Monday, March 25, 2019

လယ်ကွင်းပြင်များဆီမှ ကျောင်းသို့ ပြန်ရောက်လာခြင်း

စာရေးသူ - တင်ထက်ပိုင်

ကယားပြည်နယ်၊ မြန်မာ - စီဆီလီယာဟာ သူ့အဖေက သူ စာလုပ်တာကို မုန်းနေတုန်းပဲဆိုရင် သူ့အဖေကို ပြန်လည်ထူထောင်ရေးစခန်းကနေ ပြန်မလာစေချင်ပါဘူး။ သူ့အဖေက သူ အိမ်မှာ စာလုပ်နေတာတွေ့တိုင်း “စာပဲလုပ်နေ၊ ထမင်းမစားနဲ့” လို့ မူးပြီးပြောလေ့ရှိပါတယ်။ 

စီတီလီယာ၊ ၁၈ နှစ်၊ မြန်မာနိုင်ငံ လွိုင်ကော်မြို့၊ လွိုင်လင်လေး ကျေးရွာ၊ လွိုင်လင်လေး အထက်တန်းကျောင်းရှိ နေ့လယ်ပိုင်း NFMSE သင်တန်းတွင် အတန်းဖော်များနှင့် အဖွဲ့လိုက် လေ့ကျင့်ခန်း လုပ်နေစဉ်။
 ©UNICEF Myanmar/2019/Min Zayar Oo
“ကျွန်မက ကျွန်မ အဖေနဲ့မတူချင်ဘူး” လို့ ၁၈ နှစ်အရွယ် ကရင်နီမိန်းကလေးငယ်က မြန်မာပြည်အရှေ့ပိုင်း ကယားပြည်နယ် လွိုင်ကော်မြို့ရဲ့ အပြင်နားမှာရှိတဲ့ ကျောင်းလေးတစ်ကျောင်းရဲ့ စာသင်ခန်းထဲမှာ ထိုင်နေတုန်း အားမနာစတမ်းပုံစံလေးနဲ့ ပြောပြခဲ့တယ်။ “ကျွန်မက ကျွန်မကလေးတွေကို မှန်ကန်တဲ့ လမ်းကြောင်းကို ပြပေးနိုင်တဲ့ ပညာတတ် မိဘတစ်ယောက် ဖြစ်ချင်တာ” လို့ ဆက်ပြီးရှင်းပြတယ်။


စီဆီလီယာဟာ ကယားပြည်နယ်၊ လွိုင်လင်လေး ကျေးရွာမှာရှိတဲ့ ယူနီဆက်က ပံ့ပိုးပေးထားတဲ့ ကျောင်းပြင်ပ အလယ်တန်းပညာရေး (NFMSE) စင်တာမှာ ဆဌမနဲ့ နောက်ဆုံးစာသင်နှစ်ဝက်ကို တက်ရောက်နေတဲ့ ကျောင်းသူကျောင်းသား ၁၄ ဦးထဲက ကျောင်းသူလေးတစ်ဦးဖြစ်ပါတယ်။

လူငယ်တွေအတွက် ပညာဆက်လက်သင်ယူနိုင်မယ့် နောက်ထပ်အခွင့်အရေးတစ်ခု ပံ့ပိုးပေးဖို့ ရည်ရွယ်ရင်း မြန်မာနိုင်ငံ စာပေရင်းမြစ်စင်တာနဲ့ ယူနက်စကိုတို့ရဲ့ ပံ့ပိုးမှုတွေနဲ့အတူ ယူနီဆက် အပါအဝင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ပညာရေး ဝန်ကြီးဌာနက ဖွင့်လှစ်ခဲ့တဲ့ ဒီသုံးနှစ်တာ NFMSE သင်တန်းဟာ ပုံမှန် ကျောင်းပညာဆက်မသင်နိုင်ဘဲ ကျောင်းထွက်ခဲ့ရတဲ့ ဆယ်ကျော်သက် အရွယ်ကလေးတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားတဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်။

သူ ၁၂ နှစ်သမီးအရွယ်မှာ စီဆီလီယာက သူ့ရဲ့ကျန်းမာရေးအရရော သူ့မိဘတွေရဲ့ ပညာရေးစရိတ် ထောက်ပံ့ဖို့ အခက်အခဲကြောင့်ရော ကျောင်းထွက်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

ကျောင်းထွက်ပြီး ငါးနှစ်အကြာ စီဆီလီယာဟာ အထက်တန်းကျောင်းဆရာမ တစ်ယောက်နဲ့ လွိုင်လင်လေး ကျေးရွာအုပ်ချုပ်ရေးမှူးကတစ်ဆင့် NFMSE အစီအစဉ် အကြောင်း သိခဲ့ရသလို အဲဒီမှာ တက်နေတဲ့ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ ကျေးဇူး ကြောင့်လည်း သိခဲ့ရတယ်။ “ဒီမှာ သင်ကြားတဲ့ နည်းစနစ်တွေက မတူဘူး၊ ပိုပြီး လက်တွေ့ကျတယ်ဆိုတာ ကျွန်မ သိခဲ့ရတယ်။ ဒါက ကျွန်မ ပြန်ပြီး စာသင်ဖြစ်ဖို့ စိတ်ကူးသစ်တွေ ရစေခဲ့တယ်”လို့ ပြောပြတယ်။ “အခု ကျွန်မ ဆရာတွေ ရှင်းပြတာ တွေကိုလည်း နားလည်တယ်။ ပျော်စရာကောင်းတဲ့ အုပ်စုလိုက် ဆွေးနွေးရတာတွေလည်း ရှိတယ်။”

NFMSE ဆိုတာ ပုံမှန် ကျောင်းပညာရေးရဲ့ အလယ်တန်း လေးနှစ်သင်ရိုးနဲ့ညီတဲ့ ကနဦးစမ်းသပ် သင်တန်းတစ်ခုပါ။ စာသင်နှစ်ဝက် ခြောက်ခု ပိုင်းထားပြီး တစ်ပိုင်းကို ငါးလစီ ကြာမြင့်ပါတယ်။ ကနဦးစမ်းသပ်သင်တန်းတွေကို လွိုင်ကော်၊ ရန်ကုန်မှာဆိုရင် ဒလနဲ့ လှိုင်သာယာ မြို့နယ်တွေ၊ မွန်ပြည်နယ်မှာဆို ကျိုက်ထို၊ ဧရာဝတီတိုင်းမှာ ဟာသာင်္တမြို့နယ်၊ ကချင်ပြည်နယ်မှာ မြစ်ကြီးနား၊ ရခိုင်ပြည်နယ်မှာဆို စစ်တွေနဲ့ မြဝတီ-မဲဆောက်နယ်စပ်တွေမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ယူနီဆက်က စမ်းသပ်အစီအစဉ် ပြီးဆုံးမယ့် ၂၀၁၉ ၊ ဇွန်လအထိ လွိုင်ကော်၊ မြစ်ကြီးနားနဲ့ စစ်တွေမြို့တွေက မြို့နယ်သုံးခုမှာ ပံ့ပိုးပေးလျက်ရှိပါတယ်။

စံသတ်မှတ်ထားတဲ့ ဘာသာရပ်တွေဖြစ်တဲ့ အင်္ဂလိပ်၊ သချာင်္နဲ့ အထွေထွေ သိပ္ပံဘာသာရပ်တွေအပြင် NFSME သင်ရိုးမှာ စိုက်ပျိုးရေး၊ လက်မှုပညာနဲ့ သတင်း အချက်အလက် ဆက်သွယ်ရေး နည်းပညာ (ICT) စတဲ့ လုပ်ငန်းခွင် နည်းပြသင်တန်းတွေလည်း ထည့်သွင်းထားတယ်။

အင်္ဂလိပ်စာက စီဆီလီယာရဲ့ အကြိုက်ဆုံးဘာသာပါ။ “ကျွန်မက တခြားဘာသာစကားကို ဖတ်နိုင်၊ နားလည်နိုင်တာကို သဘောကျတယ်” လို့ ပြုံးရွှင်ပြီး ပြောပြတယ်။ “အထူးသဖြင့် အင်္ဂလိပ်စာပေါ့။ နေရာတိုင်း ဒီစကားလုံးတွေ တွေ့နေရတဲ့အတွက်ပါ။”

အတန်းထဲမှာ အတက်ကြွဆုံး ကျောင်းသူတစ်ယောက်ဖြစ်တဲ့အတွက် အုပ်စုလိုက် လှုပ်ရှားမှုတွေဆို သူက အမြဲ ဦးဆောင်လေ့ရှိတယ်။ အစိုးရ ကျောင်းမှာတက်တုန်းကတော့ အဲဒီလို မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် ကျောင်းသား ၅၀ ကျော်ရှိတဲ့ စာသင်ခန်းတစ်ခန်းမှာ ကလေးဗဟိုပြု သင်ကြား ရေးစနစ်သုံးဖို့ ဆရာဆရာမတွေအတွက် ရုန်းကန်နေရဆဲပဲ ရှိသေးတယ်။ ဒါကြောင့်လည်း အတန်းထဲမှာ သင်ခန်းစာတွေ နားလည်ဖို့ ခက်ခဲတဲ့ အတွက် ကျောင်းမှာလည်း တော်တော်လေး မပျော်ခဲ့ရဘူးလို့ စီဆီလီယာက ပြောပြတယ်။

စီဆီလီယာ၊ ၁၈ နှစ်၊ မြန်မာနိုင်ငံ၊ ကာယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်လင်လေး ကျေးရွာရှိ NFSME  သင်တန်းမှ ကျောင်းသူတစ်ဦးဖြစ်ပြီး စိန့်ဂျိုးဆက် နေ့ကလေးထိန်းကျောင်းတွင်လည်း သင်ကြားပေးလျက်ရှိသူ။
©UNICEF Myanmar/2019/Min Zayar Oo
စီဆီလီယာက လက်ရှိမှာ ကျောင်းသူလည်း ဖြစ်သလို နေ့ကလေးထိန်းကျောင်းဆရာမ လည်း လုပ်နေပါတယ်။ သူက လွိုင်လင်လေးရွာ က စိန့်ဂျိုးဆက်နေ့ကလေးထိန်း ကျောင်းမှာ သူ့ညီမလေး အပါအဝင် ခန်းလုံးပြည့်ရှိတဲ့ လှုပ်ရှားတက်ကြွနေတဲ့ ၃ နှစ်အရွယ်သားသား မီးမီးလေးတွေကို စောင့်ရှောက် သင်ပြ ပေးနေပါတယ်။ သူက သင်တန်း စမအပ်ခင်ကတည်းက နေ့ကလေးထိန်း ကျောင်းမှာ စေတနာ့ ဝန်ထမ်း အဖြစ် စလုပ်ခဲ့တယ်ဆိုပေမဲ့ သူ ပညာဆက် သင်ကြားရေးက အဘက်ဘက်ကနေ တိုးတက်လာနေတယ်လို့ သူ့လုပ်ဖော်ကိုင် ဖက်တွေက ဆိုပါတယ်။

“သူက အခုဆို ပိုတက်ကြွပြီး ပိုပြီးလည်း ယုံကြည်မှုရှိလာတယ်” လို့ နေ့ကလေးထိန်း ကျောင်းမှာလည်း သင်ကြားပေးတဲ့ စစ္စတာ Assumpta Bya Mar က ပြောပြတယ်။ “အရင်က သူက ကလေးတွေကို အင်္ဂလိပ်စာတွေ ဖတ်ပြလေ့ မရှိပေမဲ့ အခုဆို အများကြီး ဖတ်ပြတတ်လာပြီ။”

ကျောင်းသို့ ပြန်ရောက်လာခြင်း

မြန်မာနိုင်ငံရဲ့ ၂၀၁၄ သန်းခေါင်စာရင်းအရ သန်းဝက် နီးပါးခန့်ရှိတဲ့ အသက် ၇ နှစ်နဲ့ ၁၅ နှစ်ကြား ကလေးငယ် တွေဟာ ကျောင်းမတက်ဖူးဘူးလို့ ဖော်ပြခဲ့ပါတယ်။ အသက် ၁၅ နှစ်နဲ့ ၁၉ နှစ်ကြား ဆယ်ကျော်သက် လူငယ်တွေရဲ့ သုံးပုံတစ်ပုံအောက်သာ ကျောင်းတက်ခဲ့ ကြပြီး အသက် ၅ နှစ်ကနေ ၁၇ နှစ်ကြား ၁.၂ သန်းခန့်ရှိတဲ့ ကလေးတချို့ကတော့ အလုပ်လုပ်နေကြတယ်လို့ မှတ်တမ်းတင်ထားပါတယ်။


“NFSME ဆိုတာ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျောင်းထွက်ခဲ့ရတဲ့ သူတွေအတွက် တကယ်ကို လိုအပ်တဲ့ သင်တန်းတစ်ခုပါ” လို့ အငြိမ်းစား ကျောင်းဆရာနဲ့ ယူနီဆက်က ပံ့ပိုးပေးထားတဲ့ လွိုင်လင်လေးကျေးရွာ ပံ့ပိုးရေး အစီအစဉ်ရဲ့ ပံ့ပိုးကူညီရေးအဖွဲ့ ခေါင်းဆောင် ဦးသိန်းထွန်းစိုးက ပြောပါတယ်။ “သူ့ သင်ရိုးညွှန်းတမ်းက ကလေးတွေရဲ့ ဘဝကို တကယ် လမ်းညွှန်ပေးနိုင်တဲ့ ဘဝတွက်တာ ကျွမ်းကျင်မှုတွေ ပေးနိုင်တယ်။”

NFSME စင်တာက ဆရာဆရာမတစ်ယောက်ချင်းစီဟာ နောက်ဆုံးစာသင်နှစ်ဝက်အတွက် ကျောင်းပြင်ပ ပညာရေးသင်ခန်းစာတွေ သင်ကြားပေး နိုင်ဖို့ ကိုးရက်တာ နည်းပြသင်တန်းကို တက်ရောက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ် သင်တန်းရဲ့ ပထမဆုံး နှစ်ဝက်စဖွင့်တဲ့အချိန်မှာ သင်တန်းအပ်နှံ ခဲ့သူ စုစုပေါင်း ၄၈ ယောက်ရှိခဲ့ပေမဲ့လည်း အခု နောက်ဆုံးနှစ်ဝက်မှာတော့ ၁၉ ယောက်ပဲ ကျန်ရှိပါတော့တယ်။

လွိုင်ကော်မြို့ရှိ လက်ထောက်မြို့နယ်ပညာရေးမှူးဖြစ်သူ ဦးမိုးက “သင်တန်းမှာ အပ်ခဲ့တဲ့ ရှစ်တန်းကျောင်းသားအများစုက ပညာရေးပြီးအောင် တက်ရမယ့် နောက်ထပ်သုံးနှစ်ကို အချိန်ကုန်မခံလိုကြဘူး။ တချို့တွေကလည်း အလုပ်ကို အချိန်ပြည့်လုပ်နိုင်အောင် ထွက်သွားကြတယ်” လို့ ပြောပါတယ်။ “ဒီသင်တန်းက ကလေးတွေရဲ့ အနာဂတ်ကို တိုးတက်စေမယ့် တံခါးပေါက်ကို ဖွင့်ပေးနိုင်မယ်ဆိုရင် ကျောင်းထွက်ခဲ့တဲ့ကလေး အများစု တက်ချင်လာမယ်လို့ မျှော်လင့်တယ်။ နောက်ပြီး ကလေးလုပ်သားအများကြီးရှိတဲ့နေရာတွေမှာ ဒီလို သင်တန်းများတွေ ဖွင့်ပေးနိုင်မယ်ဆို ပိုကောင်းမယ်။”

စီဆီလီယာအတွက်တော့ ပညာဆက်သင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ဆုံးဖြတ်ချက်က သူ့ဘဝကို ပြောင်းလဲပေးနေပါပြီ။ “ကျွန်မသာ ဒီသင်တန်း မတက်ဖြစ်ခဲ့ဘူးဆိုရင် အခုလောက်ဆို လယ်စိုက်တဲ့သူဖြစ်ပြီး အိမ်ထောင်ကျနေလောက်ပြီ” လို့ဆိုပါတယ်။ “ကလေးငယ်တွေကို နေ့ကလေးထိန်း စောင့်ရှောက်သင်ကြားရင်း သူနာပြုတစ်ယောက်ဖြစ်လာဖို့ ရည်မှန်းထားတယ်။ အခုဆို ကျွန်မ အနာဂတ်အတွက် မျှော်လင့်ချက် ရှိနေပါပြီ။”
“နောက်ပြီးတော့ နောက်ဆယ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆယ် ကြာတဲ့အခါ ကျွန်မကလေးတွေရဲ့ ဘဝ လမ်းကြောင်းမှန်ပေါ်မှာရှိအောင် ကျွန်မ သင်ပေးမှာပါ။”

No comments:

Post a Comment