Wednesday, October 5, 2016

မြန်မာနိုင်ငံရှိ လူမှုလုပ်ငန်းတွင် ထည့်သွင်း အသုံးပြုနိုင်ခဲ့သည့် ဒီဇိုင်းနှင့် တီထွင်ဖန်တီးနိုင်စွမ်း

မာရီယာနာပါလာဗရာ ရေးသားသည်




မော်လမြိုင်၊ မွန်ပြည်နယ် - လူမှုဖူလုံရေးဌာန (DSW) တွင် အုပ်ချုပ်မှုအလုပ်ကို ၂၉ နှစ်ကြာ ပြုလုပ်ခဲ့ပြီး သည့်နောက် အသက် ၄၉ နှစ်အရွယ် ဒေါ်စောဥမ္မာမှာ လူမှုဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် ကရင်ပြည်နယ်၊ ဖားအံမြို့မှ မော်လမြိုင်မြို့သို့ စေလွှတ်ခံခဲ့ရသည်။ မော်လမြိုင်သို့ ရောက်ပြီး မကြာခင်တွင် အိမ်ကထွက်ပြေးပြီး ဘတ်စ်ကားဂိတ်တွင် လမ်းပျောက်ကာ ယောင်လည်လည်ဖြစ်နေသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို စောင့်ရှောက်ပေးရန် ည ၈ နာရီတွင် ဆင့်ခေါ်ခံရသည်။



“ကျွန်မ နှစ်ပေါင်း ၃၀ နီးပါး NGO တွေနဲ့ အဆက်အစပ်မရှိခဲ့ဘူး။ အုပ်ချုပ်မှုအလုပ်ပဲ လုပ်ခဲ့တာ။ အလုပ် သစ်မှာ သင်စရာတွေက အများကြီးပဲ။ ဒီအသက်အရွယ်ကျမှ တစ်ခါမှ မကြုံဖူးတဲ့ အတွေအကြုံသစ်တွေ ရပြီး ဆက်တိုက်ကို သင်ယူနေရတယ်။ စိတ်ဝင်တစားနဲ့ မျက်စိကို အမြဲတမ်း ဖွင့်ထားရတယ်” ဟု ၎င်းက ပြောပြသည်။


မွန်ပြည်နယ်ရှိ ကလေးတစ်ယောက်ဆီသွားနေသော လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲသူ ဒေါ်စောဥမ္မာ






ဒေါ်စောဥမ္မာ အပါအဝင် မော်လမြိုင်မြို့တွင် DSW လူမှုဝန်ထမ်း နှစ်ဦးရှိသည်။ နောက်တစ်ဦးမှာ အသက် ၄၈ နှစ်အရွယ် ဒေါ်ဝင်းဗိုလ်ဖြစ်ပြီး ၎င်းမှာလည်း ပြီးခဲ့သည့်နှစ်အထိ DSW မော်လမြိုင်ရုံးတွင် ၂၂ နှစ် ကျော် ရုံးထိုင်ခဲ့ရသူ ဖြစ်သည်။





“အစပိုင်းမှာ လူမှုဝန်ထမ်းလုပ်ရတာ ဘာမှ အထူးအထွေ မခံစားခဲ့ရဘူး။ ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်မဟာ ကလေးတွေနဲ့ ဆက်ဆံရတာကို သဘောကျတယ်ဆိုတာကို နားလည်လာတယ်။ အဲဒါဟာ  ဒီအလုပ်ရဲ့အကောင်းဆုံးအပိုင်းပါပဲ” ဟု ဒေါ်ဝင်းဗိုလ်က ပြောသည်။




“တစ်ခါတလေမှာ ကားငှားပြီး ၅ နာရီ ကားစီးရတာတို့၊ မိုးသည်းထဲမှာ ရွှံ့ဗွက်ထူတဲ့ လမ်းတွေကို ဖြတ်ရတာတို့ ရှိနိုင်ပေမဲ့ အခက်အခဲတွေရင်ဆိုင်ရကျိုးနပ်ပါတယ်။ ကျွန်မက ကလေးသုံးယောက် အမေဆိုတော့ ကလေးတိုင်းကို ကာကွယ်စောင့်ရှောက်ဖို့ ဝတ္တရားရှိတယ်ဆိုတဲ့ ခံစားချက်ရှိတော့ ဒါဟာ အရေးပါတဲ့ ကဏ္ဍတစ်ခုလို့ ခံစားရပါတယ်” ဟု ဒေါ်ဝင်းဗိုလ်က ဆိုသည်။


တကယ်တော့ အသက် ၁၅ နှစ်အရွယ် အိမ်အကူအမျိုးသမီးလေးတစ်ဦးကို အိမ်ရှင် အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ခဲ့သဖြင့် ကိုယ်ဝန်ရှိသွားသည့်အမှုကို မကြာသေးမီကမှ ဒေါ်ဝင်းဗိုလ်က ကူညီဆောင်ရွက် ပေးခဲ့ရသည်။



ဒေါ်ဝင်းဗိုလ်သည် မွေးဖွားလာသည့် ကလေးငယ်လေး စောင့်ရှောက်မှုကောင်းကောင်း ရစေရန်နှင့် ဆယ်ကျော်သက်မိခင်အားလည်း လိုအပ်သော စိတ်ဓာတ်နှင့်လူမှုရေး စောင့်ရှောက်မှုရှိစေရန်၊ တရားခံအား တရားစွဲဆိုနိုင်ရန် တရားဥပဒေကြောင်းအရ အကူအညီရရှိစေရန် လိုက်လံ ဆောင်ရွက်ပေးနေသည်။


တီထွင်ဖန်တီးနိုင်မှု လေ့ကျင့်ရေးမြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အနေဖြင့် အောက်ခြေအထိ အခြေအနေ အလိုက် စီမံချဉ်းကပ်နိုင်မှုကို အသုံးပြုကာ DSW လူမှုဝန်ထမ်းများကို ခန့်အပ်ထားခြင်း ဖြစ်သည်။



ယင်းလူမှုဝန်ထမ်းများ၏ ဆောင်ရွက်မှုမှာ ထိရောက်မှုရှိပြီး ကလေးသူငယ် ကာကွယ်ရေးအတွက် လုပ်ဆောင်နေကြသော အခြားဌာနများ၊ ဝန်ကြီးဌာနများနှင့် NGO များနှင့် ချိတ်ဆက်မှုရှိခြင်း သေချာ စေရန်အတွက် ယင်းကြိုးပမ်းမှုကို ယူနီဆက်ဖ်က ဆောင်ရွက်ပေးခြင်းဖြစ်သည်။


“အသစ်ခန့်အပ်ထားတဲ့ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲသူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက အရမ်းကို ကြီးမားပါတယ်။ သူတို့ဟာ အရေးပါတဲ့ ဝန်ဆောင်မှုတစ်ခုရဲ့ ရှေ့ဆောင်လမ်းပြတွေလည်း ဖြစ်ပါတယ်။ ကလေးတွေ အကျိုးကျေးဇူး အကောင်းဆုံးရရှိနိုင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ပင်ကိုယ်အရည်အချင်း၊ စာနာစိတ်နဲ့ တည်ကြည်မှုရှိဖို့ လိုအပ်ပါတယ်” ဟု ယူနီဆက်ဖ်မြန်မာ၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ဌာနမှ ဌာနမှူး အာရွန်ဂရင်းဘာ့ဂ်က အတည်ပြုပြောကြားသည်။


၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ကတည်းက သြစတြေးလျ၏ ငွေကြေးထောက်ပံ့မှုဖြင့် ယူနီဆက်ဖ်နှင့် NGO Point B Design + Training က အရှေ့တောင်ပိုင်းတွင် ကလေးငယ်များအတွက် DSW လူမှုဝန်ထမ်း ဖြစ်ရပ် စီမံခန့်ခွဲရေးစနစ် ဖြစ်ပေါ်စေရန်အတွက် အခြေအနေအလိုက် စဉ်းစားချဉ်းကပ်မှုကို အသုံးပြုကာ ပူးတွဲ လုပ်ဆောင်နေခြင်း ဖြစ်သည်။



“အခြေအနေအလိုက် စဉ်းစားခြင်းဆိုတာက လူမှုပြဿနာတွေနဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့အတွက် ဖန်တီး ထားတဲ့ ချဉ်းကပ်မှုဖြစ်တယ်။။ ဒေသခံတွေရဲ့ကိစ္စရပ်တွေကို ကူညီပေးတဲ့ ဖြေရှင်းနည်းသစ်တွေ ဖန်တီး နိုင်ဖို့ ထင်မြင်ချက်၊ မျှဝေခံစားခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ စမ်းသပ်လုပ်ဆောင်ခြင်းတို့ ပြုလုပ်နိုင်ဖို့အတွက် စိတ်ခံစားချက်ပြောင်းလဲဖို့ အဓိက ဦးစားပေးပါတယ်” ဟု Point B ကို ပူးတွဲတည်ထောင်သူ ရူချယ်လ်အာဒက်ရှာက ရှင်းပြသည်။




အရှေ့တောင်ပိုင်းမှ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ဆရာမများနှင့်အတူ ကိုယ်ချင်းစာနာ နားလည်မှုအကြောင်းအရာများ ဆွေးနွေးလေ့ကျင့်နေသည့် ဆရာမ ဒေါ်ဝင်းဗိုလ်


“လူမှုရေးစိန်ခေါ်မှုတွေအတွက် ရည်ရွယ်ပြီး ပူးပေါင်းဖန်တီးထားတဲ့ ဖြေရှင်းနည်းတွေအတွက် လုပ်ငန်း စဉ်တွေ ဆောင်ရွက်မှုနဲ့အတူ အဲဒီနည်းလမ်းတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ဒေသေခံတွေ ကိုယ့်ဘဝကိုယ် စီမံနိုင်စေဖို့ အောင်အောင်မြင်မြင် အသုံးပြုနိုင်ခဲ့ပါတယ်” လို့ ၎င်းက ဆိုသည်။


Point B က ယင်းဖွံ့ဖြိုးရေးပရိုဂရမ် အတွက် ဒီဇိုင်းနှင့် တီထွင်ဖန်တီး နိုင်မှုကို ထည့်သွင်းပြီး အရှေ့တောင်ပိုင်းမှ ဒေသဆိုင်ရာ နှင့် ပြည်နယ်သုံးခုရှိ ၅ မြို့နယ်မှ ဖြစ်ရပ်စီမံခန့်ခွဲသူ ၁၃ ဦး၏ စွမ်းရည်ကို တည်ဆောက်မြှင့်တင် ပေးခဲ့သည်။



နောက်ဆုံး ၉ လအတွင်းတွင် ယင်းအဖွဲ့အစည်းက DWS ရုံးခန်း အသီးအသီးတွင် ဖြစ်ရပ်စီမံ ခန့်ခွဲ သူများနှင့် အခြားဝန်ထမ်းများကို အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့သည်။ ထို့အပြင် အရှေ့တောင်ပိုင်းမှ ဖြစ်ရပ်စီမံခန့်ခွဲသူ ၁၃ ဦးစလုံးကို လာရောက်စေပြီး အတွေ့အကြုံများနှင့် ဗဟုသုတများ မျှဝေရန် သင်တန်း များလည်း ပြုလုပ်ပေးသည်။



ယူနီဆက်ဖ် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ နည်းပညာပံ့ပိုးမှုနှင့်အတူ Point B သင်တန်း ဆရာများက ဖြစ်ရပ်စီမံခန့်ခွဲသူ တစ်ဦးချင်းစီ၏ တာဝန်နေရာကို လိုက်ပါဆောင်ရွက်ခြင်း၊ ချင့်ချိန် ဆုံးဖြတ်မှု ဆောင်ရွက်ချက်များအတွက် စီစဉ်ခြင်း၊ သင်ကြားထားသော သင်ခန်းစာများကို ဆွေးနွေးခြင်း တို့ကို ပြုလုပ်သည်။



 “Point B ရဲ့နည်းစနစ်တွေက ဖြစ်ရပ်စီမံရေးဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍက ဘာလဲဆိုတာကို သေသေချာချာ နားလည်စေပါတယ်။ ကျွန်မတို့ရဲ့ အရင်အလုပ်တွေနဲ့ လုံးဝတခြားစီပါ။ ပတ်ချာလည် ပြီးဆော့ရတဲ့ ကစားပွဲတွေနဲ့ ဆောင်ရွက်ချက်တွေက အသင်းအဖွဲ့လိုက် လုပ်ဆောင်ခြင်းက ဘယ်လောက် အရေးပါတယ်၊ တစ်ယောက်မရှိရင် ဘာမှ လုပ်လို့မရဘူး ဆိုတာကို ပြသပေးနေတယ်” လို့ ဒေါ်စောဥမ္မာက ပြောပြသည်။



အမှုတွေကို လူတွေကိုဗဟိုပြုဆောင်ရွက်ခြင်းအတွက် အထောက်အကူဖြစ်စေဖို့ DSW ဝန်ထမ်း ၁၃ ဦးက ပြုလုပ်ထားသည့် လုပ်ငန်းစဉ်ပုံစံ နမူနာကိုလည်း ၎င်းက ပေးသည်။ ယင်းပုံစံက လူမှုဝန်ထမ်းများကို ကလေးငယ်၏ စိတ်ခံစားချက်များပါဝင်သည့် ဖြစ်ရပ်တခုအတွင်း အစိတ်အပိုင်း အမျိုးမျိုးကို ခြေရာခံမိ စေရန် ကူညီပေးသည်။



အသစ်စတင်ခြင်း

ယင်းလုပ်ဆောင်ချက်များ၏ အစောပိုင်းရလဒ်များမှာ သိသိသာသာ တိုးတက်မှုရှိကြောင်း လည်း ပြသနေပေသည်။



“လူမှုဝန်ထမ်းတွေက တက်ကြွရတယ်။ ဒါပေမဲ့ အခွင့်အာဏာရှိဖို့ မလိုဘူး။ အခြေအနေ အလိုက်စဉ်းစားခြင်း ပုံစံတွေက လူတွေကို သူတို့ဘယ်သူဆိုတာ သိရှိဖို့၊ စိတ်ကူးအတွေးတွေနဲ့ သူတို့ ဘယ်လိုလုပ်ချင်တယ်ဆိုတာ ပြောပြနိုင်ဖို့ ကူညီပေးဖို့ပဲ”လို့ ရူချယ်အာဒက်ရှာက ပြောပြသည်။


“အခုဆိုရင် လူမှုဝန်ထမ်းတွေဟာ ဒီအလုပ်တွေမှာ ဘာတွေလိုအပ်တယ် ဆိုတာကို ကောင်းကောင်းကြီးသိနေပြီ။ သူတို့ဖန်တီးထားတဲ့ ပစ္စည်းတွေနဲ့ ဒေသအဆင့်မှာ စနစ်တည်ဆောက်မှုတွေ ဆောင်ရွက်ထာားပြီးပြီ။ ရပ်ရွာတွေကိုသွားဖို့၊ ပြဿနာအမျိုးမျိုးကို ဆွေးနွေးဖို့နဲ့ မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ သူတို့မှာ ကိုယ့်ကိုကိုယ်ယုံကြည်မှု ပိုရှိလာပြီ။ အဲဒါတွေက သူတို့ ကိုင်တွယ်နေတဲ့ ကလေးသူငယ်အမှုတွေရဲ့ လုပ်ငန်းစဉ်မှာ အပြုသဘောဆောင်တဲ့ ရောင်ပြန်ဟပ်မှုတွေ ဖြစ်ပေါ်စေတယ်” လို့ ၎င်းက ဆိုသည်။



မဝေးတော့သည့် အနာဂတ်တွင် ယူနီဆက်ဖ်၏ပံ့ပိုးမှုနှင့်အတူ Point B က ၎င်းတို့၏ တီထွင်ကြံစမှုဖြင့် ပြဿနာဖြေရှင်းခြင်း နည်းလမ်းများကို မန္တလေးတွင် တိုးချဲ့ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းတို့တွင်ခန့််ထားသော DSW လူမှုဝန်ထမ်းများကို သင်တန်းပေးမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ယင်းအစိုးရမဟုတ်သော (NGO)အဖွဲ့အစည်းမှ အရှေ့တောင်ပိုင်းတွင်လည်း နောက်ဆက်တွဲသင်တန်းနှင့် DSW၏ လက်ထဲသို့ စွမ်းရည်တည်ဆောက်မှု အဆင့်ဆင့်တို့ကို လွှဲပြောင်းပေးမှုတို့ကိုလည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။

အရှေ့တောင်ပိုင်းမှ လူမှုရေးရာဝန်ထမ်းများမှာ ယခင်ကထက် ယုံကြည်မှု ပိုရှိနေပြီဖြစ်သည်။

“ဒီသင်တန်းတွေ ပြီးသွားတော့ ရှုပ်ထွေးတဲ့ ဖြစ်ရပ်တွေကို အလွယ်တကူ ကိုင်တွယ်နိုင်လိမ့်မယ်လို့ ခံစားရတယ်။ အကောင်းဆုံး ဖြေရှင်းနည်းတွေကို ဘယ်လိုပေးရမယ်ဆိုတာ အမြဲသိတယ်လို့တော့ ကတိမပေးနိုင်ပါဘူး။ ဒါပေမဲ့ ဖြစ်ရပ်တွဲတိုင်းကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးလုပ်ဆောင်သွားမှာပါ” လို့ ဒေါ်ဝင်းဗိုလ်က အခိုင်အမာဆိုသည်။


ထိုနည်းလည်းကောင်းပင် ဒေါ်စောဥမ္မာကလည်း အပြုသဘောဆောင်သည့် ပြောင်းလဲမှုများကို မြင်သည်။

“ကျွန်မက အရေးပါတဲ့အခန်းကဏ္ဍတစ်ခုမှာ ပါဝင်နေတယ်လို့ ခံစားမိပါတယ်။ ကလေးတွေကို တကယ် ထိရောက်တဲ့ နည်းလမ်းနဲ့ ကူညီဖို့အတွက် ကျွန်မရဲ့ ဘဝအတွေ့အကြုံတွေကို အသုံးချသွားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။ တကယ်လည်း ၎င်းက ပြုလုပ်နေသည်။ ညစဉ် မအိပ်ခင်တွင် ဒေါ်စောဥမ္မာသည် အတင်းအကျပ် အလုပ်လုပ်ခိုင်းခံခဲ့ရသော အိမ်မှ ထွက်ပြေးလာသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေး အကြောင်းကို တွေးတောဆဲဖြစ်သည်။ သို့သော် လူမှုရေးရာဝန်ထမ်းအမျိုးသမီးကြီးမှာ ယင်းအကြောင်းကို အပြုံးများဖြင့် တွေးတောခြင်း ဖြစ်သည်။ ယင်းမိန်းကလေးအတွက် ယာယီနေထိုင်စရာ နေရာတစ်ခု ချက်ချင်းရှာပေးခဲ့ပြီး မကြာခင်တွင် ရန်ကုန်တွင်နေထိုင်သော မိန်းကလေး၏ မိဘများနှင့် ပြန်လည်တွေ့ဆုံအောင်လည်း စီစဉ်ပေးခဲ့နိုင်သည်။ ၎င်းတို့က သမီးကို သေချာစောင့်ရှောက်မည် ဖြစ်ကြောင်းနှင့် နောက်ထပ် အိမ်ဖော်အလုပ် မလုပ်ခိုင်းတော့ပါဟု ကတိပေးခဲ့ကြလေသည်။


 ပြီးပါပြီ

No comments:

Post a Comment