Wednesday, March 14, 2018

ရှေ့ဆောင်လမ်းပြကြသူများ - ဆယ်ကျော်သက်များ ဦးဆောင်သော အရက်၊ မူးယစ်ဆေးပညာပေး ရက်သတ္တပတ်

ရးသားသူ - ယုယုအောင်

တိုတောင်းတဲ့ အချိန်တစ်ပတ်အတွင်းမှာ ဘာတွေဖြစ်အောင်လုပ်နိုင်မလဲ။ ၂၀၁၈ခုနှစ် ဇန်န၀ါရီလမှာ အရက်၊ မူးယစ်ဆေးပညာပေး ရက်သတ္တပတ်ကမ်ပိန်းကို အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့ လူငယ်တွေအတွက်တော့  တစ်ပတ်ဆိုတဲ့ အချိန်အတွင်းမှာ အများကြီးလုပ်ဆောင်နိုင်ခဲ့ပါတယ်။

ယူနီဆက်က ဆယ်ကျော်သက်များ ပူးပေါင်းပါဝင်ရေးအစီအစဉ်ကို ပီယာဆန်(Pearson)ရဲ့ ငွေကြေး အထောက်အပံ့နဲ့ ဆောင်ရွက်နေပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ဆယ်ကျော်သက်လူငယ်တွေက ယခုလို အထင်ကရရှိတဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုကာကွယ်ရေးကမ်ပိန်းကို မြန်မာနိုင်ငံက မြို့ကြီး၎မြို့ဖြစ်တဲ့ ရန်ုကုန်၊ မန္တလေး၊ တောင်ကြီးနဲ့ မော်လမြိုင်မြို့မှာ  တပြိုင်တည်းပြုလုပ်ခဲ့ပါတယ်။   UPSHIFT လို့ နာမည်ပေးထားတဲ့ ဆယ်ကျော်သက်များ ပူးပေါင်းပါဝင်ရေး အစီအစဉ်မှာ ဆယ်ကျော်သက်လူငယ်တွေက ထိရောက်စွာ ပြောဆို ဆက်ဆံခြင်း၊ အများနှင့် ပူပေါင်းလုပ်ဆောင်ခြင်းနှင့် အဖွဲ့လိုက်လုပ်ဆောင်ခြင်း၊ ပြသနာကို ဖြေရှင်းခြင်း၊ ဆန်းသစ်တီထွင်ခြင်းစသည့် ၂၁ရာစုမှာ အောင်မြင်တဲ့ သူတွေဖြစ်လာစေရန် လိုအပ်တဲ့ အရည်အချင်းတွေကို လေ့ကျင့်ပေးပါတယ်။


ဆယ်ကျော်သက် လူငယ်များက မိမိရပ်ရွာနှင့် ပတ်ဝန်ကျင်တွင်ရှိနေသာ ပြဿနာ၊ အခက်အခဲများကို ရှာဖွေဖော်ထုတ်ပြီး  နည်းလမ်းအသစ်တွေရှာပြီး ဖြေရှင်းတတ်အောင်လည်း လေ့ကျင့်ပေးပါတယ်။

ဆယ်ကျော်သက် လူငယ်တွေက ၄င်းတို့ပတ်ဝန်းကျင်က ပြဿနာကို ဖော်ထုတ်တဲ့အခါ လူငယ်တွေကြားမှာ မူးယစ်ဆေးဝါးသုံးစွဲခြင်း ပြဿနာက ထိပ်ဆုံးကပါနေပါတယ်။

သူတို့ရဲ့ တွေ့ရှိချက်ကလည်းမှန်ပါတယ်။ UNODC(ကုလသမဂ္ဂ မူးယစ်ဆေးနှင့် မှုးခင်များဆိုင်ရာအဖွဲ့)အရ မြန်မာနိုင်ငံက  ဒုတိယ ဘိန်းအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး ပြည်တွင်း ဘိန်းသုံးစွဲမှုကလည်း များပါတယ်။  စိတ်ကြွဆေးထုတ်လုပ်မှုများတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဆယ်ကျော်သက်လူငယ်တွေက မူးယစ်ဆေးဝါးကို အလွယ်တကူ လက်လှမ်းမီနေပါတယ်။ ကလေးများ တရားဥပဒေနှင့်ငြိစွန်းရခြင်း၊ အကြမ်းဖက်ခြင်းနှင့် ရာဇ၀တ်မှုများ ကျူးလွန်းခြင်းတွေရဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုက မူးယစ်ဆေး သုံးစွဲခြင်းကြောင့် ဖြစ်ပါတယ်။

မူးယစ်ဆေးသုံးစွဲမှုက နိုင်ငံတော်ကချမှတ်ထားတဲ့ လူငယ်များကျန်းမာရေး ၅နှစ်တာ မဟာဗျူဟာစီမံကိန်းနဲ့  လူငယ်ရေးရာမူဝါဒမှာ ဦးစားပေးဆောင်ရွက်ရမယ့် ကဏ္ဍတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ဆယ်ကျော်သက်လူငယ်တွေက စုပေါင်းပြီး မူးယစ်ဆေးသုံးစွဲမှုကို တိုက်ဖျက်ဖို့ လက်တွဲဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။


ပထမဆုံး “မူးယစ်ဆေးသုံးစွဲမှု ကာကွယ်ရေးနှင့် မျိုးဆက်သစ်လူငယ်များ ခေါင်းဆောင်မှု” ၃ရက်တာ သင်တန်းကို ၂၀၁၇ခုနှစ်အတွင်း ယူနီဆက်က ပြုလုပ်ပေးခဲ့ပါတယ်။

ယင်းကမ်ပိန်းတွင် ဆယ်ကျော်သက်လူငယ်များက အတူတကွအစီအစဉ်ရေးဆွဲပြီး  ကျောင်းတွေမှာ မူးယစ်ဆေးအကြောင်း ပညာပေး သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းအုပ်ဆရာများ၊ ပညာရေးမှုများ၊ လူမှုဝန်ထမ်းမှ တာဝန်ရှိသူများ၊ မြို့နယ် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့စတဲ့ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

ယူနီဆက်မှ တာဝန်ခံတစ်ဦးနဲ့ ဆယ်ကျော်သက်လူငယ်များ ဖွံ့ဖြိုးရေးအဖွဲ့ (AHEAD)မှ  တာဝန်ခံတစ်ဦးတို့က ဒီကမ်ပိန်းမှာ ဆယ်ကျော်သက်လူငယ်တွေ လိုအပ်တဲ့လမ်းညွှန်မှုတွေပေးခဲ့ပါတယ်။

ဆယ်ကျော်သက်တွေက ဗဟိုအဖွဲ့ ဖွဲ့ပြီး၊ မြို့နယ်အလိုက်တာဝန်ခံများသတ်မှတ်ကာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး နဲ့ မော်လမြိုင် က  ဆယ်ကျော်သက်တွေနဲ့ ချိတ်ဆက်ပြီးအလုပ်လုပ်ခဲ့ကြပါတယ်။

ကမ်ပိန်းကို အရက်၊ မူးယစ်ဆေးပညာပေးရက်သတ္တပတ်လို့ နာမည်ပေးထားပါတယ်။



ကမ်ပိန်းမှာ ဆယ်ကျော်သက်လူငယ် ၂၄၃ ဦး ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။  သူတို့ မူးယစ်ဆေးသုံးစွဲမှု ကာကွယ်ရေးနှင့် မျိုးဆက်သစ်လူငယ်များ ခေါင်းဆောင်မှု သင်တန်းကို ၃ရက်တာ တက်ရောက်ပြီး နောက် စာသင်ကျောင်းမှာ ပညာပေးခဲကြတာ  အသက် ၁၀နှစ်မှ ၁၅နှစ်ကြား ဆယ်ကျောက်သက် ၅၇၆၆၆ ( ယောက်ျားလေး ၂၉၇၄၇ နှင့် မိန်းကလေး ၂၇၉၅၂) ဦးတို့ မူးယစ်အကြောင်းအသိပညာရရှိခဲ့ပါတယ်။

သုံးသပ်ခြင်း

မူးယစ်ဆေးဝါးသုံးစွဲမှုကာကွယ်ရေး ပညာပေးကမ်ပိန်းကို အောင်မြင်စွာလုပ်ဆောင်ပြီးနောက်  လုပ်အားပေး လူငယ်တွေက ၄င်းတို့အတွေ့အကြုံတွေကို  ပြန်လည်သုံးသပ်ကြပါတယ်။

“ဆယ်ကျော်သက်အုပ်စုတွေအချင်းချင်း ပိုပြီးရင်းနှီးလာတယ်၊ တမြို့တည်းနေတဲ့သူတင်မကဘူး ဒီကမ်ပိန်းမှာပါတဲ့ တခြားမြို့ကသူတွေနဲ့ပါ ရင်းနီးလာပါတယ်” ဟု မော်လမြိုင်မြို့ တာဝန်ခံ အသက် ၁၉နှစ်အရွယ်ရှိ မသိမ့်သိမ့်သူက ပြောပါတယ်။


ကမ်ပိန်းမှာ ပါဝင်တဲ့အတွက် အကျိုးရလဒ်က သုံးခုရှိပါတယ်။ ပထမဆုံး ကမ်ပိန်းမှာ ပါဝင်တဲ့ ဆယ်ကျော်သက်လူငယ်တွေ မူးယစ်ဆေးအကြောင်းကို ပိုသိလာတဲ့အပြင် မိမိကိုယ်ကိုလေးစားမှုပိုရှိလာခြင်း၊ အများနှင့် စုပေါင်းလုပ်ဆောင်ခြင်း နှင့် ပြသနာကိုပူးပေါင်းအဖြေရှာခြင်း စတဲ့ အရည်အချင်းတွေလည်း ရရှိလာပါတယ်။ ဒုတိယက ကမ်ပိန်းမှာ သွားရောက်ပညာပေးခဲ့တဲ့ ကျောင်းတွေက ဆယ်ကျော်သက်တွေ မူးယစ်ဆေးအကြောင်းသိရှိပြီး ရှောင်ကြဉ်နိုင်မယ့် အချက်အလက်တွေရရှိပါတယ်။ ဒါအပြင် အခုကမ်ပိန်းက  ဆယ်ကျော်သက်တွေ စုပေါင်းပြီး အများအကျိုးပြု လုပ်ငန်းတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်ဆိုတာကို  သက်သေပြနိုင်ခဲ့ပြီး တခြားဆယ်ကျော်သက်တွေအတွက် ရှေ့ဆောင်လမ်းပြ ဖြစ်စေပါတယ်။

“အခုကမ်ပိန်းမှာပါကြတဲ့ လုပ်အားပေးတွေက မနှစ်က ကမ်ပိန်းကို သိပြီးပါလာကြတာများပါတယ်။ ဒီနှစ် ကမ်းပိန်းကို မြင်ကြတဲ့သူတွေလည်း နောက်လုပ်မယ့် ကမ်းပိန်းတွေမှာ အားကျပြီးပါလာမယ်လို့ ယုံကြည်ပါတယ်” လို့ တောင်ကြီးမြို့တာဝန်ခံ အသက်၁၈နှစ်ရှိ မအေးအိနြေ္ဒမောင်က ပြောပါတယ်။

ရှေ့သို့ကြည့်သောအခါ

ယခု မူးယစ်ဆေးပညာပေးကမ်ပိန်းက မူးယစ်ဆေးအကြောင်းတင်မက တခြားပြသနာတွေကို ဖြေရှင်းမယ့် ပိုကြီးတဲ့ ကမ်ပိန်းတွေလုပ်ဖို့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။

ဆယ်ကျော်သက်တွေ နောက်ထပ် ဦးစားပေးလုပ်ဆောင်မယ့် အကြောင်းက ကလေးများကို အကြမ်းဖက်ခြင်းမှ ကာကွယ်ခြင်း ဖြစ်ပါတယ်။ ဒါက  ယူနီဆက်က ဦးစားပေးဆောင်ရွက်မယ့် အရာလည်းဖြစ်ပါတယ်။  ဒါ့အပြင် မျိုးဆက်ပွားနှင့် လိင်မှုဆိုင်ရာ ကျန်းမာရေး၊ အိမ်တွင်းအကြမ်းဖက်ခြင်းစတဲ့ အကြောင်းအရာတွေကိုလည်း ဖြေရှင်းရာတွင် လုပ်ဆောင်လိုကြောင်း ကမ်ပိန်းကို ဦးဆောင်ညှိနှိုင်းရေးမှုး အဖြစ်ဆောင်ရွက်ခဲ့သူ အသက်၁၉နှစ်ရှိ မောင်ဟိဏ်းထက်အောင်က ပြောပါတယ်။

“အခုကမ်းပိန်းကို အောင်အောင်မြင်မြင် လုပ်နိုင်တဲ့အတွက် တခြား လူမှုရေးလုပ်ငန်းတွေမှာလုပ်ဖို့ ကျွန်တော်တို့တွေ ပိုပြီးယုံကြည်မှုရှိလာတယ်၊ ပိုပြီး စိတ်အားထက်သန်လာတယ်”လို့ သူကပြောပါတယ်။

“ဒီကမ်ပိန်းမှာပါတဲ့ သူငယ်ချင်းတွေ ဆေးလိပ်သောက်တာတွေ့ရင်တောင် သူများကြတော့ ပညာပေးပြီး ကိုယ်တိုင် သောက်နေလို့မဖြစ်ဘူးဆိုပြီး  အချင်းချင်း ပြောဆိုကြပါတယ်၊ ဒါကမ်ပိန်းမှာပါတဲ့ အကျိုးကျေးဇူးထဲက တစ်ခုပေါ့” ဟု မောင်ဟိဏ်းထက်အောင်က ပြောပါတယ်။

No comments:

Post a Comment