Friday, October 7, 2016

မြန်မာနိုင်ငံရှိ ကလေးငယ်များ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာမဖြစ်စေဘဲ မိသားစုနှင့်အတူ ရှိစေခြင်း


အန်ဒီဘရောင်း
ယူနီဆက်ဖ် အရှေ့အာရှနှင့် ပစိဖိတ်ဒေသအတွက် ဒေသဆိုင်ရာ ဆက်သွယ်ရေး ကျွမ်းကျင်သူ

မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ မြို့လယ်ကနေ မြစ်ကိုဖြတ်ပြီး တစ်ဖက်ကမ်းမှာရှိတဲ့ ဒလရဲ့ ကျေးရွာတစ်ရွာကို ဖယ်ရီသင်္ဘောတစ်စီးက မိနစ် ၂၀ တစ်ခါ ပုံမှန်သွားပါတယ်။ မကြာသေးမီ မနက်ခင်းတစ်ခုက ယင်းသင်္ဘောပေါ်မှာ မြန်မာလုံခြည်တွေ ဝတ်ဆင်ထားတဲ့ ရုံးသွားရုံးလာတွေ၊ ငုံးဥ/ကြက်ဥပြုတ်နဲ့ စီးကရက်တွေရောင်းနေတဲ့ ခေါင်းရွက်ဗြက်ထိုးဈေးသည်တွေနဲ့ စွန့်စွန့်စားစား သွားလာကြတဲ့ ကမ္ဘာလှည့်ခရီးသွား လက်တစ်ဆုပ်စာတို့နဲ့ ဖယ်ရီက ပြည့်နေတယ်။




မိဘမဲ့ဂေဟာ ခရီးသွားလုပ်ငန်း နေရာတစ်ခုဖြစ်သည့် ဒလရှိ လယ်ကွင်းများကို ဖြတ်လျှောက်နေသော ကလေးငယ်များ
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/အန်ဒီဘရောင်း



ဒလဆိပ်ကမ်းကနေ ကျွန်တော် တက်တက်ချင်းပဲ ဆံပင်ကိုနောက်မှာ စုချည်ထားပြီး လျှာထိုးဦးထုပ် ဆောင်းထားတဲ့ တုတ်တုတ်ခိုင်ခိုင် လူငယ်တစ်ယောက်က အနားကို ကပ်လာတယ်။ သူ့နာမည်က မဲမဲဖြစ်ကြောင်း၊ အသက် ၂၈ နှစ်ရှိပြီဖြစ်ကြောင်း မိတ်ဆက်ပြီး အဲဒီနားတစ်ဝိုက်ကို ဆိုက်ကားနဲ့ လိုက်ပို့ပေးမယ်လို့ ပြောတယ်။

“နာမည်ဘယ်လိုခေါ်လဲ။ ဘယ်ကလာတာလဲ။ ဆိုက်ကားနဲ့ လျှောက်ပတ်ကြည့်မလား။ ဘုရား၊ တံငါရွာ၊ ဆိုင်ကလုံးရွာ၊ မိဘမဲ့ကလေးဂေဟာတို့ကို လိုက်ပို့ပေးမယ်။ ကျပ် ၁၅,၀၀၀ ပေးပါ” လို့ သူက ပြောတယ်။

တစ်နာရီကြာတော့ မိဘမဲ့ဂေဟာနဲ့ ကျောင်းရှိတဲ့ ဘုန်းကြီးကျောင်းဝင်း အပြင်ကိုရောက်တယ်။ ကြာကန် ကြီးရဲ့တစ်ဖက်မှာ လှပတဲ့ ရွှေရောင်အမိုးနဲ့ ကျောင်းကြီးတစ်ခုရှိတယ်။ အဲဒီဘေးက ကျောင်းကွင်းပြင် မှာတော့ ကလေးတွေက ပြေးလွှားနေကြတယ်။ ဆိုက်ကားသမားက ကျောင်းထဲကို လမ်းလျှောက် ဝင်တယ်။

“အဆင်ပြေတာ သေချာလား” လို့ ကျွန်တော်က မေးတော့ သူက “အင်း..ပြေတယ်..ဝင်သွား” လို့ အမူ အရာနဲ့ ပြန်ဖြေတယ်။

“ကလေးတွေရဲ့ ဓာတ်ပုံကို ရိုက်ပါ။ ပြဿနာမရှိဘူး။ ကလေးအားလုံးက မိဘမဲ့တွေချည်းပဲ။ အမေမရှိဘူး။ အဖေမရှိဘူး” လို့ သူက ပြောတယ်။

မိဘမဲ့ဂေဟာကို လှူဒါန်းဖို့ အတင်းအကျပ်တောင်းဆိုခံရတယ်လို့ အခြားဧည့်သည်တွေက ပြောတယ်။ အဲဒီနေ့မှာတော့ ချဥ်းကပ်နည်းပြောင်းခဲ့တယ်။ လွန်ခဲ့တဲ့ ၈နှစ်က ဒလကို တိုက်ခတ်သွားတဲ့ ဆိုင်ကလုန်း နာဂစ် ဒဏ်ခံရသူတွေအတွက် ဆန်တစ်အိတ် အတင်းအကျပ် ဝယ်ခိုင်းခံခဲ့ရဖူးပြီးပြီ။ ဒါကြောင့် ဒီတစ်ခါတော့ ခဏပဲသွားလည်ပြီး လှူဒါန်းဖို့ တောင်းဆိုတာ မခံခဲ့ရဘူး။ ဒါပေမဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာ အတွေ့အကြုံတစ်ခု ရှိခဲ့တယ်။ ကျွန်တော် ဘယ်သူဖြစ်တယ်ဆိုတာရယ်၊ ကလေးတွေကို ဘာလုပ် ချင်တာလဲဆိုတာတွေကို စစ်ဆေးသူ မရှိဘူး။




ဘုန်းကြီးကျောင်းရှိ မိဘမဲ့ကျောင်းမှ ကလေးများကို ကြည့်နေတဲ့ မဲမဲ
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/အန်ဒီဘရောင်း

မိဘမဲ့ကလေးဂေဟာများအပေါ် သက်ရောက်မှုရှိသည့်ခရီးသွားလုပ်ငန်း
(Orphanage Tourism) ဆိုတာ ဘာလဲ

မိဘမဲ့ဂေဟာတွေအပေါ် သက်ရောက်မှုရှိနေသည့် ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံတွင် များပြား လာနေပြီး အားနည်းချက်ရှိသော ကလေးငယ်များအတွက် ဆိုးရွားသော အကျိုးဆက် ဖြစ်လာနိုင်ခြေ ရှိသည်။ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံတွင် ရှုခင်းများလှည့်ပတ်ကြည့်ရှုခြင်း သို့မဟုတ် လုပ်အားပေး ပရောဂျက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မိဘမဲ့ဂေဟာများကို ကမ္ဘာလှည့်ခရီးသွားများ သွားရောက် လည်ပတ်နေကျ ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသွားများကတော့ ကောင်းမှုကုသိုလ်လုပ်သည်ဟု ယူဆကြ သော်လည်း တကယ်တမ်းမူ ယင်းကျောင်းများသို့ ကလေးငယ်များ ပိုမိုရောက်ရှိလာနိုင်အောင် ဖန်တီးပေး သလို ဖြစ်နေသည်။

ကမ္ဘာဒီးယားနိုင်ငံတွင် ပုဂ္ဂလိက မိဘမဲ့ဂေဟာများကို ယေဘုယျအားဖြင့် ငွေရှာသည့် လုပ်ငန်းတစ်ခုအဖြစ် ဖွင့်ကြသည်။ ကလေးများကောင်းမွန်စွာ နေထိုင်ရမည်ဟု ကတိပေးကာ တစ်ခါတရံငွေပေးကာ ဆင်းရဲသော မိသားစုများမှ ကလေးများကို ခေါ်ယူစုဆောင်းကြသည်။ သို့သော် ကလေးများမှာ ကျောင်းမတက်ရဘဲ ကမ္ဘာလှည့်ခရီးသွားများကို ပြသသော ပြပွဲများတွင် ပါဝင်ရန်သာ ဖိအားပေးခံရသည်။ လှူဒါန်းမှုများ ပိုမိုရရှိရန်အတွက် ကလေးများကို တမင်တကာ ဆိုးဆိုးရွားရွားထားသည်။ အဆိုးရွားဆုံးမှာ လာရောက်လည်ပတ်သူများကို ကလေးများနှင့် စောင့်ကြည့်သူမရှိဘဲ ထားသဖြင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ ဖြစ်လာသည်။

ဒါတွေကို ကိုင်တွယ်နိုင်ဖို့ ပိုမိုကောင်းမွန်သော နည်းလမ်းရှိပါသည်။ မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ စလုံးတွင် ယူနီဆက်ဖ်က အစိုးရနှင့် NGO များနှင့် ပူးပေါင်းကာ ဂေဟာမှ ကလေးငယ်များ မိသားစုနှင့် ပြန်လည်နေထိုင်နိုင်အောင် လုပ်ဆောင်လျက်ရှိသည်။ ကလေးငယ်များအတွက် မိဘမဲ့ ဂေဟာများထက် မိသားစုအတူနေထိုင်သည့်အိမ်က ပိုမိုကောင်းမွန်ကြောင်း ပြသနေသည့် သက်သေ အထောက်အထားများစွာရှိသည်။ ကောင်းမွန်သော ဂေဟာများတွင်ပင် ကလေး ဒါဇင်ပေါင်းများစွာအတွက် ဝန်ထမ်းတစ်ဦးသာ ရှိသဖြင့် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် လိုအပ်သော တစ်ဦးချင်းကို ဂရုစိုက်ပေးမှု မရကြပေ။

“ကမ္ဘာတစ်ဝှမ်းလုံးမှာ မိဘမဲ့ဂေဟာတွေမှာ နေထိုင်ကြတဲ့ ကလေးအများစုဟာ မိဘမဲ့တွေ မဟုတ်ကြဘူး။ ၈၀ ရာခိုင်နှုန်းလောက်က အနည်းဆုံး မိဘတစ်ဦးတော့ ရှိနေကြသေးတယ်။ ပြီးတော့ မိဘမဲ့ဂေဟာတွေက ကုန်ကျစရိတ် ကြီးတယ်။ မိသားစုစောင့်ရှောက်မှုထက် ၆ ဆလောက် ပိုကုန်တယ်။ အဲဒီငွေတွေကို မိသားစုတွေ ကိုယ့်ကလေးကို စောင့်ရှောက်ရာမှာ ထောက်ပံ့ပေးဖို့ သုံးလိုက်ရင် အများကြီးပိုကောင်း နိုင်ပါတယ်” ဟု ယူနီဆက်ဖ်မြန်မာရဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဌာန အကြီးအကဲ အာရွန်ဂရင်းဘာ့ဂ်က ရှင်းပြသည်။




တောင်-တောင် ပူးပေါင်းဆောင်ရွက်ခြင်း



Kyaw Lin Htin was one of four Myanmar government officials to visit Cambodia
© UNICEF Myanmar/2016/Andy Brown



ဤပြဿနာတွေကို ရင်ဆိုင်ရန် အခြားနည်းလမ်းတစ်ခုမှာ ‘တောင်-တောင် ပူးပေါင်းဆောင်ရွက်ခြင်း’ ဖြင့်ပင်ဖြစ်သည်။ ယေဘုယျအားဖြင့် အကောင်းဆုံး ဖြေရှင်းနည်းများမှာ တူညီသော အတွေ့အကြုံနှင့် ကိုင်တွယ်ဖြေရှင်းမှုရှိသော နိုင်ငံများမှ ရရှိကြောင်း ယူနီဆက်ဖ်က ယုံကြည်သည်။ ယင်းကို တွေးဆလျက် ယူနီဆက်ဖ်က ၂၀၁၄ခုနှစ်၌ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးရေး ဒုတိယဝန်ကြီး အပါအဝင် ထိပ်တန်း မြန်မာအစိုးရအဖွဲ့များအတွက် ကမ္ဘောဒီးယားခရီးစဉ် စီစဉ်ပေးခဲ့သည်။

“ကမ္ဘောဒီးယားက ပုဂ္ဂလိကမိဘမဲ့ဂေဟာကို သွားကြည့်မှ အသိအမြင်ရသွားတယ်။ ဂေဟာဝန်ထမ်းတွေက ပိုက်ဆံရမလားဆိုပြီး ကလေးတွေကို ကျွန်တော်တို့ရှေ့မှ တန်းစီခိုင်းတယ်။ ကလေးတွေနဲ့ သီးသန့်တွေ့ခွင့်တောင်းတော့ရပါတယ်၊ ပြဿနာမရှိပါဘူးလို့ သူတို့ကပြောတယ်။ ဒုတိယဝန်ကြီးက ချက်ချင်း သဘောပေါက်ပြီး မြန်မာနိုင်ငံမှာ ဒါမျိုးမဖြစ်အောင် တားရမယ်လို့ ပြောတယ်” ဟု အာရွန်က ပြန်ပြော ပြသည်။

ယင်းအလည်အပတ်ခရီးစဉ်မှ ခိုင်မာတဲ့ရလဒ်ရှိခဲ့သည်။ ယင်းကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သို့ ပြန်ရောက် သောအခါ ဒုဝန်ကြီးက ဒုသမ္မတနှင့် သွားတွေ့ကာ မကြာခင်မှာ အစိုးရက မြန်မာနိုင်ငံတွင် မိဘမဲ့ ဂေဟာသစ်များ မှတ်ပုံတင်ခြင်းကို ယာယီဆိုင်းငံ့ရန် ထုတ်ပြန်လိုက်သည်။ ၂၀၁၅ ခုနှစ် စက်တင် ဘာလတွင် ကမ္ဘောဒီးယားကလည်း အလားတူဆိုင်းငံ့မှုကို ထုတ်ပြန်ခဲ့သည်။

“ကမ္ဘောဒီးယားခရီးစဉ်က ကျွန်တော်တို့အတွက် အရမ်းကို အကျိုးရှိပါတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ပြောသည်။

“အများအားဖြင့် အခုလို ကွင်းဆင်းလေ့လာရတာကို သဘောကျတယ်။ ကမ္ဘောဒီးယားက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အခြေအနေအစစ်အမှန်ကို လေ့လာနိုင်ခဲ့တယ်။ အထူးသဖြင့် ကလေးငယ် တွေရဲ့အိမ်တွေ၊ မိသားစုအခြေခံတဲ့ အခြားရွေးချယ်စရာ ပရိုဂရမ်တွေနဲ့ ကမ္ဘောဒီးယားအစိုးရက ပြုလုပ်တဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံချက်တွေပေါ့” ဟု ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်အထိ အာရှပစိဖိတ်ဒေသမှ အစိုးရများ မလေးရှားနိုင်ငံတွင် တွေ့ဆုံကာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ လူမှုဖူလှုံရေးနှင့် နေရာအနှံ့ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် နယ်ပယ်အများအပြားတွင် ထပ်မံ၍ တောင်-တောင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေး မည်ဖြစ်သည်။



မိသားစုအခြေခံ စောင့်ရှောက်မှု


အာကာဖြိုး၊ ၁၄ နှစ် (ညာ) သည် မိဘမဲ့ဂေဟာတွင် တစ်နှစ် နေထိုင်ပြီးနောက် မိသားစုနှင့်အတူ ပြန်လည်နေထိုင်ခဲ့သည်။
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/အန်ဒီဘရောင်း


အသေအချာ လေ့ကျင့်သင်ကြားပေးထားသော လူမှုဝန်ထမ်းတစ်ဦး၏ အကူအညီဖြင့် ကလေးငယ်တိုင်း အတွက် မိသားစုနှင့် နေထိုင်ခြင်းကသာ ကောင်းမွန်သော ရွေးချယ်မှုအဖြစ် အစဉ်အမြဲ တွေ့ရှိရသည်။ ကလေးငယ်ကို မိဘရင်းများက မစောင့်ရှောက်နိုင်လျှင် ဒုတိယအကောင်းဆုံး ရွေးချယ်မှုမှာ လုံခြုံ စိတ်ချရသော ဆွေမျိုးတော်စပ်သည့် မိသားစုနှင့်ဖြစ်ပြီး တတိယမှာ အားကိုးနိုင်သော မွေးစားမှုဖြစ်သည်။ ဥပမာအဖြစ် အသက် ၁၄ နှစ်အရွယ် အာကာမှာ Orphanage Tourismတွင် မပါဝင်သော အစိုးရကျောင်း တစ်ကျောင်းဖြစ်သည့် သံလွင် ယောက်ျားလေးများ လေ့ကျင့်ရေးကျောင်းတွင် တစ်နှစ်နေခဲ့ပြီးနောက် ဆွေမျိုးမိသားစုနှင့် အတူ ပြန်လည်နေထိုင်ခဲ့သည်။

အာကာမှာ တစ်ခါမှ အတည်အကျမနေထိုင်ခဲ့ရပေ။ ၎င်း၏အသက် ၂ နှစ်အရွယ်တွင် ဖခင်ဖြစ်သူက တပ်မတော်ထဲကို ဝင်ရန် ထွက်သွားခဲ့သည်။ မိခင်မှာ အလုပ်ရှာရန်ဆိုကာ ထွက်သွားပြီး လုံးဝ ပြန်မလာတော့ပေ။ ယင်းနောက် ၎င်းမှာ မိခင်ဘက်မှ အဘွားဖြစ်သူ ဒေါ်အုန်းမြင့်နှင့် အတူ နေထိုင်ခဲ့သည်။
“အဘွားနဲ့ အရုပ်လေးတွေ ရောင်းခဲ့ရတယ်။ အဲဒါကို တကယ်သဘောကျတယ်။ ကျွန်တော် ပျော်ခဲ့ပါတယ်” ဟု အာကာက ပြောသည်။

အသက် ၁၂ နှစ်အရွယ်တွင် အာကာမှာ ကျောင်းတက်နိုင်ရန်အတွက် ဖခင်ဘက်မှ အဘွားနှင့် နေထိုင်ရန် ထွက်သွားခဲ့သည်။ သို့သော် ၎င်းမှာ ယင်းနေရာတွင် နေရသည်မှာ မပျော်ခဲ့ပေ။ တစ်နေ့တွင် အဘွားဖြစ်သူ၏ ပိုက်ဆံအိတ်နှင့် ဖုန်းကိုခိုးယူပြီး ဒေါ်အုန်းမြင့်ကိုရှာရန် တစ်ကိုယ်တည်း ထွက်လာခဲ့သည်။ အဘွားဖြစ်သူ ဒေါ်အုန်းမြင့်၏ ရွာသို့ ရောက်သောအခါ အဘွားမှာ ပြောင်းရွှေ့သွားပြီဖြစ်သဖြင့် အိမ်ကို ပြန်လာခဲ့ရသည်။ အတူနေ အဘွားမှာ အရမ်းကိုစိတ်ဆိုးခဲ့သည်။ ပစ္စည်းများခိုးသည့်အတွက် အပြစ်ပေးရန် ယောက်ျားလေးများ လေ့ကျင့်ရေးကျောင်းကို ပို့ခဲ့သည်။

 “ကျွန်တော် စည်းကမ်းရှိဖို့လိုတယ်လို့ အဘွားက ပြောတယ်။ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိဘူး။ လေ့ကျင့်ရေး ကျောင်းမှာနေရတာ မကြိုက်ဘူး။ ဆရာတွေက ကျွန်တော့်ကို အဆောက်အအုံတစ်ခု ထဲမှာပဲ နေခိုင်းပြီး ကျွန်တော် ထွက်မပြေးဘူးဆိုတာ သူတို့မယုံကြည်မချင်း အပြင်ထွက်ခွင့် မပေးဘူး။ ကျွန်တော်က အသစ်ဖြစ်နေတဲ့အတွက် အခြားကောင်လေးတွေကလည်း ကျွန်တော့်ကို အနိုင်ကျင့်တယ်” ဟု အာကာက ပြောသည်။

လေ့ကျင့်ရေးကျောင်းတွင် တစ်နှစ်နေပြီးနောက် Terre des Hommes အဖွဲ့၏ အကူအညီဖြင့် အာကာမှာ ဒေါ်အုန်းမြင့်နှင့် အတူပြန်နေနိုင်ခဲ့သည်။ ယင်း NGOအဖွဲ့က ယင်းကျောင်းရှိ ကလေးငယ်များ၏ ဆွေမျိုးများကို ရှာဖွေရာတွင်ကူညီရန် မိသားစုခြေရာခံခြင်း ပြုလုပ်ပေးသည်။ ဒေါ်အုန်းမြင့်မှာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ကို ပြောင်းရွှေ့သွားကြောင်း စုံစမ်းသိရှိခဲ့သည်။

ဒေါ်အုန်းမြင့်မှာ သတင်းကြားကြားချင်း အာကာ့ဆီကို ရောက်လာသည်။ ယင်းနောက် အာကာကို အိမ်ပြန်ခေါ်သွားခဲ့သည်။

“အခုလိုလုပ်တဲ့အတွက် သူ့ရဲ့အဘွားကို အရမ်းဒေါသထွက်တယ်။ သူ ခိုးမိတာ မှားပါတယ်။ ဒါပေမဲ့ ဒီလိုနည်းလမ်းနဲ့ ဖြေရှင်းတာတော့ မဟုတ်သေးဘူး” ဟု ၎င်းက ပြောသည်။

အာကာဖြိုးမှာ ဒေါ်အုန်းမြင့်နှင့်အတူ အိမ်ပြန်နေရသည့်အတွက် အရမ်းကို ဝမ်းသာသွားသည်။ Terre de Hommes က ၎င်းတို့မိသားစု ဝင်ငွေရရှိစေရေးအတွက် ဝက်တစ်ကောင်ပေးသည်။ အာကာမှာ ကျောင်းတက်နေပြီဖြစ်သည်။

“ကျွန်တော်နေဖူးသမျှထဲမှာ ဒီနေရာကို အကြိုက်ဆုံးပဲ။ ဒီမှာပျော်တယ်။ အနီးအနားမှာ နေတဲ့ ကျွန်တော်နဲ့ ရွယ်တူ ဝမ်းကွဲမောင်နှမတွေရှိတယ်။ ကျောင်းသွားရပြီး သူငယ်ချင်းတွေ အများကြီးရတယ်။ ဘောလုံးကွင်း လည်းရှိတယ်။ ကျွန်တော်က ဘောလုံးကစားရတာ ကြိုက်တယ်။ ကျွန်တော်က ဂိုးသမားလေ” ဟု အာကာက ပြောသည်။



အာကာက သူ၏ နေအိမ်ပြင်ပရှိ မတ်တတ် ရေဘုံပိုင်မှ ရေရယူနေပုံ
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/အန်ဒီဘရောင်း
ရှေ့သို့လှမ်းချီ

ယူနီဆက်ဖ်အတွက် နောက်ထပ်အဆင့်မှာ လက်ရှိကျောင်း/ဂေဟာများတွင် ကလေးငယ်များကို ခေါင်းပုံ ဖြတ်ခြင်းမှ ကာကွယ်ရန်အတွက်စီမံချက်များနှင့် မိဘမဲ့ဂေဟာသစ်များကို ဆိုင်းငံ့ထားရန်အတွက် မြန်မာအစိုးရသစ်နှင့် လက်တွဲလုပ်ဆောင်ရန်ဖြစ်သည်။ Orphanage Tourismကို သတိပြုမိမှု မြင့်တက်စေရေးနှင့် ကူညီချင်သော ကမ္ဘာလှည့် ခရီးသွားများအတွက် အခြားရွေးချယ်စရာများ ကြော်ငြာ ပေးရန်တို့ကို ဟိုတယ်နှင့် ဧည့်လမ်းညွှန်များအပါအဝင် ခရီးသွား လုပ်ငန်းနှင့် ပူးတွဲလုပ်ဆောင်မှုလည်း စတင်နေပြီ ဖြစ်သည်။

ယခု မြန်မာနိုင်ငံမှာ အလှည့်အပြောင်းကာလဖြစ်သည်။ “ဒီလုပ်ငန်းတွေက ကာကွယ်တားဆီးနိုင်ဖို့ အတွက်ပါ။ အခုချိန်မှာ ကာကွယ်တားဆီးနိုင်ပြီး မှန်ကန်အောင်လာအောင် ပြုလုပ်ပြီး ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးစနစ်အတွက် ပိုမိုကောင်းမွန်တဲ့ စနစ်ကို တည်ဆောက်ဖို့ အခွင့်အရေး ရှိသေးတယ်။ နိုင်ငံတကာအတွေ့အကြုံအရ Orphanage Tourismနဲ့ ကလေးငယ်တွေကို မိဘမဲ့ဂေဟာပို့ဆောင်ခြင်း လုပ်ဆောင်ချက်တွေအနေနဲ့  လုံးဝအခိုင်အမာတည်ဆောက်ပြီးသား ဖြစ်သွားပြီဆိုရင် ပြန်ပြီးပြောင်းလဲပစ်ဖို့ဆိုတာ နှစ် ၂၀-၃၀ ကြာနိုင်တယ်” ဟု အာရွန်ဂရင်းဘာ့ဂ်က ပြောသည်။







1 comment: