Monday, July 13, 2015

ရခိုင်ပြည်နယ်ရှိ ပြည်တွင်း နေရပ် ရွှေ့ပြောင်းနေထိုင်သူများ၏ စခန်းများ၌ကလေးများအဟာရချို့တဲ့မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် မိခင်များ ပူးပေါင်းပါဝင်

ရေးသူ - ရဲလွင်
©UNICEF Myanmar/2015/Ye Lwin
 
စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ မတ်လ ၂၀၁၄။ ။ ၂၃နှစ် အရွယ်ရှိနေပြီဖြစ်သော မခင်စောသည် သူမ၏ ရင်သွေးငယ် နှစ်ဦးကို ဂုဏ်ယူစွာဖြင့် ကြည့်နေမိသည်။ သူတို့သည် စစ်တွေရှိ သက်ကယ်ပြင်စခန်းတွင် အခက်အခဲများကို ကြံ့ကြံ့ခံရင်း ကျန်းမာသန်စွမ်းသော ကလေးများလည်း ဖြစ်ပါသည်။
 
သို့သော် အမြဲတမ်းတော့ ထိုသို့ မဟုတ်ပါချေ။ မခင်စောသည် လွန်ခဲ့သည့် သုံးနှစ်က လူမျိုးရေးအခြေခံ အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွားချိန်မှ စတင်ကာ ဤစခန်းတွင် နေထိုင်လာခဲ့ရပါသည်။ ထိုအချိန်က သူမတွင် သားဦးလေး ရှိနေပြီလည်း ဖြစ်ပါသည်။ “ ကျွန်မ အနေနဲ့ မိခင်နို့ တိုက်ကြွေးခြင်း အကြောင်းရော၊ ဒီလိုလုပ်ခြင်းရဲ့ အကျိုးရှိပုံတွေကိုရော ဗဟုသုတ မရှိခဲ့ပါဘူး” ဟု ၀န်ခံခဲ့သည်။ “ကျွန်မ ကလေးကို ရက်လေးဆယ် လောက်ပဲ နို့တိုက်ပြီးတော့ တခြားအစာတွေ စကျွေး တော့တာပါဘဲ” ဟုလည်း ဆိုပါသည်။ “ရလာဒ်ကတော့ ကလေးက ခဏခဏဖျား၊ ၀မ်းတွေလျှောပြီး နေမကောင်းဖြစ်လိုက်နဲ့ အားနည်း ပိန်လှီလာတယ်” လို့လည်း ပြောပြပါသည်။
 
 သုံးနှစ်တာကာလ ကျော်ဖြတ်ပြီး နောက်တွင်၊ မခင်စောသည် သင်ခန်းစာများစွာကို သင်ယူရရှိခဲ့ ပါတော့သည်။ သူမသည် စခန်းရှိ နို့တိုက်မိခင် ၂၇၅ ဦးအနက် တစ်ဦးဖြစ်ပြီး မိခင်အချင်းချင်း အပြန်အလှန် စောင့်ရှောက်ကူညီရေးအဖွဲ့၏ အဖွဲ့သား တစ်ဦးလည်း ဖြစ်ပါသည်။ “စခန်းမှာ ပြုလုပ်ပေးတဲ့ ကျန်းမာရေးပညာပေး ဟောပြောပွဲတွေကနေတဆင့် ကလေးကို မိခင်နို့ ပြည့်ပြည့်၀၀ တိုက်ကျွေးခြင်း၊ မွေးကင်းစနဲ့ ကလေးငယ်အရွယ် အစားအစာ ကျွေးမွေးခြင်းတို့နဲ့ ပတ်သက်ပြီး အရေးကြီင်္းတဲ့ အကြောင်းတွေကို  သိရှိနားလည်နေပါပြီ၊ ခု ခြောက်လသား ကျွန်မရဲ့ ဒုတိယ ကလေးကိုတော့ မိခင်နို့ ပြည့်ပြည့်၀၀ တိုက်ကျွေးခြင်း လုပ်နိုင်ခဲ့ပါတယ်” ဟု သူမက ဖွင့်ဟ ပြောကြားခဲ့သည်။
 
ယူနီဆက်အဖွဲ့၏ ပံ့ပိုးမှုနှင့် အတူ၊ Save the Children အဖွဲ့သည် စစ်တွေနှင့် ပေါက်တော မြို့နယ်များရှိ လူမျိုးရေးအခြေခံ အကြမ်းဖက် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ နေထိုင်ရသူများ၏ စခန်းများမှ နို့တိုက်မိခင်ပေါင်း ၆၀၀၀ ကျော်၊ မွေးကင်းစ အပါအ၀င် ကလေးငယ် ၆၃၀၀ ခန့်တို့ကို အဟာရချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာရသော သေဆုံးခြင်းနှင့် ရောဂါ ဖြစ်ပွားမှုနှုန်း လျှော့ချနိုင်ရန် ရည်ရွယ်ပြီး အကူအညီပေးမှုများ ဆောင်ရွက်နေပါသည်။

 “၂၀၁၄ ခုနှစ် ကတည်းက စပြီးတော့ အလွန်အမင်းဆိုးရွာစွာ အဟာရချို့တဲ့မှု (SAM) ရောဂါဝေဒနာ များကို  ကုသပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်မှုလုပ်ငန်းများနှင့် အတူတွဲပြီးတော့ ကိုယ်ဝန် ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ၊ ကလေးငယ်တွေအတွက် မိခင်နှင့် မွေးကင်းစ ကလေးငယ်တို့နှင့် ပတ်သက်တဲ့ သိသင့်သိထိုက်သော သတင်းအချက်အလက်တွေကို သိရှိကြရအောင် ဆောင်ရွက် ပေးနေပါတယ်” ဟုလည်း Save the Children အဖွဲ့မှ စီမံချက်အရာရှိ ဖြစ်သူ ဒေါ်ပပက ရှင်းပြခဲ့ပါသည်။

မွေးကင်းစကလေးငယ်များ အာဟာရတိုက်ကျွေးခြင်း စီမံချက်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ အပြုအမူအလေ့ကျင့်များ ပြောင်းလဲစေရန် အတွက် ၂နှစ်အောက် ကလေးငယ်များရှိသော စေတနာ့ဝန်ထမ်းမိခင် အယောက် ၁၀၀ ကို ဦးစွာ လေ့ကျင့်သင်ကြားပေးခဲ့သည်။ ဤလုပ်ဆောင် မှုများသည် အရေးပေါ်အခြေအနေတွင် အာဟာရဆိုင် ဗဟုသုတအသိအမြင် အားကောင်းစွာ သိရှိနားလည်မှုကို တိုးတက်စေရန် အထောက်အကူ ဖြစ်စေပါသည်။

စန်းစန်းသည် သက်ကယ်ပြင်ရှိ နေရပ်စွန့်ခွာ နေထိုင်သူများစခန်း၌ ကျန်းမာရေး ပညာပေး တာဝန်ခံ တစ်ဦးဖြစ်ပြီး နို့တိုက်မိခင်များကို အာဟာရဆိုင်ရာ အမူအကျင့်များနှင့်ပတ်သက်၍ ကျန်းမာရေးပညာပေး တာဝန်ခံတစ်ဦးဖြစ်ပြီး နို့တိုက်မိခင်များကို ထိုအာဟာရဆိုင်ရာ အမူအကျင့်များအကြောင်း ရှင်းလင်း ပြောပြနိုင်ရန်အတွက်လည်း မိခင်များနို့တိုက်သော အခန်းကို အသုံးပြုပါသည်။ “ပထမပိုင်းကတော့ မိခင်တွေကို ပညာပေးရတာ အရမ်းခက်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဘာသာရေး စည်းကမ်းတွေအရ သူတို့ကို အပြင်ပေးမထွက်လို့ပါဘဲ” ဟုသူမက ရှင်းပြသည်။ “အဲ့ဒါကြောင့်ဘဲ ကျွန်မတို့ စေတနာဝန် ထမ်းမိခင် ၁၀၀ ကို တစ်အိမ်တက်ဆင်း၊ အဓိကကျတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဖြူးပေးရန် စီစဉ်ရခြင်းဖြစ်ပါတယ်၊ အိမ်ထဲကအိမ်ပြင် ထွက်လာဖို့ အဆင်မပြေတဲ့ မိခင်တွေလဲ အာဟာရ တိုက်ကျွေးမှုနှင့်ပတ်သက်တဲ့ အဓိကသိသင့်သိထိုက်တဲ့ အချက်လက်တွေကို ဒီလုပ်ငန်းစဉ်ကနေ သူတို့ရရှိနေပါတယ်” ဟုလည်းသူမက ယုံယုံကြည်ကြည် ပြောပြပါသည်။

အလားတူစွာပင် မြန်မာနိုင်ငံကျန်းမာရေးမှူးများအသင်းနှင့် လက်တွဲ၍ ယူနီဆက်အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းခြောက်ခုမှ နေရပ်စွန့်ခွာနေထိုင်ကြရသော စခန်းများရှိ  ကလေးများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နို့တိုက်မိခင်များအတွက် အာဟာရဆိုင်ရာ ပညာပေးရေး လုပ်ဆောင်မှုများကို လုပ်ဆောင်နေပြီး အမျိုးသမီးများ မိခင်များနှင့် ကလေးငယ်များ စုစုပေါင်း ၂၇,၀၀၀ ကျော် အကျိုးကျေးဇူးများ ရရှိနေပါသည်။

လွန်ခဲ့သော နှစ်နှစ်ခန့် အချိန်က၊  သုံးနှစ်အရွယ် ကလေးငယ် တစ်ဦး၏ မိခင်တစ်ဦး ဖြစ်သည့် မသဲစုခိုင်သည် ဆတ်ရိုးကျ မြို့သစ်စခန်းသို့ ရောက်ရှိလာခဲ့ပါသည်။ ထိုစခန်းတွင် ငါးနှစ်အောက် ကလေးငယ် ၄၀၀ ခန့်နှင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် စုစုပေါင်း ၁၀၀ ကျော် ရှိပါသည်။ “ကျွန်မစရောက်တဲ့ အချိန်က ကျွန်မသားလေး အာဟာရချို့တဲ့မှု ဆိုးဆိုးရွားရွား ခံစားနေခဲ့ရပါတယ်” ဟု သူမက ပြန်ပြောပြသည်။ “စခန်းမှာရှိတဲ့ မြန်မာနိုင်ငံ ကျန်းမာရေးမှူးများအသင်း ဆေးပေးခန်းက ကုသပေးပါတယ် အဲဒါကြောင့် ကျွန်မသားလေး သေလုမြောပါး အခြေနေကနေ ပြန်ကောင်းလာခဲ့ရပါတယ်” ဟုလည်း ပြောပြပါသည်။ “ကျွန်မတို့ရဲ့ စီမံချက်ကနေ အောင်မြင်တဲ့ရလဒ်တွေ အများကြီး ရရှိခဲ့ပါတယ်” ဟု မြန်မာနိုင်ငံကျန်းမာရေးမှူးများအသင်းမှ  စီမံချက်အရာရှိ ဒေါ်လှလှကြည်က ပြောပြပါသည်။ “ဒီစခန်းတစ်ခုတည်းမှာဘဲ အလယ်အလတ်အဆင့် အာဟာရချို့တဲ့မှု ဖြစ်ပေါ်နေတဲ့ ကလေး ၇၇ ယောက်မှ ကလေး ၇၀ ကို ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ပါတယ်။ တချိန်ထဲမှာပဲ ဆိုးဆိုးရွားရွား အဟာရချို့တဲ့မှု ဖြစ်ပေါ်ခံစားနေရတဲ့ ကလေး ၁၂ ယောက်မှ ၈ ယောက်ကိုလည်း ကုသပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်” ဟု သူမက ပြောပါသည်။

မိခင်နှင့်ကလေး အာဟာရချို့တဲ့မှု ပြဿနာသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အကြီးဆုံး ကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများထဲမှ တခုဖြစ်ပါသည်။ ၅ နှစ်အောက်ကလေး ၃ ယောက်တွင် ၁ ယောက်သည် ကြုံလှီ သေးငယ်မှုဖြစ်ပေါ်နေပြီး (အသက်အရွယ်အရ ရှိသင့်သည့် အရပ်ထက်ပုနေခြင်း) ကလေးအားလုံး၏ ၇.၉% သည်လည်း အန္တရာယ်ရှိသောအဆင့် ရှိသည်အထိ ပိန်ချုံးနေကြပါသည်။ (ကျန်းမာရေးဆိုးရွားစွာထိခိုက်နိုင်သော၊ ရောဂါဘယ အလွယ်တကူ ကျရောက်နိုင်သော ကြုံလှီ သေးငယ် ချိနဲ့စွာ ပိန်သေးနေခြင်း)။

“ကလေးတစ်ဦးအတွက် ပထမ ၂ နှစ်သား ကာလ သို့မဟုတ် ပထမ ရက်ပေါင်း ၁၀၀၀ သည် အာဟာရ ဖွံ့ဖြိုးမှုအတွက် လုံလောက်သော ဆောင်ရွက်မှုများပြုလုပ်ရန် အထိရောက်ဆုံးနှင့် အရေးကြီးသော ကာလအပိုင်းအခြား တစ်ရပ်ဖြစ်ပါတယ်။ အထူးသဖြင့် မိခင်နို့တိုက်ကျွေးခြင်းနှင့် အခြားသော အာဟာရ ပံ့ပိုးမှု ကျွေးမွေးမှုများဖြင့် ဖွံ့ဖြိုးစေရန် အထောက်အကူပေးပြီး ကလေးငယ်များကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ယူနီဆက်အဖွဲ့၏ ကလေးငယ်များ ရှင်သန်ရေးနှင့် ဖွံ့ဖြိုးရေး ဌာနအကြီးအကဲ ပန်နီလုပ် ကန့်ဗဲက ရှင်းလင်း ပြောပြပါသည်။

ရလဒ်ကောင်းအနေဖြင့်၊ ယူနီဆက်အဖွဲ့၏ ပံ့ပိုးမှုနှင့်အတူ နိုင်ငံတော်အစိုးရသည် အာဟာရဖွံ့ဖြိုးရေး ဆိုင်ရာ ပံ့ပိုးလုပ်ဆောင်ချက်များဖြစ်သည့် မွေးကင်းစနှင့် ကလေးငယ်များ အစာအဟာရ တိုက်ကျွေးခြင်း ပညာပေးလုပ်ငန်းများ၊ အထူးအဟာရကျွေးမွေးမှု အထောက်အပံ့များ၊ သန်ကောင်ချဆေးတိုက်ကျွေးခြင်း၊ အိုင်အိုဒင်းဆား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ရပ်ရွာအခြေပြု အာဟာရမြင့်တင်မှု အစီအစဉ်များနှင့် အာဟာရချို့တဲ့မှုကို စီမံခန့်ခွဲခြင်း စသည့် လုပ်ဆောင်ချက်များကို တိုးမြှင့် လုပ်ဆောင်နေပါသည်။ အဓိကရည်မှန်း ချက်မှာ အမျိုးသားအဆင့်နှင့်တကွ အခြားသော ရပ်ရွာ၊ မြို့နယ်၊ ခရိုင၊် ပြည်နယ်နှင့် တိုင်းဒေသကြီး များအထိ ရှိနေပြီးဖြစ်သော စနစ်များကို ပိုမိုကောင်းမွန် ထိရောက်စေပြီး လုပ်ငန်းစဉ်များအားလုံး နိုင်ငံအတွင်းရှိ အမျိုးသမီးတိုင်းနှင့် ကလေးငယ်တိုင်းထိ ရောက်ရှိအောင် ဆောင်ရွက်နိုင်ရေးပင် ဖြစ်ပါသည်။

“အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံခြင်းသည် အားလုံးသောဖွံ့ဖြိုးရေး လုပ်ဆောင်မှုများတွင်  ငွေကြေးအရ အကျိုးမြတ်အများဆုံးပြန်ရသော လုပ်ဆောင်မှုဖြစ်ပါသည်” ဟု ပန်နီလုပ်ကင်းဘဲ မှ မှတ်ချက်ပြု ပြောဆိုပါသည်။

No comments:

Post a Comment