Monday, July 13, 2015

မွေးစားရင်းမှတ်ပုံတင်နိုင်ခြင်းသည် ကရင်ပြည်နယ် တစ်ခုလုံး အတွက် ကြီးမားသော အပြောင်းအလဲ

ရေးသားသူ-မန်နီမောင်

©UNICEF Myanmar/2015/Manny Maung
 
ကရင်ပြည်နယ်၊ ဂျူလိုင်၂၀၁၅- ဆရာမ နော်သဇင်တစ်ယောက် လက်နက်ကိုင်အဖွဲ့အစည်း နှစ်ခုဧ။် တိုက်ပွဲအကြားတွင် ပိတ်မိနေခဲ့ပြီး ကျိုးသွားသော သူမဧ။် ခြေထောက်ကို သုံးလကျော်လောက် အချိန်ယူ ကုသဖို့ လိုနေသည်။ သူမသည် ထိုင်းမြန်မာနယ်စပ် တောနက်အတွင်းရှိ ဝေးလံလှသော ရွာသို့ ရောက်အောင် ရွာသွန်းနေသော မိုးနှင့် ရွှံ့ဗွက်ထူပြောလှသော မြေပြင်တို့ကို ဖြတ်ကျော်ပြီး ရက်ပေါင်းများစွာ လမ်းလျှောက်ခဲ့ရသည်။ အချို့ရက်များတွင် အိပ်ခဲ့ရသည်ပင် မရှိပါ။ အသက်သုံးဆယ့်ရှစ်နှစ်အရွယ်ရှိ ဆရာမနော်သဇင်က “ ဒါကျမအလုပ်ပါဘဲ” ဟု ပြောသည်။ ကရင်ပြည်နယ်အတွင်းရှိ မှတ်ပုံတင်သူနာပြု ဆရာမလေးသည် ကာကွယ်ဆေးထိုးရန် အတွက်သော် လည်းကောင်း၊ ကျန်းမာရေးနှင့် ပတ်သက်သော သတင်းအချက်အလက်များ ဖြန့်ဝေရန် အတွက်သော် လည်းကောင်း ဝေးလံပြီး တောကြီးမျက်မည်း အတွင်းရှိ ဒေသများသို့ အကြိမ်ပေါင်းများစွာ ခရီးထွက်ခဲ့ရပါသည်။ အမြဲတန်းလိုလို သွားလာနေခဲ့ရသော ခရီးစဉ်များနှင့်အတူ ရရှိလာခဲ့သည့် ရင်းနှီးခင်မင်လာကြသော ဆက်ဆံရေးများကြောင့် ဆရာမနော်သဇင်သည် တိုင်းရင်းသား ရွာသူ၊ ရွာသားများသာမက အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ ယုံကြည်မှုကိုပါ ရရှိခဲ့သည်။

ထိုအတွေ့အကြုံများကြောင့်ပင် ယခုနှစ် မေလ အစောပိုင်း အမျိုးသားအဆင့် မွေးဖွားမှု မှတ်ပုံတင်ခြင်း ရက်သတ္တပါတ် အတောအတွင်း ကရင်ပြည်နယ်၏ ဝေးလံလှသော နေရာများရှိ ငါးနှစ်အောက် ကလေးငယ်များ အတွက် ရာနှင့်ချီသော မွေးစာရင်းများ ထုတ်ပေးမည့် အထူးအဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရန် သူမအား ယုံကြည် အားကိုးခဲ့ကြရသည်။

 “ဒီလောက် ဝေးလံတဲ့အရပ်တွေကိုသွားဖို့ တစ်ယောက်မှ လိုလိုချင်ချင် မရှိခဲ့ပါဘူး” ဟု ဆရာမ နော်သဇင်က ပြောသည်။ ” ဒါပေမယ့် ကျမအတွက်တော့ ဒီခရီးတွေက သိပ်တော့မထူးခြားလှပါဘူး။ ကျမဆေးရုံမှာနေပြီး အလုပ်လုပ်လည်း ဒီလစာပါဘဲ။ ဒါပေမယ့် ဘယ်သူက အဲ့ဒီ့လူတွေဆီသွားမှာလဲ။ အခုလိုမွေးစာရင်းတွေထုတ်ပေးခြင်းဖြင့် သူတို့အားလုံး အကြီးအကျယ် ပြောင်းလဲသွားကြမှာဆိုတော့ ကျမလုပ်ပါတယ်”။

ထိုမေလ လှုပ်ရှားမှု၌ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့ရှိ မြို့နယ်ပေါင်း လေးဆယ်မှ ကလေးပေါင်း တစ်သိန်းခုနှစ်သောင်းသည် နိုင်ငံတော်အစိုးရနှင့် Unicef တို့၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် မွေးဖွားမှု မှတ်ပုံတင်ခြင်း ရက်သတ္တပါတ်အတွင်း မွေးစာရင်းလက်မှတ်များ ရရှိခဲ့ကြသည်။

ဤလှုပ်ရှားမှုတစ်လျှောက် ပြည်နယ်နှင့် တိုင်းဒေသကြီးသုံးခုမှ ငါးနှစ်အောက်ကလေးငယ်များကို မြန်မာနိုင်ငံအတွင်း မည်သည့်နေရာတွင် မွေးသည်ဖြစ်စေ၊ မည်သည့်လူမျိုး၊ လူမှုရေးနောက်ခံအရ မည်သည့် ဘာသာဝင်ဖြစ်စေ မွေးစာရင်းလက်မှတ်များ ထုတ်ပေးခဲ့သည်။ ဆရာမနော်သဇင်က “အဲ့ဒီ့မွေးဖွားမှု မှတ်ပုံတင်ခြင်း ရက်သတ္တပါတ်အတွင်းမှာတော့ ကျမတို့ မွေးစာရင်းထုတ်ပေးနေတဲ့ ရွာအထိ ရောက်အောင် ကိုယ်ဝန်ဆောင်မိခင်တွေဟာ မတ်စောက်တဲ့ တောင်တက်လမ်းတွေကို ရက်ပေါင်းများစွာ လမ်းလျှောက်ပြီး ရောက်လာခဲ့ကြတယ်။ တစ်ချို့တွေကလည်း ကလေးငယ်တွေ၊ မွေးကင်းစ ကလေးတွေနဲ့ တစ်သီတစ်တန်းကြီး ရောက်လာခဲ့ကြတယ်” ဟု အမှတ်ရနေရင်း၊ အစွန်အဖျားတွင် နေထိုင်ကြသော ပြည်သူများသည် သူတို့၏ ကလေးများ မွေးစာရင်းမှတ်ပုံတင်နိုင်သော အခွင့်အရေးကို တန်ဖိုးထားလှကြောင်းလည်း ပြောပြခဲ့သည်။

“မွေးစာရင်းကြောင့် လိုအပ်တဲ့အခါ ကျန်းမာရေးအတွက် စောင့်ရှောက်မှုရနိုင်တယ် ဆိုတဲ့တန်ဖိုးကို သူတို့သိကြတယ်၊ ဒီလုပ်ဆောင်ပေးမှုက ကလေးတွေ မွေးစာရင်းမှတ်ပုံတင်နိုင်ဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးပါဘဲ၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့နေထိုင်ရာ အရပ်တွေက အလွန်ဝေးပြီးတော့ တစ်ခါတစ်လေလည်း စစ်ရေးပဋိပက္ခဖြစ်တတ်တဲ့ ဒေသတွေဖြစ်နေတယ်လေ” ဟုလည်း ရှင်းပြပါသည်။ ဤကဲ့သို့ စိတ်ထားပြည့်ဝလှသော ကျန်းမာရေးလုပ်သား သူနာပြုဆရာမကို ဤစာဖြင့် ဂုဏ်ပြုအပ်ပါသည်။ တစ်နေရာမှ တစ်နေရာ သွားလာရန် ခက်ခဲလှသော အခြေအနေကို သိထားသော်လည်း ဆရာမ နော်သဇင်သည် မွေးဖွားမှု မှတ်ပုံတင်ခြင်း ရက်သတ္တပါတ်အတွင်း သူမ၏ ရွာသား အဆက်အသွယ် များမှတစ်ဆင့် ဒေသတွင်းရှိ မြန်မာ့တပ်မတော်နှင့် အခြားသော အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများအား ဤစီမံချက်နှင့်ပတ်သက်၍ ရက်ပေါင်းများစွာ ကြိုတင်အချိန်ယူ အသိပေးခဲ့သည်။

ထိုင်းနိုင်ငံ နယ်စပ်အနီးရှိ ကလဒဲရွာသို့ သူမရောက်ရှိချိန်၌ သူမသည် ကလေးငါးဆယ်ခန့် မှတ်ပုံတင်နိုင်ရန်လောက်ကိုသာ မျှော်လင့်ထားခဲ့သည်။ လက်တွေ့တွင် ကလေးငယ် ပေါင်းနှစ်ရာကျော် ရောက်ရှိ လာခဲ့ကြသည်။

သူမသည် ရယ်ရယ်မောမောဖြင့် “ကျမ အရမ်း အံ့သြသွားတယ်၊ ပြီးတော့ လူတွေ အများကြီးက သတင်းကြိုရထားတာသိရတော့လည်း အရမ်းလည်း ၀မ်းသာသွားတယ်” ဟု ပြောပြသည်။

မေလ ၄ ရက်နေ့မှ ၈ ရက်နေ့ အတောအတွင်း ကရင်ပြည်နယ်အတွင်းရှိ ငါးနှစ်အောက် ကလေးငယ်ပေါင်း နှစ်သောင်းကိုးထောင့် တစ်ရာ့ခြောက်ယောက်ကို မွေးစာရင်းမှတ်ပုံတင်နိုင်ခဲ့သည်။ ယင်းအရေအတွက် သည် မူလရည်မှန်းထားချက်ထက် ကျော်လွန်၍ ၁၂၁.၄% ရရှိခဲ့သည့် အတွက် ကြီးကျယ်သော အောင်မြင်မှု ရလဒ် တစ်ရပ် ဖြစ်ပါသည်။

 Unicef ၏ မြန်မာနိုင်ငံ ဒုတိယ ဌာနေကိုယ်စားလှယ် ရှာလီနီ ဗဟူဂူန ကလည်း “မွေးဖွားမှု မှတ်ပုံတင်ခြင်းဆိုတာ ကလေးသူငယ် အခွင့်အရေးကို အလုံးစုံ ဖြည့်စွမ်းနိုင်ဖို့အတွက် အရေးပါတဲ့အတွက် ပထမအဆင့် ခြေလှမ်းဖြစ်ပါတယ်။ ဒီဟာက မှန်ကန်ပြီးအရေးပါတဲ့ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်” ဟု ပြောပါသည်။

 “ကလေးတစ်ယောက်ရဲ့ အသက်အရွယ်ကို သိရှိခြင်းအားဖြင့် ကလေးတွေကို ကလေးအလုပ်သမား၊ အတင်းအဓမ္မ စုဆောင်းခြင်း ခံရသော ကလေးစစ်သား၊ လူမှောင်ခိုကူးခြင်းနှင့်တကွ တရားစီရင်ရေး ကိစ္စများတွင်လည်း ကလေးသူငယ်များ၏ မှန်ကန်သော အသက်အရွယ်အလျှောက် သက်ဆိုင်သော တရားမျှတမှုကို ရရှိစေပြီး ကလေးများအတွက် မရှိမဖြစ် လိုအပ်သော ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ အကြောင်းအရာများကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်” ဟုလည်း သူမက ဆိုပါသည်။

 ထို့အပြင် မွေးစာရင်းရှိခြင်းအားဖြင့် လူကုန်ကူးခြင်းခံရသော ကလေးများကို လိုက်လံရှာဖွေ ဖော်ထုတ်ခြင်းနှင့် ပြန်လည်ခေါ်ယူခြင်း လုပ်ငန်းများအတွက်လည်း အထောက်အကူဖြစ်စေသည်။

ဤအမျိုးသားအဆင့် မွေးစာရင်းမှတ်ပုံတင်ခြင်း စီမံချက်သည် အစိုးရ၀န်ကြီးဌာနများဖြစ်သော လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန စသည်တို့နှင့် အတူ Unicef ၏ နည်းပညာပံ့ပိုးမှုတို့ကို ပေါင်းစပ်၍ အကောင်အထည်ဖေါ် ကြိုးပမ်းအားထုတ်ခဲ့မှု တစ်ရပ်လည်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံသည် မွေးဖွားမှု မှတ်ပုံတင်ခြင်းနှုန်းနှင့် ပတ်သက်၍ ကြီးကျယ်သည့် အောင်မြင်တိုးတက်မှုများ ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မွေးစာရင်းလက်မှတ် ရရှိသော ကလေးသူငယ် အရေအတွက်သည် သိသိသာသာ တိုးတက်ခဲ့ပြီး အထူးသဖြင့် ပံ့ပိုးမှုများ ဆောင်ရွက်နိုင်ခဲ့သော ပြည်နယ် သုံးခုတွင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည် (မွန်ပြည်နယ်အတွင်း လွှမ်းခြုံဒေသ အကျယ်အ၀န်း ၂၀% တိုးတက်ခဲ့သည်၊ မကွေးတိုင်းတွင် ၄၁% နှင့် ချင်းပြည်နယ်တွင် ၃၀၀% အသီးသီး တိုးတက်ခဲ့ကြသည်။ ထိုဒေသများသည် နိုင်ငံအတွင်း လွှမ်းခြုံအကျယ်အ၀န်း အနိမ့်ဆုံး ဒေသများလည်း ဖြစ်ခဲ့သည်)။

 သို့သော်ငြားလည်း စုစုပေါင်း ငါးနှစ်အောက် ကလေးအရေအတွက်၏ ၂၆ ရာခိုင်နှုန်း ဖြစ်သော ကလေးငယ်ပေါင်း ၁.၄ သန်းသည် မွေးစာရင်း မှတ်ပုံတင် မပြုလုပ်ရသေးသူများအဖြစ် ဆက်လက် တည်ရှိလျှက် ရှိနေသေးသည်။

 “ကလေးတွေကို တရားဝင် မှတ်ပုံမတင်ထားဘူးဆိုရင် သူတို့တွေဟာ စီမံကိန်းလုပ်ငန်းစဉ်တွေ၊ ဘဏ္ဍာ ရေးခွဲဝေသတ်မှတ်မှုတွေမှာ ပါဝင်နိုင်ခြင်းမရှိဘဲ အန္တရာယ်ကျရောက်လွယ်သော အခြေအနေ ရောက်ရှိ သွားမှာ ဖြစ်ပါတယ်။ ဒီအကျိုးဆက်တွေကတော့ သူတို့တစ်ဦးချင်းစီရဲ့ အရေးအရာ ကိစ္စများတွင်သာမက သူတို့နေထိုင်ရာ ၀န်းကျင်နှင့် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေးကိုပါ သက်ရောက်မှုတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်” ဟု မစ္စ ဘာကူနာက မှတ်ချက်ပြုပါသည်။

No comments:

Post a Comment