Thursday, January 26, 2017

ကချင်ပြည်နယ်ရှိ ကလေးငယ်များအတွက် လွှတ်တော်အဖွဲ့ဝင်များနှင့် ဆက်ဆံရေး တည်ဆောက်ခြင်း - ကလေးသူငယ်အခွင့်အရေးအတွက် ရပ်တည်ကာကွယ်သူများ

ပထမဆုံးအကြိမ်အဖြစ် ယူနီဆက်ဖ်မြန်မာက ကချင်ပြည်နယ် လွှတ်တော်အဖွဲ့နှင့် ၃ ရက် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ ရည်ရွယ်ချက်မှာ လွှတ်တော်အဖွဲ့ဝင်များနှင့် ဆက်ဆံရေး ကောင်းမွန်စေရန်နှင့် ကလေးသူငယ်အခွင့်အရေးအတွက် ပြောကြားပေးရန် ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲ ပထမပိုင်းတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ (CRC)၊ ကချင်ပြည်နယ်ရှိ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အဓိက စိုးရိမ်စရာများနှင့် ကလေးသူငယ် အခွင့်အရေးအတွက် ရည်တည်ကာကွယ်သူများအဖြစ် လွှတ်တော်၏ အခန်းကဏ္ဍတို့ကို အဓိကထားဆွေးနွေးခဲ့သည်။ ထို့နောက် ယူနီဆက်ဖ်၏ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ကချင်ပြည်နယ်တွင် ကလေးများအတွက် အဓိက စိုးရိမ်စရာတစ်ခုဖြစ်သော မိုင်းအန္တရာယ်သတိပြုမှုရေးနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့သည်။



“ကချင်ပြည်နယ်မှာ ပြည်နယ်အစိုးရနဲ့ အခြားဒေသတွင်း မိတ်ဖက်တွေနဲ့ ယူနီဆက်ဖ်အဖွဲ့က ပုံမှန် လုပ်ဆောင်နေပေမဲ့ ကလေးသူငယ်အခွင့်အရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ ဒါက ပထမဆုံးအခွင့်အရေးပါ။ ပြည်နယ်လွှတ်တော်အဖွဲ့ဝင်တွေက သူတို့ကို ကာကွယ်ပေးနိုင်တဲ့ အတွက် ဒါက အဓိကကျတဲ့ အခန်းကဏ္ဍလည်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒါဟာ ယူနီဆက်ဖ်နဲ့ ကချင်ပြည်နယ်လွှတ်တော်အဖွဲ့ဝင်တွေကြားမှာ ဆက်ဆံရေးအားကောင်းစေဖို့ အရေးပါတဲ့ခြေလှမ်းလည်း ဖြစ်ပါတယ်။ လွှတ်တော်အဖွဲ့ဝင်အများစုက ပထမဆုံးအကြိမ်အဖြစ် ဒီနေရာကို ရရှိထားသူတွေပါ” ဟု ယူနီဆက်ဖ်ရဲ့ အကြံပေး ဌာနအကြီးအကဲ အယ်လီဆန်ရုဒ်က ပြောသည်။


အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် လွှတ်တော်အဖွဲ့ဝင်များက ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအဖြစ် ဆောင်ရွက်နိုင်သည့် လုပ်ဆောင်ချက်များကို သဘောတူခဲ့သည်။ ယင်းလုပ်ဆောင်ချက်များတွင် အောက်ပါအချက်များ ပါဝင်သည်။

  • ၎င်းတို့၏ မဲဆန္ဒနယ်များတွင် ကလေးငယ်များ၏ အခြေအနေကို လေ့လာအကဲဖြတ်ခြင်း နှင့် အမှန်တကယ်ဖြစ်ပေါ်နေသော အခြေအနေကို ထင်ဟပ်စေသည့် စီမံကိန်းနှင့် မြို့နယ် အလိုက် တိကျမှန်ကန်သော လေ့လာချက် ပြုလုပ်ခြင်း၊
  • လူကုန်ကူးခြင်း၊ လက်နက်ကိုင်အဖွဲ့များအတွက် လူသစ်စုဆောင်းခြင်းနှင့် အကြမ်းဖက်ခြင်း တို့ အပါအဝင် ကလေးသူငယ်အခွင့်အရေးကို စိုးရိမ်ဖွယ် ချိုးဖောက်မှုများကို ဖော်ထုတ်ခြင်း၊
  • ကလေးများ၏ အခြေအနေနှင့် ပတ်သက်ပြီး တင်ပြရန်အတွက် ကချင်ပြည်နယ်ရှိ ဝေးလံခေါင်ဖျားဒေသများကို သွားရောက်ခြင်း၊
  • နေရပ်စွန့်ခွာတိန်းရှောင်သူများ နေထိုင်ရာ(IDP) စခန်းများရှိ ကလေးငယ်များ၏ အခြေအနေကို အကဲဖြတ်ခြင်းနှင့် အခြေခံဝန်ဆောင်မှုများအတွက် အစိုးရ၏ ထောက်ပံ့မှု ပိုမိုရရှိရန် ဆော်သြခြင်း၊
  • ကလေးသူငယ်အခွင့်အရေး ပြဿနာများနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် တင်ပြ ဆွေးနွေးခြင်းနှင့် မေးခွန်းများဖြေကြားရန် အစိုးရအရာရှိများကို လွှတ်တော်သို့ ခေါ်ယူခြင်း၊
  • ကချင်ပြည်နယ်ရှိ ကလေးငယ်များအတွက် ဘတ်ဂျက်ခွဲဝေမှုများတွင် ခွဲတမ်းရရှိစေခြင်းနှင့် ကလေးငယ်များအတွက် လွှတ်တော်တွင် ဘတ်ဂျက်များ ထားပေးရန် ဆွေးနွေးခြင်း၊
  • ကလေးသူငယ်အခွင့်အရေးအတွက် ပြည်နယ်လွှတ်တော်အဖွဲ့မှ လူ ၂ ဦး ရွေးချယ်ခြင်းနှင့် အမျိုးသားလွှတ်တော်ရှိ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လွှတ်တော် ကော်မတီသို့ ပုံမှန် သတင်းပေးပို့ခြင်း၊
  • လူငယ်များ၏ အမြင်ကို သိရှိရန်အတွက် U Reportအသုံးပြုခြင်းနှင့် လူငယ်များအား U Report အကြောင်း သိရှိစေခြင်း။


“အခုဆိုရင် လွှတ်တော်အတွက် ပထမဆုံး ပြည်နယ်အဆင့်လေ့ကျင့်မှုကို အောင်မြင်စွာ စမ်းသပ် ဆောင်ရွက်ပြီးပါပြီ။ အဲဒီမှာ တင်ဆက်မှုတွေ၊ လေ့လာမှုတွေနဲ့ အုပ်စုလိုက် လေ့ကျင့်မှုတွေ အပြည့်အစုံ ပြုလုပ်ခဲ့ပါတယ်။ နောက်တစ်ဆင့်ကတော့ တခြားပြည်နယ်နဲ့ ဒေသလွှတ်တော်တွေနဲ့ အလားတူ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ပါပဲ။ ၂၀၁၇ အစောပိုင်းမှာ နိုင်ငံတစ်ဝှမ်းလုံး နောက်ထပ် အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ခြင်းနဲ့ စတင်သွားမယ်” ဟု အယ်လီဆန်ရုဒ်က ပြောသည်။

No comments:

Post a Comment