက်မယ့် ဆယ်ကျော်သက်များ

ရေးသားသူ - ယုယုအောင်

“သမီးတို့ဆယ်ကျော်သက်တွေ လူမှုရေးအလုပ်တွေကို အတူတူလုပ်ရတာ တကယ်သဘောကျပါတယ်၊ ဒါကြောင့် အဖွဲ့ဖွဲ့တာပါ။”

ဒါကတော့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က အသစ်ဖွဲ့စည်းလိုက်တဲ့ ဆယ်ကျော်သက်အဖွဲ့က လူငယ်တစ်ယောက်ရဲ့ စကားသံဖြစ်ပါတယ်။

ရှမ်းပြည်နယ်က မြန်မာနိုင်ငံရဲ့ အကြီးဆုံးပြည်နယ်ဖြစ်ပြီး ဆယ်ကျော်သက် အရွယ်လူငယ် ၁.၂သန်း နေထိုင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဆယ်ကျော်သက်စုစုပေါင်းရဲ့ ၁၂ရာခိုင်နှုန်းဖြစ်ပါတယ်။

ယူနီဆက်က ဆယ်ကျော်သက်များ ပူးပေါင်းပါဝင်ရေးအစီအစဉ်ကို ပီယာဆန်(Pearson)ရဲ့ ငွေကြေး အထောက်အပံ့နဲ့ ဆောင်ရွက်နေပါတယ်။ UPSHIFTလို့နာမည်ပေထားတဲ့ ဆယ်ကျော်များ ပူးပေါင်းပါဝင်ရေးအစီအစဉ်မှာ ဆယ်ကျော်သက်လူငယ်တွေကို အုပ်စုဖွဲ့ပြီး သင်တန်းတွေပေးပါတယ်။ ၂၁ရာစုမှာ အောင်မြင်တဲ့သူများဖြစ်လာစေရန် လိုအပ်တဲ့ အရည်အချင်းတွေဖြစ်တဲ့ ထိရောက်စွာ ပြောဆိုဆက်ဆံခြင်း၊ အများနှင့်ပူးပေါင်း လုပ်ဆောင်ခြင်းနှင့် အဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ ပြသနာကို ဖြေရှင်းခြင်း၊ ဆန်းသစ်တီထွင်ခြင်းစတဲ့ ဘ၀အရည်အချင်းတွေကို  လေ့ကျင့်ပေးပါတယ်။


ဒီအစီအစဉ်မှာ  ဆယ်ကျော်သက်အရွယ် လူငယ်များက မိမိရပ်ရွာနှင့်ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ ပြဿနာ၊ အခက်အခဲတွေကို ရှာဖွေဖော်ထုတ်ပြီး၊  ဆန်းသစ်တဲ့နည်းလမ်းတွေရှာပြီး ဖြေရှင်းတတ်အောင် လေ့ကျင့်ပေးပါတယ်။

တောင်ကြီးမြို့က ဆယ်ကျော်သက်တွေက ပထဆုံး လူမှုရေးလုပ်ငန်းအနေနဲ့ ကျောင်းတွေကိုသွားပြီး ကလေးတွေကို  မူးယစ်ဆေးဝါးအကြောင်း ပညာပေးတဲ့ကမ်ပိန်းကို ၂၀၁၈၊ ဇန်န၀ါရီလမှာ ပြုလုပ်ခဲ့ပါတယ်။ ကမ်ပိန်းမှာ ပါခဲ့တဲ့ ဆယ်ကျော်သက်တွေက ကမ်ပိန်းညပီးတာနဲ့ ပွဲပြီးမီးသေမျိုး မဖြစ်ချင်ကြပါ။ ဒါကြောင့် ဆယ်ကျော်သက်လူငယ် ၁၅ဦး (မိန်းကလေး ၈ဦး၊ ယောက်ျားလေး ၇ဦး)ကအဖွဲ့ဖွဲ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့အဖွဲ့ကို Cherry Adolescent Network (CAN) လို့ ယာယီနာမည်ပေးထားပါတယ်။

သူတို့အားလုံးက အသက်၁၅နှစ်မှ ၁၉နှစ်ကြားရှိတဲ့ ဆယ်ကျော်သက်တွေဖြစ်ပြီး အဖွဲ့ဖွဲ့ရတဲ့တခြား အကြောင်းအရင်းတွေလည်း အများကြီးရှိပါတယ်။

သူတို့ဒေသမှာ ဆယ်ကျော်သက်အရွယ်တွေ ဦးဆောင်တဲ့ အရပ်ဘက်အဖွဲ့တွေ မရှိသေးတာက အကြောင်းတစ်ခု ဖြစ်ပါတယ်။

မိဘမဲ့ကျောင်းတွေ၊ သက်ကြီးရွယ်အိုတွေကို လှူတန်းတဲ့ ပရဟိတအလုပ်တွေလုပ်တာတွေ မြန်မာနိုင်ငံမှာ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဘ၀အရည်အချင်းတွေ ရှိလာအောင် ပျိုးထောင်ပေးတဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေလုပ်တာ  မရှိသလောက်နည်းတယ်လို့ သူတို့ထဲက တစ်ယောက်ကဆိုပါတယ်။

“ဒီလို ဘ၀အရည်အချင်းတွေ ရှိလာအောင်လုပ်ပေးရတာ ပရဟိတလုပ်တာထက် ပိုခက်ပါတယ်၊ ရလာတဲ့ အကျိုးကျေးဇူးကလည်း ပိုများပါတယ်။”

လူငယ်တွေအတွက် အမျိုးမျိုးသောသင်တန်းတွေက အရေးကြီးပါတယ်။

“အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်းတွေက တက်ဖို့ ရှာရတာမခက်ပါဘူး။ ဘ၀အရည်အချင်းကို သင်ပေးတဲ့နေရာက မရှိသေးဘူး။ ဒီလို ဘ၀အရည်အချင်းတွေရဲ့ တန်ဖိုးကို သမီးတို့ သိတယ်၊ သင်ရတာလဲ ပိုခက်တယ်” လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သင်တန်းမှာသင်ပေးခဲ့တဲ့အရာတွေက သူတို့ ရှေ့ဆက်ဖို့အများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်။
“စစချင်းတုန်းကတော့ အဖွဲ့ဖွဲ့ချင်တာဘဲသိတယ်၊ ဘယ်ကဘယ်လိုစလုပ်ရမလဲမသိဘူး၊ ပြီးခဲ့တဲ့ ၂၁ရာစုအရည်အချင်းများသင်တန်းမှာ အတူတူတက်ပြီး  ဘယ်လိုရှေ့ဆက် လုပ်ဆောင်ကြမလဲဆိုတာတွေ ဆွေးနွေးပြီး အဖွဲ့ကို အတည်ဖွဲ့လိုက်တယ်။ အခုလိုစနစ်တကျ ဖွဲ့လိုက်တော့ လူမှုရေးအလုပ်တွေကို အတူတူ စနစ်တကျ ပိုလုပ်နိုင်မယ်။”  လို့ ပါဝင်သူတစ်ဦးက ဆိုပါတယ်။

အားကျအတုယူစရာ

သူများတွေလုပ်တာကို နမူနာယူတာက လေ့လာသင်ယူမှုကို ပိုပြီးလွယ်စေပါတယ်။ ရှမ်းပြည်နယ်က ဆယ်ကျော်သက်တွေက အတွေ့အကြုံရှိတဲ့ တခြားဆယ်ကျော်သက်တွေကို ကြည့်ပြီး ပိုမို စိတ်အားထက်သန်လာတယ်လို့ ဆိုပါတယ်။

“မူးယစ်ဆေးပညာပေး ကမ်ပိန်းမှာ ရန်ကုန်ကလာတဲ့ Teens and Dreams အဖွဲ့ကလူတွေနဲ့ အတူတူလက်တွဲ အလုပ်လုပ်တယ်။ သူတို့ကိုအားကျတယ်။ သူတို့တောင်လုပ်နိုင်ရင် ငါတို့လဲ ဘာလို့မလုပ်နိုင်ရမှာလဲလို့ တွေးမိတယ်။”

ပြီးခဲ့တဲ့ သင်တန်းမှာ သူတို့တွေစုပြီး သူတို့လုပ်ချင်တဲ့ လုပ်ငန်းအစီအစဉ်တွေ ဆွဲကြပါတယ်။ သူတို့လုပ်ချင်တဲ့ လုပ်ငန်းတွေကတော့ -

  • အလုပ်လုပ်နေတဲ့ကလေးတွေကို စာသင်ရန် အချိန်ရဖို့ ကူညီပေးခြင်း
  • မူးယစ်ဆေးသုံးစွဲမှုကာကွယ်ရေး ပညာပေးတွေကို မရောက်သေးတဲ့ ကျောင်းတွေကို သွားရောက် ပညာပေးခြင်း
  • မျိုးဆက်ပွားနှင့်လိင်မှုဆိုင်ရာ ကျန်းမာရေးပညာပေးခြင်း
  • ဆယ်ကျော်သက်များကို ၂၁ရာစုအရည်အချင်းများ သင်တန်းပေးခြင်းနှင့် အဖွဲ့ရဲ့ လုပ်ငန်းများတွင် ပါဝင်အောင် လက်တွဲခေါ်ခြင်း



ပြီးခဲ့တဲ့ သင်တန်းမှာ အဖွဲ့ဝင်တွေလိုက်နာဖို့ စည်းကမ်းတွေနဲ့ ငွေးကြေးဆိုင်ရာ စည်းကမ်းတွေကိုလည်း ချမှတ်ခဲ့ပါတယ်။ တစ်ယောက်ကို တစ်လ ၂၀၀၀ကျပ်စီစုပြီး အဖွဲ့ကလုပ်မယ့် လုပ်ငန်းတွေမှာသုံးဖို့ သဘောတူခဲ့ကြတယ်။

ပိုပြီးကောင်းတဲ့ အဖွဲ့နာမည်ကို မတွေ့ခင်မှာ ချယ်ရီပင်တွေရှိတဲ့ရှမ်းပြည်ကို အစွဲပြုပြီး Cherry Adolescent Network လို့လောလောဆယ် နာမည်ပေးထားပါတယ်။ 

အသစ်ဖွဲ့ထားတဲ့ ချယ်ရီမြေက ဆယ်ကျော်သက်အဖွဲ့က ငလျင်အကြောင်း အသိပညာပေးတဲ့ လုပ်ငန်းမှာ ၀င်ရောက် ပါဝင်လှုပ်ရှားခဲ့ပါသေးတယ်။

မြန်မာနိုင်ငံက ငလျင်အန္တရာယ်ရှိတဲ့နေရာမှာ ရှိနေပေမယ့် ငလျင်နဲ့ ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်မှု အသိပညာက အရမ်းနည်းပါတယ်။ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာနက ပြုလုပ်တဲ့ ငလျင်အသိပညာပေး လှုပ်ရှားမှုမှာ ပါဝင်သရုပ်ပြတာ၊ ရှေးဦးကူညီလုပ်ဆောင်မှု ပြုလုပ်တာ၊ အသိပညာပေး စာဆောင်တွေဝေတာ တွေမှာ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလိုပါဝင်တဲ့အတွက် သူတို့လည်း ငလျင်လှုပ်ရင် ဘာလုပ်ရမလဲ သိသွားသလို အများပြည်သူလည်း အသိပညာရပါတယ်။ 

ဒီလိုပါဝင်တာက ချယ်ရီလူငယ်တွေအတွက်တော့ ရှေ့ဆက်မယ့်ခရီးမှာ ပိုမိုကျယ်ပြန်တဲ့ လူ့အသိုက်အ၀န်းရဲ့ အကျိုးကို ဆောင်ရွက်ပေးနိုင်ဖို့ ပိုပြီး ယုံကြည်မှုတွေဖြစ်လာစေတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။


No comments:

Post a Comment