Friday, April 8, 2016

ကျောင်းပြုပြင်ခြင်းကြောင့် စာသင်ခန်းများ ပိုမိုကောင်းမွန်ပြီး ပြုံးပျော်ရွှင်သော မျက်နှာများကို တွေ့ရှိရသည်

ကျောင်းဆရာမ ဒေါ်ဝင်းနွယ်စိုးက ၁၀နှစ်အရွယ် ကျောင်းသားများကို သဘာဝဘေးအန္တရာယ် ဘေးကင်းလုံခြုံရေးစာစောင်ကို ရှင်းပြနေစဉ်
 
 “အဲဒီလို ရေကြီးတာမျိုး ကျွန်မတို့ဒေသမှာ တစ်ခါမှမဖြစ်ဖူးခဲ့ဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်း မြို့နယ်၊ နွားတောင်းရွာက မူလတန်းပြဆရာမ ဒေါ်ဝင်းနွယ်စိုးက ပြန်ပြောင်းပြောပြသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ နှောင်းပိုင်းမှာ မြန်မာနိုင်ငံတွင် တိုက်ခတ်ခဲ့သော ကိုမန် ဆိုင်ကလုံး မုန်တိုင်းကြောင့် မိုးအကြီးအကျယ် နှစ်ကြိမ်ရွာသွန်းခဲ့သဖြင့် သာပေါင်းမြို့နယ်တွင် ရေကြီးကာ မိသားစု ၂,၄၉၁ စုမှ လူပေါင်း ၁၁,၂၇၀ ဦးမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည်။ အဆိုပါ ရေကြီးမှုများကြောင့် ယင်းဒေသအတွင်းရှိ စာသင်ကျောင်းပေါင်း ၂၂၅ ကျောင်းမှ ၇၅ ကျောင်းကို ရေလွှမ်းမိုးခဲ့ပြီး ကျောင်းများကို တစ်လကျော် ပိတ်ထားခဲ့ရသည်။

“ရေကြီးတာက တော်တော်လေး ပြင်းထန်တဲ့အတွက် ကျောင်းတွေ ပျက်စီးကုန်တယ်” ဟု World Vision Myanmar မှ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးဌာနမန်နေဂျာ ဦးမိုးသူက ရှင်းပြသည်။
 
ဂျပန်အစိုးရ၏ ငွေကြေးထောက်ပံ့မှုဖြင့် ယူနီဆက်ဖ်နှင့် World Vision Myanmar တို့ ပူးပေါင်းကာ ရေလွှမ်းမိုးမှုဒဏ်ခံ ကလေးငယ်များ ပညာသင်ကြားနိုင်ရန်အတွက် သာပေါင်းမြို့နယ်တွင် ကျောင်း ပြန်လည်တည်ဆောက်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ယင်းဆောင်ရွက်မှုတွင် ကျောင်းပေါင်း ၃၆ ကျောင်းပြုပြင်ပေးပြီး ကျောင်းသား ၇၅,၀၀ ခန့်အတွက် စာသင်ခန်းများ ကောင်းမွန် စေခြင်း ပါဝင်သည်။ ယင်းပြုပြင်မှုအပြင် ပရိဘောဂများ၊ သင်ထောက်ကူ ပစ္စည်းများနှင့် ကျောင်းသားများ အတွက် သင်ကြားရေး အထောက်ပံ့များ ခွဲဝေပေးခြင်းလည်း ပါဝင်သည်။

“ရေနဲ့ မိလ္လာအဆောက်အအုံတွေအတွက်လည်း ကျောင်းပေါင်း ၁၃ ကျောင်းမှာ ကူညီတည်ဆောက် ပေးခဲ့ပါတယ်။ ဒါကြောင့် တစ်ကိုယ်ရေနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ကျောင်းသားတွေနဲ့ ဆရာမတွေကို ပညာပေး အစီအစဉ်တွေလည်း ထည့်သွင်းခဲ့တယ်။ ပြီးတော့ အနာဂတ်မှာ ရေကြီးမှုတွေနဲ့ အခြားအလားအလာရှိတဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် ပြင်ဆင်ဖို့ ဆရာတွေနဲ့ ကျောင်းသားတွေကို ကူညီပေးခဲ့တယ်။ ဆရာတွေနဲ့ ကျောင်းသားတွေက ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှု အစီအစဉ်တွေကို အတူတကွ ပြုလုပ်ခဲ့ကြပါတယ်” ဟု ဦးမိုးသူက ရှင်းပြခဲ့သည်။

“တည်ဆောက်ပြုပြင်မှုတွေ မလုပ်ခင်မှာ ရာသီဥတုမကောင်းလို့ ကျောင်းတွေ ပိတ်ခဲ့ရတယ်။ ဒါပေမဲ့ နွေရာသီမှာ ကျောင်းတွေပိတ်ဖို့ မလိုတော့ပါဘူး။ ရေကြီးရင်တောင် မလိုတော့ဘူး။ အဲဒီတော့ ကျွန်မတို့ ကျောင်းသားတွေက အနှောင့်အယှက်နည်းပါးစွာနဲ့ သူတို့ရဲ့ သင်ခန်းစာတွေမှာ ပိုပြီးအာရုံစိုက်နိုင် တော့မယ်” ဟု ဒေါ်ဝင်းနွယ်စိုးက ဆိုသည်။

စတုတ္ထတန်းမှာ ပညာသင်ကြားနေတဲ့ ၁၀ နှစ်အရွယ် မသူဇာဝင်းက “အရင်က သမီးတို့ကျောင်းက သေးသေးလေး။ စာသင်ခန်းတွေကြားမှာ အကန့်ခွဲထားတာတွေ မရှိခဲ့ဘူး။ အဲဒီတော့ စာသင်ရတာ အနှောင့်အယှက်ဖြစ်တယ်” လို့ ရှင်းပြသည်။

“သမီးတို့ရဲ့ အသစ်ဆောက်လိုက်တဲ့ ကျောင်းကြီးမှာ ပျော်တယ်။ အခု ဆရာတွေ ဘာတွေ သင်နေတယ် ဆိုတာ ကြားနိုင်ပြီ” ဟု သူမရဲ့ အတန်းဖော် သဇင်ဖြိုးကလည်း ဝင်ပြောသည်။

No comments:

Post a Comment