Friday, July 20, 2018

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဗဟုသုတ တိုးပွားရရှိလာခြင်းက မိခင်များအတွက် မျှော်လင့်ချက် ဆောင်ကျဉ်းပေး

၂၀၁၇ ခုနှစ်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဝမ်ပန်အခါ ကျေးရွာရှိ မိခင်များသည် အာဟာရနှင့် မိခင်၊ မွေးကင်းစနှင့် ကလေးကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ စတင်ရရှိခဲ့သည်။ ယင်းအာဟာရနှင့် ကျန်းမာရေးအစီအစဉ်များသည် ကလေးတွေကို ကြီးထွားဖွံ့ဖြိုးစေဖို့ အပြောင်းအလဲများကို ဖြစ်စေခြင်းနှင့် မသက်သက်အောင်ကဲ့သို့ မိခင်များပျော်ရွင်နေရသည့် အချက်တစ်ချက်လည်း ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံရှိ ဝမ်ပန်အခါ ကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ရှေ့တွင် ကလေးငယ်လေး အိသက်မွန်နှင့် သူမ၏မိခင်တို့သည် ကြီးထွားမှုအခြေအနေ တိုင်းတာဆန်းစစ်ရန် စောင့်ဆိုင်းနေစဉ်။ 
©UNICEF Myanmar/2018/Nyan Zay Htet

ရေးသားသူ - ထက်ထက်ဦး

ကျိုင်းတုံ၊ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ - မသက်သက်အောင် အချိန်ပြည့်မိခင်တစ်ယောက်မဖြစ်ခင် သူမသည် ကျောင်းဆရာမတစ်ဦး ဖြစ်ခဲ့သည်။ “ကျွန်မ ရဲမေတစ်ဦးဖြစ်ချင်ခဲ့တာ၊ ကျွန်မထင်တာက အဲဒီဝတ်စုံက ယုံကြည်မှုကို တိုးပွားစေတယ်။”ဟု မသက်သက်အောင်မှ ပြုံး၍ပြောသည်။ “ကျွန်မမိခင်တစ်ယောက်ဖြစ်ပြီး နောက်မှာတော့ ကျွန်မသမီးလေးကို စောင့်ရှောက်ရတယ်၊ ကျွန်မအမေကို အိမ်အလုပ်တွေကူညီပေးပြီး ရပ်ရွာလူထု ဆွေးနွေးပွဲတွေမှာ ပါဝင်လေ့ရှိပါတယ်။”


မသက်သက်အောင်သည် ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့မှ တစ်နာရီခန့် မောင်းလျှင် ရောက်နိုင်သည့် ဝမ်ပန်အခါ ကျေးရွာတွင် နေထိုင်ပါသည်။ ရပ်ရွာလူထုဆွေးနွေးပွဲများသည် အများအားဖြင့် ရွာသူကြီးအိမ်တွင် လုပ်လေ့ရှိသည်။ ထိုနေရာသို့ မသက်သက်အောင်သည် အသက် ၁၅လအရွယ် သူမ၏ကလေးကို ကြီးထွားမှု တိုင်းတာစစ်ဆေးခြင်း ပြုလုပ်ဖို့ ရောက်ရှိနေပါသည်။

မသက်သက်အောင် (၂၄)နှင့် သူမ၏ အသက် ၁၅ လအရွယ် သမီးလေး အိသက်မွန်တို့ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ဝမ်ပန်ကျေးရွာတွင် ကြီးထွားမှု တိုင်းတာစစ်ဆေးခြင်း ပြုလုပ်ဖို့ ထွက်ခွာလာစဉ်။
©UNICEF Myanmar/2018/Nyan Zay Htet


“အိသက်က အမြဲတမ်းကျန်းမာရေးကောင်းတဲ့ကလေးတစ်ယောက်ပါ။ မွေးစက ၆.၄ပေါင်ရှိတယ်။ ကျန်းမာရေးဆရာမတွေက သူ့ရဲ့ကြီးထွားမှု မှတ်တမ်းဇယားမှာရှိတဲ့ အစိမ်းရောင်အကွက်တွေမှာဘဲ အမြဲတမ်းရှိနေတယ် လို့ပြတယ်။ ငိုလေ့မရှိဘူး၊ ဂျီလည်းမကျတတ်ဘူး။ သူ့အသက် ၆လအတွင်း ကျွန်မ တက်ခဲ့ရတဲ့ သင်တန်းတွေအတွက် ကျေးဇူးတင်မိတယ်။ ကလေးအသက်ငယ်တဲ့အချိန်တွေမှာ သူတို့ကို ဘယ်လို ပြုစုစောင့်ရှောက်ရမလဲဆိုတဲ့ အကြံဥာဏ်တွေရခဲ့တဲ့အတွက် အလွန်အသုံးဝင်ပါတယ်။”

ဟု ယူကေနိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန(DFID)မှ ထောက်ပံ့မှုဖြင့် ယူနီဆက်မှတစ်ဆင့် Malteser Internationl အဖွဲ့တို့မှ ပံ့ပိုးသည့် အသက် ၁နှစ်အောက် ကလေးများနှင့် ကလေးငယ်များအား အစာကျွေးခြင်း ကိုယ်ထူကိုယ်ထအဖွဲ့ကို ရည်ညွှန်းလျှက် မသက်သက်အောင်က ပြောသည်။ ရွာသားများအနေဖြင့် အိသက်မွန်ကို ကျန်းမာသည့် ကလေးငယ်များထဲမှ တစ်ဦးအဖြစ်ရည်ညွှန်းကြပြီး သူမကို ကိုယ်အလေးချိန်တိုင်းဖို့ လုံချည်ဖြင့် ပြုလုပ်ချည်နှောင်ထားသည့် ပေါင်ချိန်စက်ထဲထည့်ဖို့တောင်မ လွယ်လှဘူးဆိုတာ လူတိုင်းတွေ့နိုင်ပါသည်။


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် ဝမ်ပန်အခါကျေးရွာတွင် ကိုယ်အလေးချိန်တိုင်းတာသည့် အချိန်တွင် အိမွန်သက်ကို ကျန်းမာရေးလုပ်သားနှင့် သူမ၏မိခင်တို့ အကူအညီဖြင့် ပုခက်သဏ္ဍာန်ပြုလုပ်ထားသည့် ပေါင်ချိန်စက်ထဲသို့ ထည့်ပြီး တိုင်းတာနေစဉ်။ 
©UNICEF Myanmar/2018/Nyan Zay Htet

“သူကထွားတာ အံ့သြဖို့တောင်ကောင်းတယ်။ လွန်ခဲ့တဲ့ သုံးလက ကိုးပေါင်လောက်ရှိတာ၊ အခု ၁၀.၅ ပေါင်ရှိတယ်။ အရင်လ က သူဖျားတုန်းက ဘယ်လိုပြုစုရလဲဆိုတာ သိထားခဲ့တဲ့အတွက် အရမ်း ဝမ်းမြောက်ရပါတယ်။”

ကျေးရွာရှိ စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားတစ်ဦးမှ အိမွန်သက်နှင့် အခြားကလေးများ၏ ကိုယ်အလေးချိန်များ မှတ်သားထားသည့် ကြီးထွားမှုမှတ်တမ်းတွင် မှတ်တမ်းရေးသွင်နေးစဉ်။
©UNICEF Myanmar/2018/Nyan Zay Htet

မသက်သက်အောင်ကဲ့သို့ပင် မိခင်တိုင်းအနေဖြင့် ရလာဒ်ကောင်းများ ရကြသည်တော့မဟုတ်ပါ။ မကြာမီကာလက သူမ၏ အသက် ၆လအရွယ် တူလေး၏ ကိုယ်အလေးချိန်သည် လွှန်ခဲ့သောလနှင့် နှိုင်းယှဉ်လျှင် ကျဆင်းသွားပြီး အနီရောင်အကွက်ထဲသို့ ရောက်ခဲ့သော်လည်း အလျင်အမြန်အကူအညီ ရခဲ့ပါသည်။ ကျန်းမာရေးပညာပေးသူများမှ သူမ၏ ယောက်မဖြစ်သူ မစိုးစိုးခိုင်အား ကလေး၏ပေါင်ချိန်ကို အစိမ်းရောင် အကွက်ထဲသို့ ပြန်ရောက်ဖို့ရန် မည်သည်တို့လိုအပ်သည်ကို ချက်ခြင်းဆွေးနွေး တိုင်ပင်ခဲ့ပါသည်။ မသက်အနေဖြင့်လည်း မစိုးစိုးခိုင်အား သူမ၏အတွေ့အကြုံများကို ပုံမှန် ဖလှယ်ခဲ့ကြပါသည်။

မသက်သက်အောင်နှင့် သူမ၏ ယောက်မဖြစ်သူ မစိုးစိုးခိုင် (၂၆) နှစ်တို့ သူတို့ကလေးများအား အစာကျွေးခြင်းအကြောင်း သူတို့၏အတွေ့အကြုံများနှင့် အချက်အလက်များဖလှယ်နေစဉ်။
©UNICEF Myanmar/2018/Nyan Zay Htet  

မသက်သက်အောင်နှင့် မစိုးစိုးခိုင်တို့ကဲ့သို့ မိခင်များအနေဖြင့် သူတို့၏ကလေးများကို မည်ကဲ့သို့ ပြုစုစောင့်ရှောက်ရမည်ဆိုသည့် ကိုယ်ပိုင်အတွေ့အကြုံများနှင့် ဗဟုသုတများစုစည်းဖို့ရန် အုပ်စုဖွဲ့ ဆွေးနွေးခြင်းသည် နည်းလမ်းတစ်ခုဖြစ်သည်။ သူတို့အများစုသည် ကလေးအသက် ၆လအရွယ်တိုင်အောင် မိခင်နို့တိုက်ကျွေးသင့်သည်ကို အများစုမသိကြပါ။


ကြီးထွားမှုစောင့်ကြည့်မှတ်တမ်းတင်ပြီးနောက် ကျန်းမာရေးလုပ်သားဖြစ်သူ မအေးအေးအောင်မှ ဦးဆောင်ပြီး အသက် ၁နှစ်အောက်ကလေးများနှင့် ကလေးငယ်များအား အစာကျွေးခြင်းအကြောင်း အုပ်စုဖွဲ့ဆွေးနွေးခြင်းတွင် တက်ရောက်နေသည့် မသက်သက်အောင်နှင့် မိခင်များ။
©UNICEF Myanmar/2018/Nyan Zay Htet

“ကျွန်မအနေနဲ့ အရန်သားဖွားဆရာမ ပြောတဲ့အချက်တွေကို သေချာနားထောင်ပါတယ်။ အဲဒီမှာ မိခင်နို့တိုက်ကျွေးခြင်း အလေ့အထများ၊ အာဟာရဆိုင်ရာတန်ဖိုးတွေနဲ့ ကလေးတွေအတွက် အရေးကြီးတဲ့ အစားအစာတွေ အကြောင်းဖြစ်ပါတယ်။ အစားအစာချက်ပြုတ်ပုံ သရုပ်ပြမှုတွေလည်း ပြုလုပ်ကြပါတယ်။”

ယူကေနိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန(DFID)မှ ငွေကြေးအထောက်အပံ့ဖြင့် Malteser International မှ ပြုလုပ်သည့် အစားအစာချက်ပြုတ်နည်းသရုပ်ပြခြင်းတွင် မသက်သက်အောင်ပါဝင် လှုပ်ရှားနေစဉ်။
©UNICEF Myanmar/2018/Nyan Zay Htet

“အစားအစာချက်ပြုတ်နည်း သရုပ်ပြခြင်းကတော့ ကျွန်မအကြိုက်ဆုံးပါ။ ကလေးတေ ကောင်းမွန်စွာ ကြီးထွားဖို့အတွက် ဘယ်အစားအစာတွေကောင်းသလဲဆိုတဲ့ သတင်းအချက်အလက်ပေးရုံသာမက အစားအစာဘယ်လိုချက် ပြုတ်ရမလဲဆိုတာကိုပါ ပြသပေးပါတယ်။”

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ဝမ်ပန် (အခါ)ကျေးရွာတွင် မသက်သက်အောင်နှင့် အသက် ၁၅ လအရွယ် အိသက်တို့ သူတို့၏ ခြံနောက်ဘက်တွင် တွေ့ရစဉ်။
©UNICEF Myanmar/2018/Nyan Zay Htet

“အိသက်မွန်က သားဦးဖြစ်တဲ့အတွက် သူမကြီးထွားဖို့နဲ့ ကိုယ်ခံစွမ်းအားကောင်းဖို့ ဘယ်အစားအစာတွေက အထောက်အကူပေးသလဲဆိုတဲ့ ဗဟုသုတ ကျွန်မဆီမှာမရှိပါဘူး။ ဒါပေမယ့် ဒီအစီအစဉ်ကြောင့် ကျွန်မလို ကျေးရွာလေးတွေမှာနေတဲ့ မိခင်တွေကို အသိပညာပေးပြီး ကျွန်မတို့ကလေးတွေကို ဘယ်လို စောင့်ရှောက်ရလဲဆိုတာ သိလာရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အိသက်မွန်ကတော့ ကျန်းမာ ပျှော်ရွှင်နေပါတယ်။ သူမကိုတော့ ကျွန်မတို့ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့ ရဲရင့်ပြီး သန်စွမ်းတဲ့ အမျိုးသမီးတစ်ဦး ဖြစ်လာစေချင်ပါတယ်” 



1 comment:


  1. SQream Technologies provides you with a state of the art software which combines modern GPU technology (Graphic Processing Units) with the best practices in today’s Big Data platforms, providing up to 100x faster insights from data.
    python course

    ReplyDelete