Tuesday, March 27, 2018

ကရင်ပြည်နယ်ရှိ ကျေးရွာနေပြည်သူများ၏ ဘဝကို ပိုမိုဖြောင့်ဖြူးစေသည့် ရေပိုက်လိုင်းစနစ်

ရေးသားသူ - ခင်မာဝင်း

ကရင်ပြည်နယ်၊ ပျဉ်ကတိုးကုန်းကျေးရွာမှာ နေထိုင်တဲ့သူတွေဟာ ရေရရှိဖို့အတွက် ၄ကီလိုမီတာ လမ်းလျှောက်ခဲ့ရတယ်ဆိုတာ သူတို့အတွက် အမှတ်ရစရာတခု အဖြစ်ရှိနေတော့မှာပါ … 

ကျေးရွာနေပြည်သူတွေဟာ ရေရရှိဖို့အတွက် အိမ်မှ ဒုံတမိမြစ်ကို နာရီပေါင်းများစွာ အချိန်ကုန်ခံပြီး ကြိုးစားပမ်းစား သယ်ယူခဲ့ကြရပါတယ်။ ရွာမှာ ရေအဆင်သင့် မရနိုင်တဲ့အတွက် အပြင်မှာ မစင်စွန့်တဲ့ အလေ့အထတခုက လူထုတွေအကြား နိစ္စဓူဝ အလုပ်တခု ဖြစ်လာခဲ့ပါတယ်။ ဒီအခြေအနေတွေက ထိခိုက်လွယ်တဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် အန္တရာယ်ကျရောက်နိုင်ခြေများပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးမှလည်း “ရေမရှိလို့ အိမ်သာမရှိ” တာမဆန်းပါဘူးလို့ ပြောပါတယ်။ 

Daw Htwe Yee, her daughter and grandchild are delighted that they now have a water supply at their home.
©NICF Myanmar/2018/ Khin Mar Win


၆၂နှစ်အရွယ် အဖွား ဒေါ်ထွေးရီမှလည်း အခုလိုအိမ်တိုင်ရာရောက် ရေပိုက်လိုင်းမှ ရေမီတာတပ်ဆင် သုံးစွဲရေးစနစ်ကို ကြိုဆိုပါတယ်လို့ ပြောပါတယ်။ “ဒီစနစ်ဟာ ကျွန်မတို့ မိသားစုတွေရဲ့ ဘဝတွေကို အများကြီး ပြောင်းလဲစေခဲ့ပါတယ်။ အရင်တုန်းက ကျွန်မရဲ့ မိသားစုဝင် ၂ဦး၊ ၃ဦးဟာ နွေရာသီရောက်တိုင်း နေ့စဉ်နေ့တိုင်း ရေကို လက်တွန်းလှည်းဖြင့် သယ်ယူခဲ့ရပါတယ်” လို့လည်း ပြောပါတယ်။

“ဒါ့အပြင် ကျွန်မရဲ့ သမီးတွေဟာ ရေချိုးဖို့ ၄ကီလိုမီတာခရီးသွားခဲ့ရတယ်။ သူတို့အတွက် လုံခြုံမှုလည်းမရှိဘူး။ သူတို့ရေသွားခပ်၊ ရေသွားချိုးပြီဆိုရင် သူတို့တွေ အန္တရာယ်တခုခု ကျရောက်မလားဆိုပြီး အမြဲတမ်း စိုးရိမ်ပူပန်ခဲ့ရတယ်။ သူတို့ပြန်ရောက်လာတော့မှ စိတ်အေးရပါတယ်။ မိခင်တစ်ယောက်အနေနဲ့ ဒီလိုပူပန်နေရတာ မလွယ်လှပါဘူး” လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

“အခုတော့ ဒါတွေအားလုံး အဆင်ပြေသွားပါပြီ။”

ရေကို ကောင်းမွန်စွာ မရရှိခြင်းဟာ လူတွေကို ကျန်းမာရေး ဆုတ်ယုတ်စေပါတယ်။ ဝမ်းပျက် ဝမ်းလျှောရောဂါလို ကာကွယ်လို့ရတဲ့ ရောဂါဟာ တောင်သူလယ်သမား မိသားစုတွေအကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါမျိုး ဖြစ်လာကာ ဖျားနာလျှင် မိသားစုတွေရဲ့ ဝင်ငွေကို နည်းပါးသွားစေပါတယ်။ အထူးသဖြင့် ကလေးငယ်တွေကို ပိုမို ထိခိုက်စေပါတယ်။

အသက် ၁၀နှစ်အရွယ် ဒေါ်ထွေးရီရဲ့ မြေးမလေး မအေးနန္ဒာစိုးမှလည်း “သမီးနဲ့ သမီးသူငယ်ချင်းတွေမှာ နှစ်စဉ် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ခြင်းက ကင်းဝေးချင်လှပါပြီ။” လို့ ပြောလာပါတယ်။

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာပံ့ပိုး၍ ယူနီဆက်မှ ပစ္စည်းများထောက်ပံ့ပေးပြီး ကျေးရွာနေပြည်သူများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော အိမ်တိုင်ရာရောက် ရေမီတာသုံး ရေပေးဝေရေးစနစ်ကို ဆောင်ရွက်ခဲ့ပြီးသည့်နောက် ယခုလက်ရှိရွာမှာ အခြေအနေအများကြီး တိုးတက်ပြောင်းလဲလာခဲပြီ ဖြစ်ပါတယ်။ ဒီစနစ်ကို အကောင်အထည်ဖော်ရာမှာ တစ်နှစ်ကြာမြင့်ခဲ့ပြီး ရွာရှိ နေအိမ်တစ်အိမ်စီမှ မြန်မာကျပ်ငွေ ၁၅, ၀၀၀ ထည့်ဝင်ခဲ့သည့်အတွက် ကျေးရွာမှ ၄၀ရာခိုင်နှုန်းခန့် ပါဝင် အကောင်အထည် ဖော်ခဲ့သည်ဟု ဆိုနိုင်ပါတယ်။

“ကျေးရွာလူထုရဲ့ စိတ်ဝင်စားမှု၊ ပူးပေါင်းပါဝင်မှုနဲ့အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာ ပံ့ပိုးမှုဟာ လုပ်ငန်းအောင်မြင်မှုအတွက် အဓိက ခွန်အားတရပ် ဖြစ်စေပါတယ်။” လို့ ယူနီဆက်မှ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအရာရှိ ဦးခင်အောင်သိန်းက ပြောပါတယ်။

ကျေးရွာလူထုရဲ့ စိတ်ပါဝင်စားမှု၊ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်မှုများကြောင့် ဘားအံမြို့နယ်ရှိ ကျေးရွာပေါင်း ၄၇၄ရွာမှ၊ ၃ရွာဟာ အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် ရေရရှိနေပြီ ဖြစ်သည်။

တိုးတက်မှုတွေ ဆက်လက်တည်ရှိနေဦးမှာ ဖြစ်ပါတယ်။ “ကျွန်ုပ်တို့ရွာကို ပိုချစ်လာတယ်။ အခုဆိုရင် အိမ်တိုင်းမှာ အိမ်သာသုံးစွဲဖို့နဲ့ အိမ်သာအတွင်းထိ ရေဘုံဘိုင်တပ်ဆင်သုံးစွဲဖို့ တွန်းအားပေးနေပါပြီ။” လို့ ရေသုံးစွဲရေး ကော်မတီမှလည်း ပြောကြားပါတယ်။ လက်ရှိရေကော်မတီမှာ အမျိုးသမီးအဖွဲ့ဝင် သုံးပုတစ်ပုံခန့် ပါဝင်တာကို တွေ့ရပါတယ်။

ကျေးရွာနေပြည်သူများမှလည်း ၎င်းတို့၏ အောင်မြင်မှုအတွက် ဝမ်းမြောက်ဂုဏ်ယူနေကြသကဲ့သို့ ရေကော်မတီများမှလည်း ကျေးရွာ၏ ကြိုးစားအားထုတ်မှု၊ အောင်မြင်မှုများကို လာရောက် လေ့လာချင်သူများရှိလျှင် လက်ခံရန် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။

Ma Aye Nandar Soe and her mother are happy to share their experiences with the new water supply at their home—their wishes were granted! 
©UNICEF Myanmar/2018/Khin Mar Win


“အခုဆိုရင် ဘားအံမြို့နယ်ရှိ ကျေးရွာ ၃ရွာမှာ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းမှ ရေမီတာတပ်ဆင် သုံးစွဲနေပါပြီ။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှလည်း ကရင်ပြည်နယ်ရှိ အခြား မြို့နယ်တွေမှာလည်း ဒီစနစ်ကို စံပြုထားပြီး ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့ ရည်မှန်းထားရှိပါတယ်။” လို့ ဦးစီးဌာနမှ အရာရှိတစ်ဦးက ဆိုပါတယ်။ 

No comments:

Post a Comment