Saturday, April 9, 2016

သားဖွားဆရာမတစ်ဦး၏ ဇာတ်လမ်း - မြန်မာနိုင်ငံ အနောက်ပိုင်းရှိ အစွန်အဖျားကျသော ရွာလေးများရှိ ပြောင်းလဲလာသော ဘ၀များ

ကက်ဇာလျန်နှင့် မိုဟာမက်ဘက်ဒရူလ် ဟက်ဆန်ရေးသားသည်

ရန်ကုန်မှ ကီလိုမီတာ ၁၀၀၀ အကွာတွင်ရှိပြီး ဟားခါးမြို့နှင့် ကီလိုမီတာ ၂၀၀ အကွာရှိ ကျေးရွာလေးတွင် အသက် ၄၉ နှစ်ရှိ ဒေါ်ကစ်မော်ဝီမှာ တစ်ဦးတညသော သားဖွားဆရာမဖြစ်သည်။
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/မိုဟာမက်ဘက်ဒ်ရူလ်ဟက်ဆန်
ဒေါ်ကစ်မော်ဝီရဲ့အလုပ်က မြန်မာနိုင်ငံ အနောက်ပိုင်းက အစွန်အဖျားကျေးရွာလေးတွေကို လှည့်လည် သွားလာရန် လိုအပ်ပေသည်။ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးသည် သောင်းလန်း ကျေးလက် ကျန်းမာရေးဌာနခွဲ (SRHC)က တစ်ဦးတည်းသော သားဖွားဆရာမဖြစ်သည်။ ယင်းရွာမှာ ချင်းပြည်နယ်၏ မြို့တော် ဟားခါးနှင့် ကီလိုမီတာ ၂၀၀ ဝေးပြီး ရန်ကုန်မြို့နှင့် ကီလိုမီတာ ၁၀၀၀ ဝေးသည်။
အစွန်အဖျားကျသော ဒေသဖြစ်ခြင်းနှင့် ကျန်းမာရေးဝန်ဆောင်မှုရရှိနိုင်မှု အကန့်အသတ်ရှိခြင်းတို့ကြောင့် ဒေါ်ကစ်မော်ဝီရဲ့အလုပ်မှာ သားဖွားဆရာမတစ်ဦးထက် ပိုပေသည်။

“ကျွန်မရဲ့ အပတ်အစဉ်အလုပ်မှာ လူနာတွေ လက်ခံရတာ၊ ကိုယ်ဝန်ဆောင်သည်တွေကို စောင့်ရှောက် ရတာ၊ ကလေးတွေကို ကာကွယ်ဆေးထိုး/တိုက်ရတာနဲ့ ကျန်းမာရေး အခြေအနေတွေ စစ်ဆေးဖို့ အိမ်တွေကို သွားကြည့်ရတာတွေ ပါပါတယ်” ဟု နေမကောင်းဖြစ်နေသော လမ်းဆောက်လုပ်ရေး အလုပ်သမား တစ်ဦးအား ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်များပေးရန် သွားရောက်စဉ် ၎င်းက ရှင်းပြသည်။ တကယ်ပဲ ဒေါ်ကစ်မော်ဝီက တစ်ရွာနှင့်တစ်ရွာ အလှမ်းဝေးလှသည့် ၎င်းတာဝန်ယူထားရသည့် ရွာသုံးရွာက လူအားလုံးကို ကျန်းမာရေး ဝန်ဆောင်မှုပေးရန် ကြိုးပမ်းနေသူ ဖြစ်သည်။ သွားလာရန် အတွက် အဓိက သယ်ယူပို့ဆောင်ရေးစနစ်က လမ်းလျှောက်ခြင်းပဲ ဖြစ်လေသည်။

မတူလူမျိုး ချင်းတိုင်းရင်းသူဖြစ်သည့် ဒေါ်ကစ်မော်ဝီဟာ ရပ်ရွာတွင်း မွေးကင်းစ ကလေးငယ် စောင့်ရှောက်ရေး၊ ကာကွယ်ဆေးထိုးခြင်း၊ အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးခြင်း၊ ရေ၊ မိလ္လာစနစ်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအပြင် အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့် ရပ်ရွာအမှုကိစ္စ ကိုင်တွယ် ဖြေရှင်းခြင်းတို့နှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သင်တန်းတက်ထားသည်။ SRHC သားဖွား ဆရာမ တစ်ဦးအဖြစ် ၎င်းမှာ မြန်မာ အစိုးရမှတစ်ဆင့် ယူနီဆက်မှ ပံ့ပိုးသော အထောက်အပံ့ပစ္စည်းများ ရရှိသည်။ ၎င်း၏ ပုံမှန်အလုပ်အပြင် လူဦးရေစာရင်း၊ ငှက်ဖျားနှင့် အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ီအက်စ်တို့နှင့် ပတ်သက်သော အချက်အလက်များကို ကောက်ယူပေးရသည်။ ထို့အပြင် အရေးကြီးသော ကိုယ်ဝန် ဆောင်သည်များကို SRHC နှင့် ၁၀၀ ကီလိုမီတာ အကွာတွင်ရှိသည့် မတူပီမြို့နယ်ဆေးရုံသို့ လွှဲပြောင်း ပေးရသည်။ လိုအပ်ပါက လူနာနှင့်အတူ လိုက်ပါပေးရသည်။

အလုပ်မှာ ခက်ခဲကြောင်း ဝန်ခံသော ယင်းသားဖွားဆရာမမှာ ၎င်း၏ အသက်မွေးဝမ်းကျောင်း ရွေးချယ်မှု အပေါ် ဇဝေဇဝါတော့ မဖြစ်ပေ။

“မွေးခါနီးဖွားခါနီး အရမ်း နာကျင်နေတဲ့အချိန်မှာ အရမ်းကို ခက်ခဲပါတယ်။ ဒါပေမဲ့ ကလေးကို အောင်အောင်မြင်မြင် မွေးဖွားပေးပြီးတဲ့ အချိန်မှာတော့ ကျွန်မရဲ့ပျော်ရွှင်မှုကို စကားလုံးနဲ့တောင် မဖော်ပြ တတ်ဘူး။ ကျွန်မအလုပ်ကို ကျွန်မ တကယ်ချစ်တယ်” ဟု ၎င်းက ဆိုသည်။

ဒေါ်ကစ်မော်ဝီမှာ တစ်လလျှင် ၂၁၇,၀၀၀ ကျပ်မျှသာရှိသည့် လစာငွေသာ ရရှိသော်လည်း မိခင်များနှင့် ကလေးများ၏ ကျန်းမာရေးအတွက် အလုပ်လုပ်ရသည်ကို ဂုဏ်ယူလျက်ရှိသည်။

“ဒီနှစ် ၁၃ ခါ မွေးဖွားပေးတာမှာ မိခင်နှစ်ယောက်က ကျွန်မကို လာကန်တော့တယ်” ဟု ၎င်းက ပြောသည်။
ယင်းငွေများကိုမူ ၎င်းအတွက် အသုံးမပြုဘဲ SRHC အတွက် ဘာလီပုံးတွေ၊ ခွက်တွေ၊ တံမျက်စည်းတွေနဲ့ ဘရက်ရှ်စသော အသုံးအဆောင် ပစ္စည်းအချို့ကို ဝယ်သည်။ သို့မှသာ ရပ်ရွာတစ်ခုလုံး အသုံးပြုနိုင် မည်ဖြစ်သည်။

ယင်းဒေသရှိ ရွာသူရွာသားများမှာ ၎င်းကို လေးစားပြီး မှီခိုအားထားကြသည်။ ၎င်းထံမှ ဆေးဘက်ဆိုင်ရာ သာမက မိသားစုနှင့် ရပ်ရေးရွာရေးကိစ္စနှင့် ပတ်သက်ပြီးလည်း အကြံဉာဏ် တောင်းခံကြသည်။ ၎င်း၏ ဆေးကုသပေးမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ကူညီစောင့်ရှောက်မှုတွေကိုလည်း မကြာခဏဆိုသလို ရရှိသေးသည်။

“တစ်လကို အမျိုးသား နှစ်ယောက် သုံးယောက်လောက်က ကျွန်မအတွက် တောထဲက ထင်းခွေပြီး ခုတ်ပေးကြတယ်” ဟု ဒေါ်ကစ်မောဝီက ပြောပြသည်။

ဒေါ်ကစ်မော်ဝီမှာ သားဖွားဆရာမအဖြစ် လုပ်ကိုင်ခဲ့သည်မှာ ၁၃ နှစ်ရှိပြီဖြစ်ပြီး ၎င်း၏ ခင်ပွန်းမှာမူ ပုံမှန် အလုပ်မရှိပေ။ ဇနီးမောင်နှံ နှစ်ဦးစလုံးတွင် သားသမီး ၃ ဦးအတွက် တူညီသည့် အိပ်မက်တော့ ရှိကြသည်။

“သူတို့တွေ ပညာကောင်းကောင်းတတ်ပြီး တခြားသူတွေကို ကူညီဖို့ သူတို့ဘဝကို နှစ်မြှုပ်စေချင်တယ်” ဟု ၎င်းက သားသမီးများအတွက် အိပ်မက်ကို ပြောပြသည်။

ချင်းပြည်နယ်မှာ အစွန်အဖျားဒေသ ၅၀ ကျော်နှင့် သီးခြားလူမျိုးစုများ နေထိုင်ရာ နေရာဖြစ်သည်။ ပြည်နယ်၊ တိုင်းဒေသကြီးအားလုံးကြားတွင် ဆင်းရဲမွဲတေမှုနှုန်း အမြင့်မားဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး ၇၁ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။ ကြမ်းတမ်းသော ပထဝီအနေအထား၊ ပြင်းထန်သော ရာသီဥတု၊ ထောက်ပံ့ငွေ အကန့်အသတ်ရှိခြင်း၊ လျှပ်စစ်နှင့် အခြေခံအဆောက်အဦ မလုံလောက်ခြင်း၊ လူမှုပံ့ပိုးမှုစနစ် အားနည်း ခြင်းနှင့် ဝေးလံခေါင်သီလွန်းခြင်းတို့က ပြည်နယ်တွင်း ဝန်ဆောင်မှု တိုးတက်မှုအတွက် အဆီးအတားများ ဖြစ်နေသည်။

ပြည်နယ်နှင့် ပြည်ထောင်စုအစိုးရမှတစ်ဆင့် ယူနီဆက်ဖ်က ချင်းပြည်နယ်ရှိ အမျိုးသမီးများနှင့် ကလေး သူငယ်များ၏ ကျန်းမာရေးအခြေအနေ တိုးတက်စေရန် ပံ့ပိုးကူညီလျက်ရှိသည်။ ယင်းထဲတွင် ရပ်ရွာတွင်း မွေးကင်းစ ကလေးစောင့်ရှောက်ရေးနှင့် လူနာနှင့်ပတ်သက်ပြီး စီမံဆောင်ရွက်မှု၊ ကာကွယ်ဆေးထိုးခြင်း၊ အာဟာရဖြည့်စွက်စာ ထောက်ပံ့ခြင်း၊ ပြင်းထန်ပြီး စိုးရိမ်ဖွယ်ဖြစ်သော အာဟာရချို့တဲ့မှုကို ကိုင်တွယ်ခြင်း၊ မိခင်မှ ကလေးထံသို့ ရောဂါကူးစက်မှု ကာကွယ်ခြင်းနှင့် ငှက်ဖျားရောဂါကို ရှာဖွေကုသခြင်းတို့ ပါဝင်သည်။

 

No comments:

Post a Comment