Thursday, January 26, 2017

အိမ်မက်များ၏မြေ - ကချင် စစ်ဘေးရှောင်စခန်းမှ ကလေးငယ်များ၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်

အန်ဒီဘရောင်း ရေးသားသည်

အသက် ၁၂နှစ်အရွယ် ဘောမ်မျော်မှာ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနား အနီးရှိ စစ်ဘေးရှောင် ပြည်သူများနေထိုင်ရာ စခန်းတစ်ခုတွင် မိသားစုနဲ့အတူ နေထိုင်သည်။ ကချင်ပြည်နယ်မှာ ၁၇ နှစ်ကြာခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ကျိုးပျက်ပြီးနောက် ၂၀၁၁ ခုနှစ်ကတည်းက ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။ မကြာသေးမီက ဖြစ်ခဲ့သည့် အကြမ်းဖက်မှုကြောင့် အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရကာ တစ်သိန်းခန့် အိမ်ပစ်ရာပစ် ထွက်ပြေးခဲ့ရသည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အပြီးသတ်သဘောတူညီမှု မရနိုင်သေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသည်။

အသက် ၁၂ နှစ်အရွယ် ဘောမ်မျော်ကို မိသားစုနဲ့အတူ မြစ်ကြီးနားအနီးရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ ဒုက္ခသည်စခန်းတင် မြင်တွေ့ရစဉ်။ 
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန်
၂၀၁၁ခုနှစ်တွင် ပဋိပက္ခ စတင်ဖြစ်ပွားပြီးမကြာမီ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် မြန်မာ့ တပ်မတော်တို့ကြား တိုက်ပွဲဖြစ်သဖြင့် ဘွန်မြောတို့မိသားစုမှာ တရုတ်နယ်စပ်အနီး၊ ဆဒုံးမြို့ရှိ ၎င်းတို့နေအိမ်မှ ထွက်ပြေးလာခဲ့ရသည်။

တိုက်ပွဲမှာ ရွာနှင့် နီးလာသဖြင့် လူများ စတင်ထွက်ပြေးခဲ့ကြရသည်။ တချို့မှာ နယ်စပ်ကို ဖြတ်ပြီး တရုတ်နိုင်ငံကို ထွက်ပြေးကြကာ တချို့မှာ မြစ်ကြီးနားကို သွားကြသည်။ ဘောမ်မျော်မှာ အဲဒီအချိန်တုန်းက ၇ နှစ်သမီးသာ ရှိသေးသည်။ “ထွက်ပြေးရမယ်ဆိုတော့ ကျွန်မ ကြောက်လန့်မိတယ်။ ကျွန်မအမေက ဈေးမှာ၊ အိမ်ပြန်လာလို့ မရဘူး။ အဲဒါကြောင့် အဘွားနဲ့အတူ သွားရတယ်။ လွတ်မြောက်သွားတာတောင် လုံခြုံမှုကို မခံစားရဘူး။ စစ်သားတွေ ပြန်လာမှာကို အမြဲစိုးရိမ်နေခဲ့တယ်” ဟု ၎င်းက ပြန်ပြောပြသည်။

ယင်းဖြစ်ရပ်မှာ ဘောမ်မျော်ရဲ့ မိခင်ထုလွမ် အတွက်လည်း သောကတွေလောင်မြိုက်စေခဲ့သည်။ “ကျွန်မက ဈေးမှာ အသီးအရွက်ရောင်းနေတာ။ ကျွန်မသမီးတွေ ဘယ်မှာလဲဆိုတာ မသိဘူး။ သူတို့နဲ့အတူ ရှိမနေတဲ့အတွက် တော်တော်လေးစိုးရိမ်ခဲ့တယ်။ ရူးတော့မလို ခံစားခဲ့ရတယ်။ ရုတ်တရက်ကြီး ဖြစ်သွားတာ။ ပစ္စည်းတွေ ထုတ်ပိုးချိန်တောင် မရှိခဲ့ဘူး” ဟု ၎င်းက ပြောသည်။

ကံကောင်းစွာပင် တစ်မိသားစုလုံး KIA ထိန်းချုပ်ထားသော ဧရိယာအတွင်းရှိ Shing Jai စစ်ဘေးဒုက္ခသည် စခန်းသို့ ရောက်ရှိခဲ့ကြသည်။ ယင်းနေရာတွင် ထုလွမ်မှာ ခင်ပွန်း၊ သမီးတွေနဲ့ ပြန်လည်ဆုံတွေ့ခဲ့သည်။ “သမီးတွေရဲ့ အဝတ်အစားတွေက စုတ်ပြတ်နေတာပဲ။ ဒါပေမဲ့ ကျွန်မ စိတ်အေးသွားရတယ်။ ကျွန်မတို့ ဖက်ပြီး ငိုကြတယ်” ဟု ၎င်းက ဆိုသည်။

Shing Jaiစခန်းမှာ အစိုးရပံ့ပိုးမှုနှင့် နိုင်ငံတကာ အကူအညီမရရှိသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးပံ့ပိုးမှု မရှိပေ။ အစပိုင်းတွင် ၎င်းတို့မိသားစုမှာ စခန်းရှိအဆောက်အအုံတစ်ခု အခြေတွင် အိပ်ခဲ့ရသည်။ ထို့နောက် တာပေါ်လင်စတစ်ခုတွေ့သဖြင့် လမ်းဘေးတွင် တဲတစ်လုံး ထိုးနေခဲ့ကြသည်။ ယင်းနေရာတွင် ၇ လနေပြီး ယင်းဒေသရှိ ဘုရားကျောင်းကပေးသော ဆန်နှင့် ရှင်သန်စားသောက် နေထိုင်ခဲ့ရသည်။

ထုလွမ်မှာ သမီးများအတွက် အမြဲပင် စိုးရိမ်နေခဲ့သည်။ “ညတိုင်း အိပ်ခါနီးဆိုရင် သူတို့လုံခြုံရေးအတွက် စိုးရိမ်နေခဲ့ရတယ်။ နေ့ဘက်ဆိုရင်တောင် လမ်းဘေးမှာဆိုတော့ အန္တရာယ်များတယ်။ ပြီးတော့ ကျောင်းတစ်နှစ်လည်း အောက်သွားတယ်” ဟု ၎င်းက ပြောသည်။

ကျောင်းပြန်တက်ခြင်း

အနီးအနား အစိုးရကျောင်းတစ်ကျောင်းရှိ ယာယီစာသင်ခန်းထဲတွင် သူငယ်ချင်းတွေနဲ့အတူ စာသင်နေသည့် ဘောမ်မျော် 
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန်

ခရီးသွားရန် အန္တရာယ်ကင်းချိန်တွင် ၎င်းတို့မိသားစုမှာ အစိုးရထိန်းချုပ် ဧရိယာအတွင်းရှိ အခြား စခန်းတစ်ခုသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ယင်းစခန်းမှာ ကချင်နှစ်ခြင်း အဖွဲ့အစည်းက ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး ယခု ၎င်းတို့နေထိုင်နေသည့်စခန်း ဖြစ်သည်။ ယင်းစခန်းမှာ မြစ်ကြီးနား တစ်ဖက်ကမ်းတွင် ရှိပြီး ခြေလျင်လမ်းများနှင့် ရှုပ်ထွေးနေသဖြင့် ရှာဖွေရခက်လှသည်။ မြို့ပြင်ရှိ တံတားပေါ်တွင် စစ်သားများကို တာဝန်ချထားသည်။

ယင်းစခန်းတွင် အိမ်များကို သေချာတည်ဆောက်ထားပြီး လမ်းများနှင့် စနစ်တကျဖွဲ့စည်းထားသည်။ စခန်းတစ်ခုဆိုသည်ထက် အမြဲနေထိုင်သည့်နေရာတစ်ခုနှင့် ပိုတူသည်။ စစ်ဘေးရှောင်ကလေးများအတွက် ယာယီစာသင်ခန်းကိုလည်း အနီးအနားရှီ အစိုးရကျောင်းဝင်းထဲတွင် တည်ဆောက်ပေးထားသည်။ ယင်းနေရာတွင် ဘောမ်မျော်နှင့် ၎င်း၏အစ်မ အသက် ၁၃ နှစ်အရွယ် ဘောမ်လန်းတို့ တက်ရောက်ကြသည်။

 “ကျွန်မ ဒီမှာပျော်တယ်။ မိုးရွာချိန်ကလွဲလို့ ကျွန်မ ကျောင်းကို စက်ဘီးစီးသွားတယ်။ ဆရာမက ပုံပြင်တွေ ပြောပြလို့ သမိုင်းသင်ရတာ ကြိုက်တယ်။ ဒီမှာ သူငယ်ချင်းတွေ အများကြီးရှိတယ်။ ကျွန်မတို့ ဇယ်ခုပ်တမ်းရော တခြားကစားနည်းတွေရော ကစားကြတယ်။ ကြီးလာရင် မြန်မာအဆိုတော် တစ်ယောက် ဖြစ်ချင်တယ်” ဟု ဘောမ်မျော်က ပြောသည်။

မိသားစုအတွက် အရေးကြီးဆုံးမှာ လုံခြုံအန္တရာယ်ကင်းမှု ပြန်လည်ရရှိခြင်းဖြစ်ကြောင်း ထုလွမ်မှာ ပြောသည်။ “ဒီမှာက လုံခြုံတယ်။ ကလေးတွေကစားဖို့ လုံခြုံတဲ့နေရာဖြစ်တယ်။ ကျွန်မ မရှိရင် ကလေးတွေကို ကြည့်ထားဖို့ အိမ်နီးချင်းတွေကို ပြောထားလို့ရတယ်” ဟု ၎င်းက ဆိုသည်။

၎င်းမှာ သမီးများ ကျောင်းပြန်တက်နိုင်သည့်အတွက်လည်း ပျော်ရွှင်နေသည်။ သို့သော် ပညာရေး အရည်အသွေးကိုမူ စိုးရိမ်လျက်ရှိသည်။ ယာယီကျောင်းခန်းမှာ လူများလွန်းပြီး ကျောင်းများလို လိုအပ်ချက် အပြည့်အစုံ မရှိပေ။ “အတန်းထဲမှာ ကလေးတွေ အရမ်းများတယ်။ စာလိုက်နိုင်ဖို့ သမီးတွေက အရမ်း ကြိုးစားရတယ်။ ဘောမ်မျော်က သင်ခန်းစာတွေအများကြီး လွတ်သွားလို့ စာမေးပွဲကျသေးတယ်။ သူနဲ့အတူ အင်္ဂလိပ်စာနဲ့ သင်္ချာ လိုက်လုပ်ပေးဖို့ ကျွန်မ ကြိုးစားနေတယ်” ဟုလည်း ၎င်းက ပြောသည်။

၎င်းတို့မိသားစုမှာ ဝင်ငွေရဖို့လည်း ရုန်းကန်နေရသည်။ ၎င်းတို့အိမ်တွင်နေစဉ်က အသီးအနှံများ စိုက်ပျိုး ရောင်းချနိုင်သည်။ သို့သော် ယခုနေရာတွင် ထောက်ပံ့ကူညီမှုများနှင့် ထုလွမ်၏ခင်ပွန်း ရံဖန်ရံခါလုပ်ရသည့် ကြုံရာကျဘမ်း အလုပ်ကို အားထားနေရသည်။ ၎င်းတို့၏ အငယ်ဆုံးကလေးဖြစ်သော ၃နှစ်အရွယ် ဘောမ်ဝင်းမှာ မွေးကတည်းက စခန်းများတွင်သာ နေထိုင်ခဲ့ရသည်။ “ခဏပဲ နေရမယ်လို့ ထင်ထားတာ။ ဒါပေမဲ့ ဒီနေရာကိုရောက်နေတာ နှစ်ချီနေပြီ။ အိမ်ကို သတိရတယ်” ဟု ထုလွမ်က ဆိုသည်။

ဝန်ဆောင်မှုများ ရရှိမှု 

ကချင်ပြည်နယ်အနီးရှိ စစ်ဘေးရှောင်ပြည်သူများနေထိုင်ရာ စခန်းတစ်ခုရှိ ကလေးများ၏အိမ်သို့ လိုက်ပါပို့ဆောင်နေသော အမျိုးသမီးတစ်ဦး 
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန်

မြန်မာနိုင်ငံ လက်မှတ်ရေးထိုးထားသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူညီချက်အရ ကလေးအားလုံးမှာ အစိုးရထိန်းချုပ်ထားသော သို့မဟုတ် အစိုးရ ထိန်းချုပ်မထားသော ဧရိယာ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ အခြေခံဝန်ဆောင်မှု ရရှိရန် အခွင့်အရေးရှိသည်။ ယင်းထဲတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် ကာကွယ်စောက်ရှောက် ပေးမှုတို့ ပါဝင်သည်။

သို့သော် ကချင်ပြည်နယ်တွင်မူ ညီမျှမှု မရှိပေ။ “အခြေခံဝန်ဆောင်မှုတွေက အစိုးရဧရိယာတွေထက် အစိုးရမအုပ်ချုပ်တဲ့ ဧရိယာ (NGC) တွေမှာ အများကြီး ပိုအားနည်းတယ်။ ကလေးတွေက ပညာသင်ကြားခွင့် မရကြဘူး။ အဲဒါဟာ နောက်ပိုင်းမှာ သူတို့ဘဝအတွက် အခွင့်အရေးတွေကို ထိခိုက်မယ်။ ရေရှည်မှာ ယင်းဧရိယာအတွင်း စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုကို ထိခိုက်လိမ့်မယ်”ဟု ယူနီဆက်ဖ်မြန်မာ၏ မြစ်ကြီးနားရုံးခွဲမှ အကြီးအကဲ ဆီဇာဗီလာက ပြောသည်။

နှစ်ဘက်စစ်မြေပြင်တွင် နေထိုင်ရသော ကလေးငယ်များအတွက် တူညီသော ဝန်ဆောင်မှုရရှိရန် အစိုးရနှင့် အစိုးရမဟုတ်သော အာဏာပိုင်များကြား ဆွေးနွေးမှုများ ပြုလုပ်ရန် ယူနီဆက်ဖ်က ဆောင်ရွက်လျက်ရှိ သည်။ ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုမှာ နှစ်ဦးနှစ်ဖက်ကြားတွင် တူညီသောသဘောဆန္ဒ တည်ဆောက်ကာ ငြိမ်းချမ်းရေးလည်း ရရှိနိုင်သည်။ “အချို့ NGC ဧရိယာတွေမှာ ပညာရေး၊ ကျန်းမာရေးနှင့် အာဟာရ တိုးတက်ရေးအတွက် ယူနီဆက်ဖ်မှာ ပရိုဂရမ်တွေ ရှိပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဝင်လို့မရတဲ့ ဧရိယာတွေလည်း ရှိသေးတယ်။ အဲဒီတော့ ကလေးတွေ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ မပေးနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

ယူနီဆက်ဖ် ဝင်ရောက်နိုင်သော NGC ဧရိယာများတွင် ပညာပိုင်းဆိုင်ရာ ဗဟုသုတနှင့် ကျွမ်းကျင်မှု တိုးတက်စေရန် ဆရာဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများကို သင်တန်းများပေးလျက် ကလေးများ အတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးလျက်ရှိသည်။ “သူတို့ထိန်းချုပ်ထားတဲ့ ဧရိယာအတွင်းက ကလေးတွေအတွက် အရည်အသွေးမီတဲ့ အခြေခံဝန်ဆောင်မှုတွေပံ့ပိုးပေးဖို့ အဖွဲ့အစည်းအားလုံးကို ကျွန်တော်တို့ တိုက်တွန်းနေတယ်။ ပဋိပက္ခမဖြစ်ပွားမီရော၊ ဖြစ်ပွားစဉ်ရော၊ ဖြစ်ပွားပြီးနောက်ရော ဒီလို ပံ့ပိုးမှုတွေ ရရှိသင့်ပါတယ်” ဟု ဆီဇာက ဆက်လက်ပြောကြားသည်။

ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်မှု

ဒုက္ခသည်စခန်းတစ်ခုရှိ ၎င်း၏အိမ်တွင် သမိုင်းစာအုပ်ကို ဖတ်နေသော ဘောမ်မျော်
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန်

ပဋိပက္ခဖြစ်ပွားစဉ်တွင် ကလေးများကို ကူညီရန် အဘက်ဘက်က ကြိုးစားသင့်သကဲ့သို့ ရေရှည်တွင် ပညာရေးနှင့် ကျန်းမာရေးကဲ့သို့ အခြေခံ လိုအပ်ချက်များ အဆက်မပြတ်ရရှိရန်နှင့် ဘဝအတွက် အလားအလာကောင်းများ ရရှိရန် ငြိမ်းချမ်းရေးနှင့် လူမှုရေး စည်းလုံးညီညွတ်မှု လိုအပ်သည်။

 “ပဋိပက္ခက လူမှုရေးပေါင်းစည်းညီညွတ်မှုကို ဆုတ်ယုတ်စေနိုင်ပြီး အရင်က အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ခဲ့တဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ စိတ်ဝမ်းကွဲမှုတွေ ဖန်တီးပေးနိုင်တယ်။ အခြားတစ်ဖက်မှာလည်း တိုင်းရင်းသားနဲ့ ဘာသာရေး ကွဲပြားမှုက မိသားစု၊ ရပ်ရွာနဲ့ နိုင်ငံအတွက် အင်အားတစ်ခု ဖြစ်နိုင်တယ်။ လူတိုင်းက ကွဲပြားခြားနားမှုကို နားလည်လက်ခံနိုင်ဖို့ စိတ်ဝင်စားဖို့ လိုပါတယ်” ဟု ဆီဇာဗီလာက ပြောသည်။

ဘောမ်မျော်နှင့် ၎င်းတို့မိသားစုမှာမူ ကချင်ပြည်နယ်တွင် ပဋိပက္ခ ပြီးဆုံးချိန်ကို စောင့်မျှော်နေဆဲဖြစ်သည်။
“တိုက်ပွဲက ကျွန်မသမီးတွေရဲ့ပညာရေးကို ထိခိုက်စေပြီး ကျွန်မတို့နိုင်ငံရဲ့ ဖွံ့ဖြိုးရေးကို နှေးကွေးစေပါတယ်။ ကျွန်မတို့လို အရပ်သားတွေက စစ်ပွဲကြားမှာ အမြဲတမ်း ဒုက္ခရောက်လိမ့်မယ်။ အမြန်ဆုံး ငြိမ်းချမ်းရေး ရချင်တယ်။ ဒါမှ အိမ်ပြန်နိုင်မှာ” ဟု ထုလွမ်က ဆိုသည်။

No comments:

Post a Comment