Friday, July 20, 2018

ကျန်းမာရေးအသိပညာပေး ရရှိခြင်းအားဖြင့် ကလေးများဘဝတိုးတက်မြင့်မားလာစေခြင်း

ရေးသားသူ - ထက်ထက်ဦး

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တွင် ကလေးငယ်များအား ကျန်းမာရေးနှင့် ညီညွှတ်သည့် အစားအစာကျွေးခြင်း အကြောင်းကို ကျန်းမာရေး ပညာပေးသူများမှ ရိုးရှင်းစွာသရုပ်ပြ

တစ်နှစ်အောက်ကလေးနှင့် ကလေးငယ်များအား အစာကျွေးခြင်းအလေ့အထအကြာင်းကို မိခင်များအား ရပ်ရွာလူထုအုပ်စုလိုက် ဆွေးနွေးပွဲတွင် သားဖွားဆရာမ မအေးအေးအောင်မှ ဦးဆောင်ဆွေးနွေးစဉ်။
©UNICEF Myanmar/2018/Nyan Zay Htet

ကျိုင်းတုံ၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ - ဝမ်ပန်အခါ ရွာလေးသည် သေးငယ်သည့်ရွာလေးတစ်ရွာဖြစ်ပြီး  ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှ တစ်ဆင့် စိမ်းလန်းသည့်လယ်ကွင်းများကို ဖြတ်ကာ မညီညာသည့် လမ်းမများမှ တစ်နာရီခန့် ကားစီးလျှင် ရောက်နိုင်ပါသည်။ ထိုရွာတွင် မအေးအေးအောင်သည် အသက် (၁)နှစ်အရွယ် သားဖြစ်သူ ကောင်းထိုက်စံ အပါအဝင် မိသားစုနှင့်အတူ နေထိုင်လျှက်ရှိသည်။ ၂၀၁၇ခုနှစ်တွင် ယူနီဆက်ပံ့ပိုးမှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အာဟာရ၊  မိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာရေးဆိုင်ရာ သင်တန်းများ ပံ့ပိုးပေးခြင်းအစီအစဉ်ကို စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများအတွက် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် စတင်ခဲ့သည်။ ယင်းသင်တန်းအခွင့်အလမ်းသည် သူမရွာသို့ ရောက်လာသည့်အတွက် မအေးအေးအောင်တစ်ယောက် ပထမဆုံးသော စေတနာ့ဝန်ထမ်းတစ်ဦး ဖြစ်လာခဲ့သည်။ “လွန်ခဲ့သော သုံးလခန့်က အရန်သားဖွားဆရာမ သင်တန်းကို စာရင်းသွင်းခဲ့ပါတယ်။ အခုတော့ အဲဒီဗဟုသုတတွေကို ကျွန်မ ပတ်ဝန်းကျင်မှာရှိတဲ့ မိခင်တွေအတွက်ကို ပြန်လည်ဝေမျှဖို့ စိတ်အားထက်သန်မှု အပြည့်ရှိနေပါတယ်”ဟု မအေးအေးအောင်မှ ပြောသည်။ 


ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက် စစ်တမ်းအရ မြန်မာနိုင်ငံရှိ ကလေးငယ် ၃ဦးတွင် ၁ဦး နီးပါးသည် နာတာရှည် အာဟာရချို့တဲ့မှု ခံစားနေရသည်။ ရှမ်းပြည်နယ်တွင် ကလေးငယ် လေးပုံတစ်ပုံနှင့်အထက်သည် ကျုံလှီနေကြပြီး  အထူးသဖြင့် မွေးကင်းစနှင့်  အသက် ၂နှစ်အောက် ကလေးများသည် ကိုယ်အလေးချိန်မပြည့်ခြင်း၊ မိခင်နို့တစ်မျိုးတည်းကို မတိုက်ကျွေးခြင်း၊ အသက်အရွယ်အလိုက် မျှတသည့်အစားအစာအမျိုးမျိုးကို မစားရခြင်း၊ လုံလောက်သည့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိခြင်းနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု မရရှိနိုင်ခြင်းတို့ ဖြစ်ခဲ့ပါက အာဟာရချို့တဲ့မှုနှင့် ကြီးထွားမှုနှောင့်နှေးခြင်းကို ဖြစ်စေနိုင်သည့်အန္တရာယ် ကျရောက်လွယ်သည့်သူများဖြစ်ကြသည်။


ယူကေနိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန(DFID)မှ အထောက်အပံ့ဖြင့် ယူနီဆက်သည် Malteser International အဖွဲ့မှတစ်ဆင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအား မအေးအေးအောင်ကဲ့သို့ ကျန်းမာရေးလုပ်သားများအား သင်တန်းများပေးရန်၊ ရပ်ရွာရှိ တစ်နှစ်အောက်ကလေးနှင့် ကလေးများအား အစာကျွေးခြင်းနှင့်သက်ဆိုင်သည့် သင်တန်းများနှင့် မိခင်များအား အခြားအကူအညီများပေးရန် ဆောင်ရွက်လျှက်ရှိသည်။ 

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံရှိ ဝမ်ပန် (အခါ)ကျေးရွာတွင် စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သား မအေးအေးအောင် တစ်ယောက် သူမပတ်ဝန်းကျင်ရှိ  ကလေးများ၏ တိုးတက်မှုကို တိုင်းတာရန် ကိုယ်အလေးချိန် ချိန်တွယ်ပေးနေစဉ်။
©UNICEF Myanmar/2018/Nyan Zay Htet

“အရေးကြီးတဲ့ ကလေးဘဝရဲ့ ပထမဆုံးရက်ပေါင်း ၁၀၀၀ အချိန်ကာလအတွင်း မိခင်တွေအနေနဲ့ သူတို့ရဲ့ ကလေးလေးတွေကို ပံ့ပိုးကူညီနိုင်ဖို့အတွက် လုံလောက်တဲ့ ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ ဗဟုသုတတွေ ပံ့ပိုးပေးဖို့အရေးကြီးပါတယ်”ဟု ကျိုင်းတုံရှိ Malteser International မှ အာဟာရ၊ မိခင်နှင့်ကလေး ကျန်းမာရေးဆိုင်ရာ အဖွဲ့ခေါင်းဆောင် ကိုကြည်ဇင်ကို မှပြောသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၆လအတွင်း အရန်သားဖွားဆရာမ၊ ရပ်ရွာကျန်းမာရေးလုပ်သားများနှင့် မိခင်များအချင်းချင်း ကူညီပံ့ပိုးသည့် အဖွဲ့ခေါင်းဆောင်များ အပါအဝင် လူပေါင်း ၄၀ ကျော်ကို သင်တန်းပေးနိုင်ခဲ့သည်။

“ကျွန်မတို့ပတ်ဝန်းကျင်မှာရှိတဲ့ မိခင်တွေနဲ့ ပြုစုစောင့်ရှောက်သူများက ဘယ်အစားအစာတွေက ကလေးတွေအတွက် အာဟာရဖြစ်စေသလဲကို အများစုက မသိကြဘူး ဆိုတာကို ကျွန်မသိလာတယ်။ အထူးသဖြင့် ကလေးအသက် ၆လ ရောက်သည့်တိုင် မသိကြဘူး။ အချို့ကလေးတွေဆို အစာအမာ စတင်စားသုံးတဲ့အချိန်မှာ သူတိုရဲ့ ကြီးထွားမှုကို မှတ်တမ်းတင်တဲ့ ဇယားကွက်မှာ ကိုယ်အလေးချိန်ကျပြီး အနီရောင်အကွက်ကို ကျဆင်းသွားတာကို တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေကြီးထွားဖို့နဲ့ နာမကျန်းဖြစ်မှုတွေကိုတွန်းလှန်ဖို့ သန်မာတဲ့ ကိုယ်ခံစွမ်းအားတွေရှိဖို့ လိုအပ်တဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးမှု နည်းပါးခြင်းကြောင့်ပဲဖြစ်တယ်”ဟု မအေးအေးအောင် မှပြောသည်။ “ကျွန်မတက်ခဲ့တဲ့သင်တန်းကတစ်ဆင့် အရေးကြီးတဲ့ သတင်းအချက်အလက်တွေနဲ့ အကြံပြုချက်တွေကို မိခင်တွေကို အသိပေးထားခြင်းဖြင့် သူတို့ရဲ့ကလေးတွေ ကျန်းမာသန်စွမ်းစွာ ကြီးထွားလာစေဖို့ အရေးကြီးတယ် ဆိုတာသိလာရတယ်” ဟုပြောသည်။

ကြီးထွားမှုစောင့်ကြည့်တိုင်းတာမှုပြီးနောက် ပြန်လည်ဆွေးနွေးခြင်းတွင် မအေးအေးအောင်နှင့် Malteser မှ လုပ်ဖေါ်ကိုင်ဖက်များ အတူတကွ ဆွေးနွေးကြစဉ်၊ အဖွဲ့လိုက်ဆွေးနွေးခြင်း နှင့် ချက်ပြုတ်နည်း သရုပ်ပြစဉ်
©UNICEF Myanmar/2018/Nyan Zay Htet

“ကျွန်မက သူနာပြုဆရာမ ဖြစ်ချင်ခဲ့တာ၊ အခုတော့ ကျွန်မအိမ်မက်တွေပြည့်ဝခဲ့ပြီ၊ တစ်ချိန်တည်းမှာပဲ ကျန်းမာတဲ့ ကျွန်မသားလေးအတွက် အချိန်ပြည့် မိခင်တစ်ယောက်လည်းဖြစ်ပါတယ်။ ကျွန်မဂုဏ်ယူပါတယ်။ အနာဂတ်မှာ ဒီကျေးရွာကတစ်ဆင့် တစ်နိုင်ငံလုံး ကျွန်မလိုစေတနာ့ဝန်ထမ်း အမြောက်အမြားကို မြင့်တွေ့ရဖို့ ကျွန်မ မျှော်လင့်နေပါတယ်။” 

No comments:

Post a Comment