Tuesday, January 16, 2018

တောက်ပတဲ့အနာဂတ်ဆီသို့- ရခိုင်ပြည်နယ်ရှိ ကလေးများအားလုံးအတွက် အရည်အသွေးရှိ ပညာရေး သင်ယူနိုင်ရန် သေချာစေဖို့

ရှီးမားအစ္စလမ်၊ ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ၊ EAPRO

မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အနောက်ပိုင်းဒေသသည် ဆင်းရဲနွမ်းပါးဆုံးဒေသတစ်ခုဖြစ်ပြီး အထီးကျန်တည်ရှိနေသည့် နေရာတစ်ခုလည်းဖြစ်သည့်အတွက် တစ်ခါတစ်ရံ ကလေးများ၏ ပညာရေးကို ထိခိုက်စေပါသည်။ မိသားစုများအနေဖြင့် သူတို့၏ ကလေးများကို ကျောင်းပို့ရန် ကုန်ကျစရိတ်အတွက်   ကြိုးပမ်းကြရသည်။ ထို့အတွက်ကြောင့် ကျောင်းထွက်နှုန်းအလွန်မြင့်မားပါသည်။ အလားတူ ကျောင်းသုံးပစ္စည်းများ လုံလောက်မှုမရှိခြင်းနှင့် ပြည်နယ်တစ်လွှား အရည်အချင်းပြည့်စုံသည့် ဆရာ၊ဆရာမများ လျော့နည်းလာခြင်းကြောင့် ၃၀%သော ကလေးများသည် မူလတန်းကျောင်းများတွင် ကျောင်းအပ်နှံမှု မလုပ်ကြသည့်အတွက် အဆင့်မြင့်ပညာသင်ယူနိုင်သည့်  နည်းလမ်းများသည် စိုးရိမ်ဖွယ်ရာကောင်းအောင်ကို နည်းပါးလာနေပါသည်။

မကြာခဏဖြစ်ပွားနေသည့် သဘာဝဘေးအန္တရာယ်များနှင့် လူ့အသိုက်အဝန်းနှစ်ခုကြား အဖန်တစ်လဲလဲ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် ပဋိပက္ခများသည်လည်း ပညာရေးကို ထိခိုက်ပျက်စီးစေပါသည်။ ဆိုလိုသည်မှာ ၂၀၁၄ခုနှစ် သန်းခေါင်းစာရင်းအရ ယနေ့အချိန်အခါ ရခိုင်ပြည်နယ်တွင် စာမတတ်သည့် လူဦးရေနှုန်းသည် တစ်နိုင်ငံလုံးပျမ်းမျှနှုန်းထက် ၅၀% မြင့်မားနေသည်ကို ဆိုလိုပါသည်။ 

စိန်ခေါ်မှုများလည်း အမျိုးအစားစုံလင်လှပါသည်။ အထူးသဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုကြောင့် ကလေးများအပါအဝင် လူအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေကြပါသည်။ ယခုကဲ့သို့စိန်ခေါ်မှု အခြေအနေများရှိသည့်တိုင် ပြည်နယ်တစ်လွှားရှိ ကလေးများ အားလုံးအတွက် ပညာရေးမှတစ်ဆင့် တောက်ပသည့်အနာဂတ်တစ်ခုကို ဖန်တီးဖို့အခွင့်အလမ်းများ ရှိနေဆဲဖြစ်ပါသည်။

မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အန္တရာယ်ကျရောက်ရန် အလွယ်ဆုံးသော ကလေးများအတွက် ပျက်ဆီးနေသည့် စာသင်ကျောင်းများအား ပြန်လည်ပြင်ဆင်မွမ်းမံပေးခြင်းမှသည် ကျောင်းပြင်ပ ပညာရေးအစီအစဉ်များကို ပံ့ပိုးပေးခြင်းများ စသည့် ကူညီဆောင်ရွက်မှုများကို ယူနီဆက်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ကလေးများအားလုံးအတွက် အရည်အသွေးရှိပညာရေးကို သင်ယူရရှိစေဖို့ အပတ်တကုတ် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။


စာသင်ကျောင်းပြင်ဆင်မွမ်းမံပေးခြင်း 

ပုဏ္ဍားကျွန်းမြို့နယ်ရှိ ကွမ်းတောင် အမှတ်(၁) အခြေခံပညာရေးမူလတန်းကျောင်းရှိ စာသင်ခန်းများ၊ အိမ်သာများနှင့် လက်ဆေးကြောသန့်စင် အသုံးအဆောင်ပစ္စည်းများသည် ဆိုင်ကလုံး ကိုမန်ကြောင့် ပျက်ဆီးသွားခဲ့ပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် ထိခိုက်မှုများရှိခဲ့ကာ ရေလွှမ်းမိုးမှုများပါ ဖြစ်ပေါ်ခဲ့ပါသည်။ ယခုအခါ ယင်း ကွမ်းတောင် အမှတ်(၁) အခြေခံပညာရေးမူလတန်းကျောင်းသည် ဂျပန်နိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ထိခိုက်ပျက်စီးခဲ့သည် ဒေသများကို ပြန်လည်ထူထောင်ပေးသည့် လုပ်ငန်းတစ်ခုအနေဖြင့် ကျောင်းပေါင်း ၇၈ ကျောင်းကို ပြန်လည်ပြင်ဆင်မွမ်းမံခြင်းအစီအစဉ်တွင် တစ်ခုအပါအဝင်ဖြစ်ပြီး အလုံးစုံ ပြင်ဆင်မွမ်းမံခြင်း ပြီးမြောက်ခဲ့ပါသည်။

©UNICEF Myanmar/2017/Khine Zar Mon
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်ရှိ ကွမ်းတောင် အမှတ် (၁) အခြေခံပညာရေးမူလတန်းကျောင်းရှိတပည့်များ
အသက် ၄၈ နှစ်ရှိ ဦးခင်မောင်အေးသည် ယင်းကျောင်းတွင် ၂၀၀၆ ခုနှစ်မှစ၍ ကျောင်းအုပ်ကြီး တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး  ကျောင်းပတ်ဝန်းကျင်ကောင်းတစ်ခုရရှိသည့်အတွက် ဝမ်းမြောက်လျှက်ရှိပါသည်။ ထိုကျောင်းတွင် ဒေသခံဆရာမ လေးဦးရှိပြီး အသက်၅နှစ်မှ ၁၀နှစ်အကြား ကလေးငယ် ၂၀၂ဦး တက်ရောက် သင်ကြားလျှက်ရှိပါသည်။

“ကလေးတွေအရမ်းပျော်ကြတယ်။ ကျောင်းပတ်ဝန်းကျင်အသစ်မှာ သူတို့လေးတွေ စာသင်ယူဖို့ စိတ်အား တက်ကြွနေကြတာတွေကို ကျွန်တော်တွေ့နေရတယ်။ ကျွန်တော်တို့ကံကောင်းတာက ကျောင်းပိတ်ရက်မှာ ကျောင်းပြင်ဆင်မွမ်းမံခြင်းကို အပြီးသတ်လုပ်နိုင်တဲ့အတွက် ကလေးတွေအတွက် စာသင်ကြားမှုကို အနှောက်အယှက်မဖြစ်စေပါဘူး” ဟု ကျောင်းအုပ်ကြီးမှ ပြောသည်။

ဦးခင်မောင်အေးသည် ထိုရွာမှာပင်နေထိုင်ပြီး အိမ်ထောင်စုပေါင်း (၇၀၀)နေထိုင်ကြပါသည်။ ရွာမှာရှိသည့် ကလေးမိဘများသည် တောင်ယာလုပ်သားအဖြစ် အသက်မွေးကြပြီး ဝင်ငွေပုံမှန်မရှိကြပါ၊ တစ်ခါတစ်ရံ သူတို့ကလေးတွေကို ကျွေးမွေးဖို့ငွေလုံလောက်မှုမရှိကြပေ။

သူ့တွင် အသက် ၁၃နှစ်မှု ၂၈နှစ်အကြား ကလေး ၄ ဦးရှိပြီး (ယောင်္ကျားလေးသုံးဦး နှင့် မိန်းကလေးတစ်ဦး) သုံးဦးသည် တက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေပါသည်။ သူ့တပည့်များကိုလည်း အဲ့သည့်လို ဖြစ်စေချင်ပါသည်။ ဦးခင်မောင်အေးတစ်ယောက်ကတော့ ပြုံးပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် သားအငယ်ဆုံး ကတော့ သူ့ကဲ့သို့ ကျောင်းဆရာလုပ်ချင်သည်ဟုပြောကြောင်း ကျွန်မတို့ကို ပြောပြပါသည်။

“တပည့်တွေအတွက် ကျွန်တော့်မှာ မျှော်လင့်ချက်တွေအမြောက်အမြားရှိပါတယ်၊ သို့သော် သူတို့အားလုံးကို ကျောင်းပြီးအောင်တက်စေချင်ပါသည်၊ ဒါမှသာ တာဝန်ကျေတဲ့ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်လာပြီး ရွာရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်” ဟုသူကပြောသည်။

စစ်တွေမြို့ ရှိ ဒုက္ခသည်စခန်းများအတွင်းမှ ယာယီစာသင်ခန်း 

ယနေ့အချိန်အခါတွင် ၂၀၁၂ခုနှစ် ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် လူ့အဖွဲ့အစည်းနှစ်ခုအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ဒုက္ခသည်စခန်းများတွင် ထွက်ပြေးတိမ်းရှောင်လာသည့် မွတ်စလင်ဒုက္ခသည် ၁၂၉၀၀၀ နီးပါးရှိပါသည်။ ယင်း ဒုက္ခသည်စခန်းများမှ တစ်ခုဖြစ်သည့် ဆေးသမားကြီးစခန်းတွင် လူပေါင်း ၁၃၀၀၀ခန့် နေထိုင်လျှက်ရှိပါသည်။

ယူနီဆက်နှင့် Plan International အဖွဲ့တို့၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ထားသည့် ယာယီစာသင်ခန်းတွင် အသက် ၁၃နှစ်အရွယ် ကလေးနှစ်ဦးမှ ပညာရေးသည် သူတို့အတွက် အရေးပါကြောင်းရှင်းပြခဲ့ပါသည်။ သူတို့ နှစ်ဦးသည် စစ်တွေမြို့ပေါ်မှ တိမ်းရှောင်လာသူများဖြစ်ပြီး ဒုက္ခသည်စခန်းတွင်နေထိုင်နေသည်မှာ ၅နှစ်ရှိခဲ့ပြီးဖြစ်သည်။

သူဇာသိန်းတွင် အသက် ၂နှစ်မှ ၂၇နှစ်အကြား အစ်ကိုနှင့် အစ်မ ကိုးယောက်ရှိပါသည်။ သူမဖခင်သည် စခန်းရှိ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုတွင် လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး မိခင်သည် အိမ်ထောင်ရှင်မတစ်ဦး ဖြစ်ပါသည်။

သူမ ကျောင်းမတက်တော့သည့်နောက်ပိုင်း သူမမိခင်၏ အိမ်မှုကိစ္စများကိုဝိုင်းဝန်းကူညီပေးခြင်းနှင့် သူငယ်ချင်းများနှင့်အတူ အချိန်ကို ကုန်လွန်စေပါသည်။

“ကျွန်မဒီကို ပြန်လာရတာကြိုက်ပါတယ်၊ ကျွန်မကြီးလာရင်ဆရာမတစ်ဦးဖြစ်ချင်ပါတယ်” ဟု သူဇာသိန်းက ပြောသည်။ သူမအနေနဲ့ အခြားကလေးတွေကို ဘယ်လိုသတင်းစကားပါးချင်လဲလို့ မေးတဲ့အခါ သူမကရိုးရှင်းစွာဖြင့် “သူတို့အားလုံးကို ကျောင်းသွားတက်စေချင်ပါတယ်၊ ဒါမှသာကျွန်မတို့အတူတကွ စာသင်ယူနိုင်မှာပါ” ဟုဖြည့်စွက်ပြောပြပါသည်။

အသက် (၄၀)အရွယ် သူမ၏မိခင် ဒေါ်ရွှေသန်းတစ်ယောက်ကတော့ သူမ၏သမီးကို ပညာတတ်တစ်ယောက် ဖြစ်စေချင်ပါတယ် သို့သော် သူမအနေနဲ့ ကျောင်းစရိတ်မတတ်နိုင်မှာကို စိုးရိမ်လျှက်ရှိပါသည်။

©UNICEF Myanmar/2017/Khine Zar Mon
အသက် ၃၁နှစ်အရွယ်ရှိ ဒေါ်သိန်းသိန်းမေသည် ဆေးသမားကြီး ဒုက္ခသည်စခန်းရှိ ယာယီစာသင်ခန်းတွင် စေတနာ့ဝန်ထမ်းဆရာမတစ်ဦးဖြစ်ပါသည်။ သူမသည် ယင်းစခန်းတွင် အိမ်ထောင်ဖက်၊ ကလေးသုံးယောက်နှင့် အတူနေထိုင်လျှက်ရှိပါသည်။
အသက် ၃၁နှစ်အရွယ် ဒေါ်သိန်းသိန်းမေသည် ယာယီစာသင်ခန်းတွင် ဆရာမတစ်ဦးဖြစ်ပြီး သင်ကြားနေသည်မှာ တစ်နှစ်ကြာပြီဖြစ်သည်။ သူမသည် ကလေးသုံးယောက်၊ ကျပန်းလုပ်သား တစ်ဦးဖြစ်သည့် သူမ၏ အိမ်ထောင်ဖက်နှင့်အတူ ဒုက္ခသည်စခန်းတွင် နေထိုင်လျှက်ရှိသည်မှာ ၅နှစ် ရှိခဲ့သည်။

“ကလေးတွေကို ကျောင်းပြီးအောင် စာတွေသင်ယူစေချင်ပါတယ်” ဟုဒေါ်သိန်းသိန်းမေ က ပြောသည်။

ပညာရေးတွင် ဒုတိယအခွင့်အရေး- စခန်းများနှင့် ရပ်ရွာအခြေပြု ကျောင်းပြင်ပ မူလတန်းပညာရေး 

မူလတန်းပညာရေးတွင် ကမ္ဘာ့ကျောင်းအပ်နှံရေးဆီသို့ ရည်မှန်းချက်ပြည့်မှီရန် ထိုက်သင့်သည့်တိုးတက်မှု များ ရရှိနေသော်လည်း အချို့သောကလေးငယ်များသည် ကျောင်းမအပ်ကြပေ၊ အချို့သော ကလေးများက သူတို့ပညာရေးကို ပြီးမြောက်သည့်တိုင် မသင်ယူနိုင်ကြဘဲ ကျောင်းထွက်ကြရပေသည်။ ထိုကလေးများအတွက် ပညာရေးတွင် ဒုတိအကြိမ်အခွင့်အလမ်းတစ်ခုအဖြစ် ကျောင်းပြင်ပပညာရေးက အထောက်အကူပြုပေးပါသည်။

ကျောင်းပြင်ပ မူလတန်းပညာရေးအစီအစဉ်သည် ၂နှစ်တာကာလအဆင့်များကို လွှမ်းခြုံထားသည့် မူလတန်းပညာရေးသင်ရိုး ဖြစ်ပါသည်။အသက် ၁၀နှစ်မှ ၁၄နှစ်အကြားရှိ ကျောင်းထွက်ထားသည့် ကလေးငယ်များ သို့မဟုတ် မည်သည့်အခါမျှ ကျောင်းအပ်နှံထားခြင်းမရှိသည့် ကလေးများအတွက် ဒုတိယမြောက် အခွင့်အလမ်းတစ်ခုဖြစ်ပါသည်။ ဘာသာရပ်များအနေဖြင့် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာနှင့် အထွေထွေ ဘာသာရပ်များဖြစ်ပါသည်။ ထို့အပြင် ကလေးများအတွက် ရပ်ရွာအတွင်း တက်ကြွစွာပါဝင်နိုင်ရေး အားပေးမှုများနှင့် ဘဝတွက်တာ ဘာသာရပ်များကိုလည်း သင်ကြားပေးပါသည်။

ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကျောင်းပြင်ပပညာရေးကို ၂၀၀၈ခုနှစ်မှစ၍ စစ်တွေမြို့အပါအဝင် မြို့နယ်ပေါင်း ၅ခုတွင် ရှေ့ပြေးအဖြစ် အကောင်အထည်ဖေါ်ခဲ့ပါသည်။ ယခုအခါ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့များ ပူးပေါင်းကာ နိုင်ငံတစ်ဝန်းမြို့နယ်ပေါင်း ၉၄ မြို့နယ်တွင် စင်တာပေါင်း ၅၇၃ခု အထိတိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါသည်။

စစ်တွေရှိ ဒုက္ခသည်စခန်းများကဲ့သို့သော စခန်းများတွင် ယူနီဆက်နှင့် Save the Children အဖွဲ့တို့မှ ကျောင်းပြင်ပ ပညာရေးအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ကြပါသည်။

အသက် ၁၁နှစ်အရွယ် နီနီခင်သည် ဘောဒူဘ အမှတ်(၂) ဒုက္ခသည်စခန်းတွင် ကျောင်းပြင်ပပညာရေးတွင် တက်ရောက်သင်ကြားနေသည်မှာ ၂နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူမတွင် အသက် (၂) နှစ်မှ (၁၄)နှစ်အကြား အကို နှင့် အစ်မ လေးယောက်ရှိပါသည်။ သူတို့က လက်ရှိ စခန်းတွင်နေထိုင်နေသည်မှာ ၅ နှစ်ရှိခဲ့ပြီ ဖြစ်သည်။ သူမအဖေသည် လက်ခစားအလုပ်သမားတစ်ဦးဖြစ်ပြီး သူမအမေက အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်ပါသည်။ သူမသည် အခြားသောကလေးများကဲ့သို့ ကျောင်းဆရာမတစ်ယောက်ဖြစ်ချင်ပြီး သူမနှစ်သက်သည့် ဘာသာရပ်များကတော့ မြန်မာစာနှင့်  အင်္ဂလိပ်စာတို့ဖြစ်ပါသည်။
©UNICEF Myanmar/2017/Khine Zar Mon
1
အသက် (၁၃) နှစ် ရှိ ကိုကိုနိုင်သည် ဘောဒူဘ ဒုက္ခသည်စခန်းတွင်နေထိုင်လျှက်ရှိပြီး ယူနီဆက်မှ ပံ့ပိုးပေးထားသည့် ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်တွင်တက်ရောက်သင်ကြားလျှက်ရှိပါသည်။ 

အသက် (၁၃) နှစ်အရွယ်ကိုကိုနိုင်သည် မိန်းကလေး ၄ ယောက်ရှိသည့် မိသားစုတွင် တစ်ဦးတည်းသော ယောင်္ကျားလေးဖြစ်ပါသည်။ သူ၏ဖခင်သည် တံငါလုပ်ငန်းဖြင့်ကုန်သွယ်ခြင်းနှင့် သူ၏မိခင်သည် အိမ်ထောင်ရှင်မ တစ်ယောက် ဖြစ်ပါသည်။ သူသည် ကျောင်းပြင်ပ မူလတန်းပညာရေးကို တက်ရောက် သင်ကြားနေသည်မှာ ၂နှစ်ရှိပြီး ဒုက္ခသည်စခန်းတွင်နေထိုင်နေသည်မှာ ၅နှစ်ရှိပြီဖြစ်ပါသည်။ သူအရွယ်ရောက်လာလျှင် ဆရာဝန်ကြီးတစ်ယောက်ဖြစ်ချင်သည် ဟုပြောပါသည်။

ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ်သည် ဒုက္ခသည်စခန်းတွင်နေထိုင်သည့် ကလေးများအတွက် ကျောင်းဆက်လက်တက်ရောက်နိုင်ရန် လက်တွေ့ကျသည့် နည်းလမ်းတစ်ခုပင် ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် သူတို့၏ရင့်ကျက်မှု၊ ဘဝတည်ဆောက်မှုနှင့် အနာဂတ်အတွက် မျှော်လင့်ချက်များကို ပေးစွမ်းပါသည်ဟု ပြောပြပါသည်။

တူညီသည့်အိမ်မက်များ

မတူညီသည့်အခြေအနေများနှင့် ကွဲပြားခြားနားသည့် လူ့အဖွဲ့အစည်းအကြား နေထိုင်နေကြသည့် ကလေးငယ်များဖြစ်သော်လည်း ယခုဆောင်းပါးရေးသားရန်အတွက် ကလေးများအားမေးမြန်းရာတွင် သူတို့တွင် တူညီသည့်မျှော်လင့်ချက်များနှင့် အိမ်မက်များကိုယ်စီရှိနေကြပါသည်။ သူတို့အနေဖြင့် အနာဂတ်အတွက် ပညာရေးသည် တန်ဖိုးရှိကြောင်းသိမြင်ကြပါသည်။ ထို့အပြင်ပညာရေးသည် ယင်းတူညီသည့် အိမ်မက်များကို တည်ဆောင်ရာတွင် စွမ်းအားရှိစေပြီး ရခိုင်ပြည်နယ်အတွက် အနာဂတ်ကို တည်ဆောက်ရာတွင် အတူတကွဖေါ်ဆောင်နိုင်ရန်ဖြစ်ပါသည်။

အလှူရှင်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ ဒိန်းမတ်၊ အီးယူ၊ ဂျပန်၊ နယ်သာလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ တူရကီ၊ ယူကေ နှင့် ယူအက်စ်အေ စသည်နိုင်ငံများ၏ပံ့ပိုးမှုနှင့်အတူ ယူနီဆက်သည် ရခိုင်ပြည်နယ်ရှိ ကလေးများအားလုံးအတွက် လူမျိုး၊ဘာသာ၊ တရားဝင်မှုတို့ကို မခွဲခြားဘဲ ပညာရေးကို လက်လှမ်းမှီစေဖို့ အစိုးရနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

ပညာရေးမှတစ်ဆင့် ရခိုင်ပြည်နယ်ရှိ ကလေးများ သူတို့ကိုယ်တိုင်နှင့် သူတို့၏ လူမူအသိုင်းအဝိုင်းအတွက် တောက်ပသည့် အနာဂတ်ကို တည်ဆောက်နိုင်သည့် အခွင့်အလမ်းများရှိနေကြပါသည်။   


No comments:

Post a Comment