Thursday, March 28, 2019

လိုလျှင်ကြံဆ၊ နည်းလမ်းရ

စာရေးသူ သက်နိုင်


အသက် ၁၄ နှစ်အရွယ် စုစုဌေးလေး တစ်ယောက် မူလတန်းပြီးမြောက်ကြောင်း ဆု တက်ယူတဲ့အခါ သူ့အမေဖြစ်သူဟာ စိတ်လှုပ်ရှားဝမ်းသာ ဖြစ်ရပါတယ်။ “ဒါက ကျွန်မ သမီးလေး အခမ်းအနားပွဲကြီးတစ်ခုမှာ ဆုတက်ယူတာကို ပထမဆုံးအကြိမ် တွေ့ဖူးတာပါ။ ကျွန်မ အရမ်းဂုဏ်ယူပါတယ်” လို့ ဒေါ်ချိုမိလေးက မျက်ရည်တွေ ဝိုင်းပြီး ပြောပြတယ်။ “ဒါက အများစုအတွက်တော့ ထူးထူးခြားခြား ကြိုးစားအားထုတ်မှု မဟုတ်ပေမဲ့ ကျွန်မအတွက်တော့ ကျွန်မသမီးလေး ဒီလိုစင်မြင့်ပေါ်မှာ ဂုဏ်ယူဝင့်ကြွားတဲ့ ပုံစံလေးနဲ့ ရပ်နေတာကို မြင်ရတာဟာ တကယ့်အောင်မြင်မှုကြီးတစ်ခုပါပဲ။”

စုစုဌေးနှင့် သူမ၏ မိခင် ဒေါ်ချိုမိလေးတို့အား မွန်ပြည်နယ်၊ သထုံမြို့ရှိ ကျောင်းတွင် တွေ့ရစဉ်။ ©UNICEF Myanmar/2018/Thet Naing 



ဒေါ်ချိုမိလေးက သူ့သမီးလေးဟာ မွေးပြီးပြီးချင်းမှာပဲ ဦးနှောက်ထိခိုက်မှုကြောင့် ကိုယ်အင်္ဂါအချို့ လှုပ်ရှားမရတဲ့ ရောဂါ (ဆယ်ရီဘရယ် ပါလ်စီရောဂါ) ရှိတဲ့အကြောင်း သိခဲ့ရတယ်လို့ ရှင်းပြတယ်။ ဒီဖြစ်စဉ်ကြောင့် စုစုဌေးရဲ့ လှုပ်ရှားမှုတွေက အချိုးမကျ မထိန်းနိုင်ဖြစ်ပြီး အသက် ၁၂ နှစ်အရွယ်လောက်မှသာ စပြီး လမ်းလျှောက်နိုင်ခဲ့ပါတယ်။

မွန်ပြည်နယ်ရှိ စာသင်ကျောင်းအတွင်း စုစုဌေးက သူမရဲ့ စာအုပ်ပေါ်မှာ စာတွေရေးပြနေစဉ်။  
©UNICEF Myanmar/2018/Thet Naing
ဒေါ်ချိုမိလေးဟာ သူမရဲ့ သမီး တက်ရောက်နေတဲ့ မွန်ပြည်နယ် သထုံမြို့က လေသာသိန်းစိတ် မူလတန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီးဖြစ်ပါတယ်။ စုစုဌေးက အတန်းထဲမှာ ဘီးတပ်ကုလားထိုင်နဲ့ ထိုင်ပြီးသင်ကြားရသလို အဆင်ပြေအောင် လုပ်ထားတဲ့ အထူးအိမ်သာခုံကိုလည်း အသုံးပြုပါတယ်လို့ ရှင်းပြပါတယ်။ “သူက ခြေထောက်နဲ့ စာရေးသင်ခဲ့ပြီး တခြား ပုံမှန်ကလေးတွေနဲ့အတူတူ သင်ခန်းစာတွေကို လိုက်လုပ်တယ်။”  ပညာဆက်သင်ဖို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ ချထားတဲ့ စုစုဌေးက “သမီးရဲ့ ရည်မှန်းချက်က အဝတ်အစား ဒီဇိုင်နာ ဖြစ်ဖို့ပါ” လို့ ဆိုပါတယ်။

ဒေါ်ချိုမိလေးက သထုံမြို့နယ်က မသန်စွမ်းကလေးငယ်တွေအတွက် လုပ်ပေးစရာတွေ အများကြီး လိုအပ်နေပါသေးတယ်လို့ ထောက်ပြခဲ့ပါတယ်။ သူက သိပ်မကြာခင်က သထုံမြို့နယ်က အခမ်းအနားလေးတစ်ခုကို သဘောကျကျေနပ်ခဲ့တယ်။ ဒီပွဲလေးက မြန်မာနိုင်ငံရဲ့ ပြည်နယ်ငါးခုမှာ H&M ဖောင်ဒေးရှင်းရဲ့ ပံ့ပိုးမှုနဲ့ UNICEF တို့ ပူးပေါင်းပြုလုပ်တဲ့ ပွဲအခမ်းအနားတွေထဲက တစ်ခုဖြစ်ပြီး မသန်စွမ်း ကလေးငယ်တွေအပါအဝင် ကလေးများအားလုံး ပညာသင်ကြားခွင့်ရဖို့အတွက် အားလုံးအကျုံးဝင် ပညာရေးအကြောင်းကို လူအများ သိရှိလာအောင် နှိုးဆော်တဲ့ ပွဲလေးပါ။ စုစုဌေး ဆုလက်ခံရယူတဲ့ ပွဲလေးကတော့ ဒီအခမ်းအနားတွေထဲက တစ်ခုဖြစ်ကာ ဆရာဆရာမတွေ၊ ကျန်းမာရေး ပညာရှင်တွေ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ ကျောင်းကော်မတီအဖွဲ့ဝင်တွေ၊ မိဘတွေနဲ့ ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြတယ်။ 

မသန်စွမ်းကလေးငယ်တွေအကြောင်း ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ ရပ်ရွာလူထုကို အသိပညာပေးဖို့ အရေးကြီးပါတယ်။ ဒါက မိဘတွေကို မသန်စွမ်းသားသမီးငယ်တွေကို ကျောင်းပို့ဖို့ တိုက်တွန်းပေးနိုင်သလို ဆရာဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေမှာ ရှိနိုင်တဲ့ စိုးရိမ်ပူပင်မှုတွေကိုလည်း ဖြေရှင်းပေးဖို့ ကူညီရာရောက်ပါတယ်။ “ဒါပေမဲ့ အသိပညာပေးတာ တစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ ကျွန်မတို့အနေနဲ့ ကျောင်းတွေကို ပိုပြီး ပံ့ပိုးမှုတွေ လုပ်ပေးဖို့ စဉ်းစားဖို့ လိုပါတယ်” လို့ မချိုမိလေးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

မချိုမိလေးက သူမက ကျောင်းအုပ်တစ်ယောက်ဖြစ်နေတဲ့အတွက် သူ့သမီးအတွက် ပိုပြီး အဆင်ပြေလွယ်ကူခဲ့တာပါလို့လည်း ဝန်ခံခဲ့တယ်။ “ သမီး ကျွန်မကျောင်းမှာ စာသင်လို့ရအောင် ကျွန်မ ကူညီပေးနိုင်ခဲ့တယ် ။” “ အခု သမီးကို အလယ်တန်းကျောင်း ပို့ရတော့မှာပါ။ အဲဒီမှာ ခုံပါတဲ့ အိမ်သာတို့၊ သူ့ကို ထမင်းကျွေးပေးဖို့၊ သန့်ရှင်းရေး လုပ်ပေးဖို့ လူမရှိတော့ ကျွန်မ စိတ်ပူနေရပါတယ်” လို့ ပြောပြပါတယ်။

အနီးအနားက ကျောင်းဖြစ်တဲ့ ပန်းသိန်းစာတိုက် မူလတန်းကျောင်းက ကျောင်းအုပ်ကြီး ဒေါ်ဖြိုးအိအိစံက မသန်စွမ်းကလေးတွေကို ပံ့ပိုးပေးဖို့ ကျောင်းကော်မတီတစ်ခု ဖွဲ့ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ကော်မတီ အဖွဲ့ဝင်တွေက ရပ်ရွာထဲမှာ ရှိတဲ့ မသန်စွမ်း ကလေးငယ်တွေကို ရှာဖွေပြီး သူတို့လေးတွေ ကျောင်းတက်နိုင်အောင် ကူညီပေးကြမှာပါ။ “ထိုင်ခုံပါ အိမ်သာတို့၊ လျှောက်လမ်းတို့လို ကူညီပေးမယ့် ပစ္စည်းတွေအတွက် ရန်ပုံငွေရဖို့ နည်းလမ်းတွေ ရှာကြမှာပါ၊”

စုစုဌေးမှ မူလတန်းပြီးမြောက်ကြောင်း ဆု တက်ယူခဲ့စဉ်။ 
©UNICEF Myanmar/2018/Thet Naing
မသန်စွမ်းကလေးတွေအတွက် ကော်မတီဖွဲ့ဖို့ စိတ်ကူးကို သထုံမြို့နယ် ဒုပညာရေးမှူး ဦးအောင်ဆန်းကလည်း ပံ့ပိုးခဲ့ပါတယ်။ “ကျွန်တော်တို့ မြို့နယ်က ကျောင်းတွေမှာ မသန်စွမ်းကလေးတွေအတွက် အိမ်သာတွေ၊ ကလေးတွေ အဆင်ပြေဖို့ အကူအညီတွေ တပ်ဆင်ထားတာ မရှိသေးပါဘူး၊ ပြီးတော့ ဆရာဆရာမတွေကိုလည်း အထူးလိုအပ်ချက်ရှိတဲ့ ကလေးတွေကို ကူညီပေးနိုင်ဖို့ သင်တန်းပေးထားတာတွေလည်း မရှိသေးဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ အခု ကျွန်တော်တို့အားလုံး တန်းတူညီမျှမှုဆိုတာ ဘာလဲ၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲဆိုတာကို နားလည်သွားကြပါပြီ။ ဒါကြောင့် တစ်ဆင့်ပြီး တစ်ဆင့်လုပ်ကြတာပေါ့။ အရေးကြီးတာက စိတ်ထားက အရေးအကြီးဆုံးပါပဲ။ ဒီတော့ လုပ်ချင်တဲ့ ဆန္ဒရှိရင် နည်းလမ်းဆိုတာလည်း ရှိလာမှာပါ။”

No comments:

Post a Comment