Tuesday, July 5, 2016

ရေကြီးမှုမှသည် လုပ်အားပေးခြင်းသို့

မာရီရာနာ ပါလက်ဗရာ ရေးသားသည


ဇွန် ၂၀၁၆၊ ဟားခါး၊ ချင်းပြည်နယ် - ဗန်တင်းပန်မှာ လွန်စွာကြောက်ရွံ့နေသည်။ အိမ် ၆လုံး ၇လုံး ပြိုကျသွားပြီး မြေတွေပြိုနေတာကို မြင်နေရသည်။ သူမမှာ အစားအစာလည်း ပြတ်လတ်နေပြီ ဖြစ်သည်။ ယင်းဖြစ်ရပ်မှာ ၂၀၁၅ ခုနှစ် ဇူလိုင်လက မြန်မာနိုင်ငံကို ကိုမန် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်စဉ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းမုန်တိုင်းကြောင့် နှစ်၄၀အတွင်း အဆိုးရွားဆုံး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် ချင်းပြည်နယ်တွင် ပိုမိုဆိုးရွားသည်။ “ကျွန်မတို့ နှစ်ပတ်ကျော် ပိတ်မိနေခဲ့တယ်” ဟု ဟားခါးမြို့နယ်ရှိ ရွာလေးတစ်ရွာတွင် နေထိုင်သော အသက် ၃၄ နှစ်အရွယ် ဗန်တင်းပန်က ပြန်ပြောပြ သည်။ “ကျွန်မတို့မှာ အစားအစာမရှိရုံသာမကဘူး။ ရေပိုက်လိုင်းတွေက ရေနဲ့အတူ မြောပါသွားတယ်။ အဲဒါကြောင့် သောက်သုံးလို့ရတဲ့ ရေလည်း ပြတ်သွားတယ်” ဟု ၎င်းက ဆိုသည်။


©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/မာရီရာနာပါလက်ဗရာ

ယင်းအချိန်မှစကာ သုံးလအတွင်း တစ်ရွာလုံး ရေသန့်မရရှိခဲ့ပေ။ “အနီးအနားမှာ ရေအရင်းအမြစ်တစ်ခုမှ မရှိဘူး။ အဲဒါကြောင့် လမ်းပေါ်မှာ တင်နေတဲ့ ရေတွေကို ခပ်ရတယ်။ အဲဒီအချိန်မှာ ရွာသူရွာသားတွေမှာ ဝမ်းပျက်ဝမ်းလျော ရောဂါတွေနဲ့ အခြားကျန်းမာရေး ပြဿနာတွေအများကြီး ဖြစ်ခဲ့တယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး” ဟု ၎င်းက ရှင်းပြသည်။


ပြီးခဲ့သည့်နှစ်က လျှပ်တပြက် ရေကြီးမှုနှင့် မြေပြိုမှုများအတွင်း ချင်းပြည်နယ်အတွင်း၌ ထိခိုက်မှု အရှိဆုံး နေရာများတွင် ဗန်တင်ပန်ရဲ့ ရွာလည်း ပါဝင်သည်။ “ပထမဆုံး ချင့်တွက်မှုတွေအရ မသန့်ရှင်းတဲ့ ရေ အရင်းမြစ်များကြောင့် ရေကြောင့်ဖြစ်တဲ့ရောဂါတွေ ချက်ချင်းဖြစ်နိုင်တယ်ဆိုတာ ညွှန်ပြနေခဲ့တယ်။ ရေလွှမ်းမိုးတဲ့နေရာတွေမှာ အရေးပေါ် ရေနဲ့အိမ်သာတွေ တရေးတကြီး လိုအပ်ခဲ့တဲ့အပြင် ထိခိုက်မှု အများဆုံးကျေးရွာတွေမှ တစ်ကိုယ်ရေသန့်ရှင်းရေးလှုပ်ရှားမှုတွေနဲ့ ပျက်စီးသွားတဲ့ ရေအရင်းအမြစ်တွေကို ပြန်လည်ပြုပြင်ဖို့ အရေးပေါ်လိုအပ်ခဲ့တယ်” ဟု ယူနီဆက်ဖ် ချင်းပြည်နယ်ရုံး အကြီးအကဲ မိုဟာမက်ဘာဒရူက ပြန်ပြောပြသည်။ ယင်းအခြေအနေကြောင့် ယူနီဆက်ဖ်နှင့် Save the Children က သောက်သုံးရေ ရရှိနိုင်မှု၊ သန့်ရှင်းသော မိလ္လာစနစ်၊ ပတ်ဝန်းကျင် ကျန်းမာရေးအဆောက်အအုံနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ဗဟုသုတ မြှင့်တင်ရန် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ “ဒီ စီမံကိန်းရဲ့ကျေးဇူးကြောင့် စခန်း ၅ခုနဲ့ ကျေးရွာ အများအပြားက လူ ၃၀၀၀ ဟာ သန့်ရှင်းပြီး အိမ်အထိ ရောက်တဲ့ရေ အလုံအလောက် ရရှိခဲ့ကြတယ်။ အိမ်သာ အလုံး ၁၀၀ နဲ့ ရေချိုးခန်း ၆၀ ခန့်ကိုလည်း ဒုက္ခသည်စခန်းတွေမှာ တပ်ဆင်ခဲ့တယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ စွန့်ပစ်ပစ္စည်း ကိုင်တွယ်ဖြေရှင်းမှု ၂၀ ကျော်ကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု Save the Children စီမံကိန်း လက်ထောက် ကာချင်းဇင်က ရှင်းပြသည်။


ယူနီဆက်ဖ် ချင်းပြည်နယ်ရုံး အကြီးအကဲ မိုဟာမက်ဘက်ဒရူအတွက် စီမံကိန်း၏ အရေးကြီးသော ကဏ္ဍမှာ အမျိုးသားနှင့် အမျိုသမီးများ၏ မတူညီသော လိုအပ်ချက်များကို စဉ်းစားရန် ဖြစ်သည်။

“အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေရောပေါ့။ သူတို့က ချက်ချင်းစမ်းသပ်မှုတွေ လုပ်ပေးရမယ့် အထဲမှာ ပါဝင်တယ်။ ဒါ့အပြင် သန့်ရှင်းရေးအခြေခံ အဆောက်အအုံတွေ အားလုံးကို အားလုံးတန်းတူ အသုံးပြုနိုင်ပြီး အမျိုးသမီး၊ အမျိုးသား၊ လူငယ်တွေအားလုံးရဲ့ လိုအပ်ချက်တွေနဲ့ မျှော်မှန်းချက်တွေကို အခြေခံပြီး အဘက်ဘက်က ကာကွယ်မှုတွေနဲ့ လိင်ကွဲပြားမှုတွေနဲ့ ကိုက်ညီ အောင် ဒီဇိုင်းဆွဲထားပါတယ်” ဟု မိုဟာမက်ဘက်ဒရူက ရှင်းပြသည်။
 
အကောင်အထည်ဖော် ဆောင်ရွက်ပြီး သုံးလအကြာတွင် ကူညီဆောင်ရွက်ပေးသော ဧရိယာများတွင် ရလဒ်ကို မြင်နေရပြီဖြစ်သည်။ “ဆောင်ရွက်ပေးတဲ့ စခန်းတွေနဲ့ ကျေးရွာတွေက မိခင်နဲ့ ကလေး အများစုဟာ လက်ကို ဆပ်ပြာနဲ့ဆေးကြောတဲ့ အလေ့အထ ရှိလာကြတယ်။ အထူးသဖြင့် ကျန်းမာရေး ပညာပေး အစီအစဉ်တွေရဲ့ ရလဒ်တစ်ခုပါပဲ။ ၃လကနေ ၄လအတွင်းမှာ ဝမ်းရှောတဲ့ ဖြစ်ရပ်တွေ အထူးသဖြင့် စခန်းတွေမှာ မရှိတော့ဘူး။ အခုဆိုရင် မိသားစုအများစုဟာ အိမ်မှာ ပါးစပ်က သောက်သုံးပြီး ရေဓာတ်ပြန်ဖြည့်တဲ့ နည်းလမ်းတွေ (ORS) ကို အိမ်မှာ ဘယ်လို ပြုလုပ်ရမယ်ဆိုတာ သိသွားကြပြီ” ဟု ကာချင်ဇင်က ပြောသည်။

လူပေါင်း ၇၀၀ ရှိသော ဗန်တင်းပန်၏ ကျေးရွာမှာလည်း ရေလှောင်ကန် ပြုပြင်ခြင်းနှင့် အိမ်တိုင်းကို ရေသွယ်ပေးရန် ပိုက်လိုင်းများတပ်ဆင်ပေးခြင်းတို့ ပါဝင်သည့် ယင်းစီမံကိန်းထဲတွင် ပါရှိသည်။

ယင်းစီမံကိန်းတွင် တစ်ကိုယ်ရေသန့်ရှင်းရေးမြှင့်တင်မှုလည်း ပါဝင်သည့်အတွက် Save the Children က ဗန်တင်းပန်ကို ရပ်ရွာလုပ်အားပေးတစ်ဦးအဖြစ် ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ ရေလွှမ်းမိုးမှုနှင့် ရင်ဆိုင်ရသည့် အတွေ့အကြုံက သူမရဲ့စိတ်ကို ချက်ချင်းဆုံးဖြတ်နိုင်အောင် ကူညီပေးခဲ့သည်။ “ရေသန့်မရှိခြင်းကြောင့် ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်တဲ့ ဖြစ်ရပ်တွေကို မြင်လိုက်ရတဲ့အတွက် ကျွန်မသံသယမရှိဘူး။ ကျွန်မ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ချင်တယ်။ ကျွန်မရဲ့ အချိန်တွေကို ရပ်ရွာအတွက် ပေးချင်တယ်။ ဒါ့အပြင် ကျွန်မက မြန်မာစကားပြောတတ်တဲ့ အတွက် ရွာသူရွာသားတွေနဲ့ NGOတွေ ကြားမှာ ဆက်သွယ်ပေးဖို့ ကျွန်မကောင်းကောင်း လုပ်နိုင်တယ်” ဟု ၎င်းက ပြောသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလကတည်းကစ၍ ဗန်တင်းပန်မှာ ရေကြောင့်ဖြစ်သော ရောဂါများ၊ ရေဓာတ် ပြန်လည်ဖြည့်တင်းသည့် နည်းလမ်းများ၊ ကာလဝမ်းရောဂါကာကွယ်ခြင်း၊ လက်ဆေးခြင်းနှင့် သန့်ရှင်းသော အိမ်သာများဆိုင်ရာ ယူနီဆက်ဖ်နှင့် Save the Children ၏ သတင်းအချက်အလက်၊ ပညာရေးနှင့် ဆက်သွယ်ရေး (IEC) ပစ္စည်း၊ စာရွက်စာတမ်းများကြားတွင် နေခဲ့ရသည်။

©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/မာရီရာနာပါလက်ဗရာ

“ရေသန့်မရှိတဲ့ အဲဒီ ၃လ အတွင်းမှာ ကျွန်မရဲ့မိသားစုကို ရောဂါတွေမဖြစ်အောင် ဘယ်လို ထားရမယ်ဆိုတာ သိခဲ့တယ်။ လက်ဆေးခြင်းနဲ့ ရေကိုစစ်ပြီးမှသုံးတာတွေကို အမြဲလုပ်တယ်။ အဲဒီအတွေ့အကြုံကနေ ကျွန်မသင်ယူခဲ့တာပါ” ဟု ၎င်းက ဆိုသည်။ ယခုအခါ ၎င်းက တခြားသူများကို သင်ပြနေပြီ ဖြစ်သည်။ “ကျွန်မက ရှက်တတ်ပေမဲ့ ကျောင်းသားတွေကို အရေးကြီးတဲ့အရာတွေ သင်ပေးရတော့ အရမ်းပျော်ပါတယ်။ တချို့ရဲ့ အပြုအမူတွေ ပြောင်းလဲလာတာ ကျွန်မသတိထားမိတယ်။ ကလေးတွေရဲ့ အဝတ်အစားတွေ သန့်ရှင်းလာတာတို့၊ သူတို့လက်တွေကို ဆေးကြောတဲ့ အလေ့အကျင့်လေးတွေ ရှိလာတာတို့ပေါ့။ ဒါပေမဲ့ မပြောင်းလဲသေးတဲ့သူတွေလည်း ရှိသေးတယ်။” ယင်းအတွက်ကြောင့် ၎င်းမှာ ကျောင်းများနှင့် တနင်္ဂနွေနေ့ ကျေးရွာတွေ့ဆုံပွဲများတွင် ဆက်လက် လုပ်အားပေးလျက်ရှိသည်။

“ရေနဲ့အတူ မြောပါသွားတာ ရေပိုက်လိုင်းတစ်လိုင်းတည်းပါ။ ဒါပေမဲ့ ရေပိုက်သစ်တွေနဲ့ ရေပြန်ရလာတော့ ကျွန်မတို့ရဲ့ ဘဝအဆင့်အတန်းပါ ပြန်ယူလာပေးတယ်။ ကျွန်မကိုလည်း ရပ်ရွာအတွက် လုပ်အား ပေးချင်စိတ် ဖြစ်အောင် လုပ်ပေးတယ်” ဟု ဆိုကာ ဗန်တင်းပန်က စကားကို အဆုံးသတ်ခဲ့သည်။


No comments:

Post a Comment