Thursday, April 7, 2016

ရခိုင်ပြည်နယ်ရှိ လူငယ်စင်တာများရှိ ဘဝကျွမ်းကျင်သင်တန်း - “ပျော်ရွှင်မှုကို ခံစားရတယ်။ မျက်လုံးတွေကို မှိတ်ပြီး စိတ်ကူးယဉ်မိတယ်”

မာရယာနာာ ပါလက်ဗရာ ရေးသားသည်
ပေါက်တောမြို့၊ ရခိုင်ပြည်နယ်၊ မတ်လ ၂၀၁၆ - သူမရဲ့ နာမည်က ပန်းလေးတစ်ပွင့်ရဲ့အမည်ဖြစ်ပြီး အမြဲတမ်း အပြုံးပန်းဝေနေသူလေးဖြစ်သည်။ သဇင်ဆိုသော မိန်းကလေးသည် လူဦးရေ ၈၀၀ ပင်မရှိသည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့က ကျောက်ပျဉ်ဆိပ်ရွာတွင် နေထိုင်သည်။
 
သဇင်သည် သူမ အနှစ်သက်ဆုံးနေရာတစ်ခုဖြစ်တဲ့ ကျေးရွာလူငယ်စင်တာမှာ နာရီပေါင်းများစွာ ကုန်ဆုံးလေ့ရှိသည်။
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/မာရီယာနာ ပါလက်ဗရာ

သုံးတန်းစာမေးပွဲဖြေထားသည့် အသက် ၁၃ နှစ်အရွယ် သူမသည် ယခု နွေရာသီကျောင်းပိတ်ရက်တွင် ချက်ပြုတ်၊ ရေခတ်၊ အဝတ်လျှော်၊ ငါးနှစ်အရွယ် မောင်လေးကို စောင့်ရှောက်ရင်း မိခင်ကို ကူညီလုပ်ကိုင် ပေးနေသည်။ သို့သော် သဇင် ကူညီစောင့်ရှောက်ပေး သည်မှာ သူမ၏ မိသားစုတင် မဟုတ်ပေ။

“ကျွန်မက လူကောင်းတွေကို ကူညီပေးချင်တယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ။ သူတို့ကို ခေါင်းလျှော် ပေးတယ်။ အဝတ်အစားတွေ လျှော်ပေးတယ်။ တစ်ယောက်တည်းဖြစ်နေရင် အဖော် လုပ်ပေးတယ်” ဟု သဇင်က ပြောသည်။

တခြားသူများကို ကူညီစရာမရှိသည့်အခါ သူမသည် သူမသဘောအကျဆုံး နေရာတစ်ခုဖြစ်သည့် လူငယ်စင်တာတွင် အချိန်ကုန်လေ့ရှိသည်။

“ဒီနေရာကို ကျွန်မအရမ်းကြိုက်တယ်။ ဒီနေရာမှာ ကစားလို့ရရုံတင်မကဘူး ဗဟုသုတတွေနဲ့ အတွေ့အကြုံတွေပါရတယ်” ဟု သဇင်က ဆိုသည်။

ယူနီဆက်ဖ်၏ အကူအညီဖြင့် ဒိန်းမတ်ဒုက္ခသည်ဆိုင်ရာကောင်စီ (DRC) က တည်ထောင်ပေးခဲ့သည့် လူငယ်စင်တာနှင့် ပတ်သက်ပြီး ယင်းကျေးရွာမှ ကလေးအများစုက စိတ်အားထက်သန်စွာပင် ပြောပြခဲ့ကြသည်။

“လူငယ်စင်တာက ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေ ကစားဖို့၊ စာပေလေ့လာ သင်ယူဖို့ လုံခြုံတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ပြီးတော့ သူတို့ရဲ့ အားလပ်ချိန်တွမှာ စနစ်တကျ တည်ဆောက် ကြပ်မတ်ပေးသည့် လှုပ်ရှားဆောင်ရွက်မှုတွေမှာ ပါဝင်နိုင်မယ့် အခွင့်အရေးကိုလည်း ပေးပါတယ်။ အဲဒီလှုပ်ရှားဆောင်ရွက်မှုတွေကနေတစ်ဆင့် ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်တွေအတွက် အန္တရာယ်တွေ လျော့ကျစေဖို့ လူငယ်စင်တာက ရည်ရွယ်ပါတယ်” ဟု ဒိန်းမတ်ဒုက္ခသည်ဆိုင်ရာကောင်စီမှ ရခိုင် ကလေးသူငယ်ကာကွယ်ရေး  ညှိနှိုင်းဆောင်ရွက်ရေးမှူး မရီရန်နာ နာဟီက ရှင်းပြသည်။

ဘဝကျွမ်းကျင်သင်တန်းမှာ ယင်းလှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်ပြီး ကျောက်ပျဉ်ဆိပ် လူငယ်စင်တာတွင် တစ်ပတ် နှစ်ကြိမ် ပြုလုပ်သည်။ သဇင်နဲ့ အခြားကလေးငယ် ၁၂၃ ဦးမှာ သင်တန်းပျက်ခဲသည်။ ယင်းသင်တန်းတွင် ဆက်ဆံပြောဆိုခြင်းနှင့် အသင်းအဖွဲ့ဖြင့် ဆောင်ရွက်မှုမှအစ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးအဆုံး အကြောင်းအရာမျိုးစုံ ပါဝင်သည်။ ဆယ်ကျော်သက်များကိုလည်း ၎င်းတို့၏ ရပ်ရွာအရေးတွင် တက်ကြွစွာ ပါဝင်သူများ ဖြစ်လာစေရန်အတွက် လိုအပ်ချက်များ ပံ့ပိုးပေးသည်။

 “ကျွန်မ အများကြီးသင်ယူနိုင်ခဲ့ပါတယ်။ တခြားသူတွေနဲ့ ဘယ်လို ဆက်ဆံပြောဆိုရမယ်။ ယဉ်ကျေး ချိုသာရမယ်။ ဘယ်လို တာဝန်သိရမယ်။ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နဲ့ မူးယစ်ဆေးစွဲခြင်းစတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာတွေ ပါပါတယ်။ ပြီးတော့ အပြင်မှာလည်း အဲဒီအကြောင်းတွေ ကျွန်မပြောဖြစ်တယ်။ ကျွန်မမိဘတွေနဲ့ ကျွန်မမောင်လေးကို ပြောပြတယ်” လို့ သဇင်က ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် ယူနီဆက်ဖ်က ပံ့ပိုးကူညီပြီး DRC က ကြီးမှူးသော လူငယ်စင်တာ ၈ ခုစလုံးတွင် ဘဝကျွမ်းကျင် သင်တန်းကို ပို့ချက်လျက်ရှိပြီး ဆယ်ကျော်သက် ၄၇၀ ခန့် အကျိုးကျေးဇူး ရရှိသည်။ ယူနီဆက်ဖ်က ယင်းပြည်နယ်တွင် အခြား မိတ်ဖက်များကိုလည်း ပံ့ပိုးကူညီနေရာ လူငယ်စုစုပေါင်း ၁၇၉၂ ဦးအထိ လက်လှမ်းမီရောက်ရှိခဲ့သည်။ ယင်းရပ်ရွာ အားလုံးတွင် ကလေးငယ်များနှင့် ဆယ်ကျော်သက် များအတွက် ပညာရေးနှင့် အပန်းဖြေစရာ အခွင့်အလမ်းများက နည်းပါးလွန်းလှသည်။

“ဥပမာ- ကျောက်ပျဉ်ဆိပ်ရွာမှာဆိုရင် မူလတန်းကျောင်းရှိတယ်။ ဒါပေမဲ့ အလယ်တန်းကျောင်း တက်ဖို့ကျတော့ တခြားရွာကို သွားရတယ်။ အကွာအဝေးနဲ့ တတ်နိုင်တဲ့ သယ်သူပို့ဆောင်ရေးစနစ် နည်းပါးတာက အဟန့်အတား ဖြစ်လာနိုင်တယ်။ မိသားစုဝင်ငွေအတွက် ကူညီရှာဖွေပေးနေပြီဖြစ်တဲ့ ကလေးကြီးတွေ အပေါ် မိသားစုတွေက မှီခိုနေရတဲ့ ရပ်ရွာတွေမှာ တရားဝင်ကျောင်းတွေက အချိန်လည်း ကုန်နိုင်တယ်” ဟု မာရီရန်နာနာဟီက ပြောသည်။

အဆိုပါ အကြောင်းပြချက်တွေကြောင့် လူငယ်စင်တာတွေကို နေ့စဉ်ဖွင့်လှစ်ထားပြီး ကလေးသူငယ်များနှင့် လူငယ်များကို အပန်းဖြေစရာနှင့် ပညာရပ်ဆိုင်ရာ အခွင့်အရေးများပေးပြီး အန္တရာယ်ရှိသည့် အပြုအမူများ မပြုလုပ်မိစေရန်အတွက် အမျိုးမျိုးသော လှုပ်ရှားဆောင်ရွက်မှုများကို စီစဉ်ပေးထားသည်။

 
ဘဝကျွမ်းကျင်သင်တန်းများကို ယူနီဆက်ဖ်က ပံ့ပိုးပြီး DRC က ဦးဆောင်သည့် ရခိုင်ပြည်နယ်ရှိ လူငယ်စင်တာ ၈ ခုစလုံးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဆယ်ကျော်သက် လူငယ် ၄၇၀ ခန့် အကျိုးကျေးဇူး ရရှိကြသည်။
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/မာရီယာနာ ပါလက်ဗရာ
 
“ဆယ်ကျော်သက်တွေရဲ့ လိုအပ်ချက်တွေကို မကြာခဏဆိုသလို သတိမမူ ဖြစ်တတ်တယ်။ သူုတိုကလည်း အန္တရာယ်ရှိတဲ့ အပြုအမူတွေကို ပြုလုပ်ဆုံးသူတွေဖြစ်ပြီး ကိုင်တွယ်ရခက်တယ်။ ရခိုင်ပြည်နယ်တွင်းရှိတဲ့ စခန်းတွေနဲ့ ပဋိပက္ခဒဏ်ခံ ဒေသတွေလို ဆင်းရဲချို့တဲ့တဲ့ နေရာတွေမှာတော့ သူတို့အတွက် ပိုမိုကောင်းမွန်တဲ့ အကာအကွယ်ပေးနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ လူငယ်စင်တာ တွေက ပံ့ပိုးပေးပါတယ်။ ဘဝကျွမ်းကျင်မှုဆိုင်ရာ ကနဦးဆောင်ရွက်ချက်တွေကို အဓိကကာကွယ်ရေး မဟာဗျူဟာအဖြစ် ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ထားပါတယ်။ သို့မှသာ ဆယ်ကျော်သက်လေးတွေ ဖွင့်ဟ ပြောဆိုနိုင်မယ်၊ ဆန်းစစ်ဝေဖန်တတ်တဲ့ အတွေးအခေါ် တိုးတက်လာမယ်၊ သူတို့ရဲ့ ရပ်ရွာမှာ အဓိက ပါဝင်သူတွေ ဖြစ်လာမယ်။ ပြီးတော့ ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်တွေအပေါ် ရပ်ရွာရဲ့အမြင် ပြောင်းလဲဖို့လည်း ရည်ရွယ်ပါတယ်။ ဒါမှ သူတို့တွေကို အရင်းအမြစ်တစ်ခုလို တန်ဖိုးထားကြမှာ”  ဟု ယူနီဆက်ဖ်ရဲ့ ကလေးသူငယ် ကာကွယ်ရေး ကျွမ်းကျင်ပညာရှင် Emmanuelle Compingt က ပြောသည်။

လူငယ်စင်တာများတွင် ပံ့ပိုးကူညီဆောင်ရွက်သူများက ရပ်ရွာ၏ လက်တွေ့ဘဝကို ကောင်းကောင်း သတိမူမိသည့်အတွက် ဘဝကျွမ်းကျင်သင်တန်းများကို ကလေးများ၏ ဘဝနဲ့ ကိုက်ညီအောင် ကြိုးစား ကြသည်။

“အစီအစဉ်က အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ကလေးအချို့က ပညာရေးအဆင့် မမြင့်မားတဲ့အတွက် သူတို့ကို သင်ဖို့က ခက်ခဲတယ်။ ပထမဆုံး ကလေးတွေကို ပျော်ရွှင်ပြီး စိတ်သက်သောင့် သက်သာ ဖြစ်အောင် ကြိုးစားရတယ်။ ပြီးမှဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ နေ့စဉ်ဘဝမှာ ကြားဖူးနေတဲ့ နမူနာဇာတ်လမ်းတွေကို သုံးပြီး စကားဝိုင်းတွေကို ဖန်တီးရတယ်” ဟု ကျောက်ပျဉ်ဆိပ် လူငယ်စင်တာမှာ ကူညီဆောင်ရွက်နေသူတစ်ဦး ဖြစ်သည့် ကိုသိန်းစောမောင်က ရှင်းပြသည်။

သင်တန်းစတင်ပြီး ၆ လအကြာတွင် အဆိုပါဥပမာများမှာ လက်တွေ့ဘဝတွင် သက်ရောက်မှု ရှိနေပြီ ဖြစ်သည်။

“ကလေးသူငယ်အများစုက လုပ်ဆောင်ချက်တွေမှာ တက်တက်ကြွကြွပါဝင်ကြတယ်။ ဘဝကျွမ်းကျင် သင်တန်းတွေရဲ့ ရလဒ်အနေနဲ့ သူတို့တွေဟာ ကူညီဆောင်ရွက်သူတွေနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး ညွှန်ကြားချက်တွေကို ပိုမိုလိုက်နာနိုင်လာတယ်။ ပိုပြီး ယဉ်ကျေးလာတယ်။ သူတို့ရဲ့မိဘတွေနဲ့ ပတ်ဝန်း ကျင်က လူတွေကို ကူညီပြီး ပိုမိုပျော်ရွှင်လာပုံရတယ်” ဟု ကိုသိန်းစောမောင်က ဆိုသည်။

ပြုံးနေသည့် သဇင်လေးက ပျော်ရွှင်မှု၏ ပုံရိပ်ပဲ ဖြစ်သည်။ “တစ်ခါတလေမှာ ဘဝကျွမ်းကျင် သင်တန်း တွေမှာ ကူညီဆောင်ရွက်သူတွေနဲ့ ကလေးတွေက ကဗျာတွေ ဖတ်ကြတယ်။ အဲဒီအချိန်က ကျွန်မသဘောအကျဆုံးအချိန်ပဲ။ အဲဒီကဗျာလေးတွေကြားရင် ပျော်လာတယ်။ မျက်လုံးတွေမှိတ်ပြီး စိတ်ကူးယဉ်မိတယ်” ဟု သူမက ပြောသည်။

သူမ၏ အိပ်မက်တစ်ခုမှာ ပညာဆက်လက်သင်ယူပြီး တက္ကသိုလ်တက်ကာ ဆရာဝန်ဖြစ်ရန် ဖြစ်သည်။ “နေမကောင်းတဲ့ လူတွေကို ကူညီချင်တယ်။ အထူးသဖြင့် ဘိုးဘွားတွေပေါ့။ အဲဒါအပြင် ကျွန်မ အတွက်လည်း ဘဝက ပိုအဆင်ပြေပြီး လေးစားခံရမယ်” ဟု သူမက ပြောခဲ့သည်။

 

No comments:

Post a Comment