Friday, December 11, 2015

မြန်မာနိုင်ငံရှိ မိမိခန္ဓာကိုယ်ကိုရင်း၍ အလုပ်လုပ်ကိုင်နေကြရသော မိန်းကလေးများအား HIV ပိုးကူးစက်ခြင်းမှ မိမိကိုယ်ကို ကာကွယ်နိုင်ရန်အတွက် ပံ့ပိုးကူညီပေးခြင်း

Mariana Palavra ရေးသားသည်
 
SWIM Network နားခိုရာနေရာတွင် ခေါင်းဖြီးနေသော ၀တ်ရည်
Credit: ©UNICEF Myanmar/2015/Mariana Palavra
 
သူမရဲ့နာမည်ကို ၀တ်ရည်လို့ခေါ်ပါလို့ ပြောပြီးတဲ့နောက် သူမရဲ့ နာမည်ရွေးချယ်မှုကို သဘောကျကာ ပြုံးလျက်ရှိပါတယ်။ ဒီနာမည်ဟာ မြို့လယ်မှ မိနစ် ၃၀ ကြာ ကားမောင်းသွားရပြီး လှိုင်သာယာမြို့နယ်မှာ နေထိုင်လျက်ရှိတဲ့ အသက် ၁၆နှစ်အရွယ် ထိုမိန်းကလေးရဲ့ နာမည် အရင်းတော့မဟုတ်ပေ။ 
လွန်ခဲ့သော နှစ်နှစ်က ၀တ်ရည်ရဲ့အဖေ အသည်းအသန်ဖျားပြီး နောက်ပိုင်းမှာတော့ သူမရဲ့ဘ၀ဟာ ဂျွမ်းထိုးမှောက်ခုံ ပြောင်းလဲသွားခဲ့ပါတယ်။ မွေးချင်း လေးယောက်အနက် အကြီးဆုံးသမီးဖြစ်သူ သူမဟာ ကျောင်းမှနှုတ်ထွက်ပြီး မိသားစု စားဝတ်နေရေးကို တာဝန်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပထမပိုင်း မှာတော့  မိခင်နဲ့အတူ လမ်းဘေးအသုတ်ဆိုင်လေးမှာ ကူညီဈေးရောင်းပေမယ့်လည်း ဒီဝင်ငွေဟာ သူမ အဖေ ဆေးကုသဖို့နဲ့ မောင်နှမတွေ ကျောင်းစရိတ်အတွက်တော့ လုံလောက်ခြင်းမရှိပါဘူး။

 “သူငယ်ချင်းတစ်ယောက်က ခန္ဓာကိုယ်ကိုရောင်းရင် ပိုက်ဆံပိုရတယ်လို့ပြောတယ်။ ကျွန်မ အဲလိုပဲလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်” ဟု ၀တ်ရည်က ရင်ဖွင့်ပါတယ်။ အဲသည်အချိန်တုန်းက သူမဟာ အသက် ၁၄ နှစ်ပဲရှိပါသေးတယ်။ “ကျွန်မ ဘာဆို ဘာမှ မသိခဲ့ပါဘူး။ ကျွန်မစိတ်ပူတာ အဖေ့ရဲ့ကျန်းမာရေးပါပဲ” လို့ သူမက ပြောပါတယ်။

နေ့ခင်းဘက်တွေမှာတော့ ၀တ်ရည်ဟာ သူ့အမေနဲ့အတူ ဈေးကူရောင်းပြီး ညဖက်မှာတော့ အရွယ်ရောက် သူတွေကို ခန္ဓာကိုယ်ရောင်းချတဲ့အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပါတော့တယ်။ “ကျွန်မ လက်ဖက်ရည် ဆိုင်နားမှာထိုင်နေပြီး ဖောက်သည်တွေနဲ့တွေ့တဲ့အခါမှာတော့ ခြုံပုတ်တွေနားက လူကွယ်ရာ နေရာကို သွားလိုက်တာပါပဲ” လို့ သူမကပြောပါတယ်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သောသူများဟာ ၀တ်ရည်ကို သူမရဲ့ကလေးတစ်ဦး ရရှိသင့်သော အခွင့် အရေးများကို ချိုးဖောက်ပြီး HIV အပါအဝင် လိင်ဆက်ဆံခြင်းမှတဆင့်ကူးစက်တတ်သောရောဂါများ ထံသို့ သူမအားတွန်းပို့ခဲ့ပါတယ်။ “ကျွန်မကိုယ် ကျွန်မ ဘယ်လိုကာကွယ်ရမယ်ဆိုတာ လုံးဝ မသိခဲ့ပါဘူး။ ကွန်ဒုံး ဆိုတာ ဘာလဲဆိုတာလည်း မသိခဲ့ဘူး” လို့ သူမကပြောပါတယ်။ ရလာဒ်အနေနဲ့တော့ တောင်းဆို သူတွေရှိမှသာ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုကို သူမရရှိခဲ့ပါတယ်။

အမကြီးများ
 
SWIM ကွန်ယက် နာခိုရာစခန်းမှ လိင်လုပ်သားတစ်ဦး အမျိုးသမီးသုံး ကွန်ဒုံးအသုံးချပုံအား သရုပ်ပြစဉ်
©UNICEF Myanmar/2015/Mariana Palavra

ဝတ်ရည်ဟာ မြန်မာနိုင်ငံ လိင်လုပ်သားများကွန်ယက်မှ နေ့စဉ် ကျန်းမာရေးနဲ့ HIV ကာကွယ်တားဆီးရေး လှုပ်ရှားမှုများမှာ ပါဝင်သော စေတနာ့ဝန်ထမ်းတွေနဲ့ ဆုံတွေ့ခဲ့ပါတယ်။

“ကျွန်မကို ကျွန်မ HIV ပိုးကူးဆက်နိုင်တယ်လို့ နားလည်လာတဲ့အခါမှာတော့ ကျွန်မအရမ်း ကြောက်လန့်မိပါတယ်။ ကျွန်မနေမကောင်းဖြစ်ရင် မိသားစုကို ဆက်ပြီး မထောက်ပံ့နိုင်တော့ဘူးလို့ တွေးမိတဲ့အခါ မျက်ရည်တွေ တားဆီးမရနိုင်လောက်အောင် ကျလာတယ်” လို့ သူမပြန်ပြောပြပါတယ်။ SWIM ကွန်ယက်ရဲ့ ပံ့ပိုးမှုနဲ့အတူ ရောဂါရှိမရှိ စမ်းသပ်ဖို့ သူမဆုံးဖြတ်ချက် ချလိုက်ပါတယ်။ “အဖြေစာရွက်ကို ဖွင့်ဖတ်နိုင်ဖို့ အချိန်ယူရတယ်။ ဖွင့်ဖတ်လိုက်တဲ့အချိန်မှာတော့ ကျွန်မမှာ HIV မရှိဘူးလို့ တွေ့ရတဲ့အခါ ပျော်လွန်းလို့ ငိုမိတယ်”။

ဖြစ်စဉ်တလျောက်လုံး ၀တ်ရည်ကို SWIM အဖွဲ့ရဲ့စေတနာ့ဝန်ထမ်းများက အတူ လိုက်ပါပြီး ကူညီ ပံပိုးမှုတွေ ပေးခဲ့ပါတယ်။ အဲသည်အချိန်မှစ၍ သူတို့ဟာ တစ်ပတ်မှာ ၃ ကြိမ်လောက် ဆက်သွယ် ကြပါတယ်။ ဝတ်ရည်လို ငယ်ရွယ်သူအတွက်  ဒီလိုအမကြီးတွေ နဲ့တွေ့ရခြင်းဟာ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။

“ဒီလို အန္တရာယ်နဲကြုံတွေ့နိုင်တဲ့ မိန်းကလေးတွေကို တခြား ဘယ်အဖွဲ့အစည်းမှ ဒီလို ပံ့ပိုးမှုမျိုးတွေ ပံ့ပိုးခဲ့ခြင်း မရှိသေးပါဘူး” လို့ SWIM ကွန်ယက်မှ Project Manager များမှ တစ်ဦးဖြစ်သူ ဒေါ်ခင်ချိုဝင်းက ရှင်းပြပါတယ်။ “ကျန်းမာရေးအသိပညာဟာ သူတို့ဘ၀အတွက် ပြောင်းလဲမှုတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ သူတို့လို လိင်လုပ်သားတွေဖြစ်တဲ့ ကျွန်မတို့က သူတို့အတွက် အမကြီးတွေအနေနဲ့ ပိုမိုထိရောက်တဲ့ နည်းလမ်းတွေနဲ့ ကူညီစောင့်ရှောက်ပြီး ပံ့ပိုးပေးနိုင်ပါတယ်။ အပြစ်တင်ဝေဖန်ဆုံးဖြတ်မှုတွေလဲ မရှိပါဘူး”။

SWIM ကွန်ယက်ဟာ မြန်မာနိုင်ငံတ၀ှမ်း တိုင်းဒေသကြီး ၁၀ခု ၌ လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိနေပါတယ်။ HIV/AIDS ကာကွယ်တားဆီးခြင်း ၊ ဥပဒေအရ ကူညီပံ့ပိုးပေးတဲ့ ၀န်ဆောင်မှုများ၊ ကွန်ဒုံးဖြန့်ဖြူးခြင်း၊ အိမ်တွင်းမှုသင်တန်းများ၊ အသေးစား ထောက်ပံ့ငွေပေးခြင်းများ နှင့် HIV စစ်ဆေးခြင်း နှစ်သိမ့် ဆွေးနွေးပညာပေးခြင်း လုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်လျက်ရှိနေပါတယ်။

အနည်းဆုံး ဆယ်ကျော်သက်အယောက် ၂၀ ဟာ ဒီစင်တာကို လုံခြုံတဲ့ နိဗ္ဗာန်သဖွယ် နားခိုအသုံးပြု ကြပါတယ်။ ပန်းအိဖြူ (အမည်ပြောင်း) အတွက်ကတော့ ဒီစင်တာနဲ့ ဆောင်ကြာမြိုင်က သူမလက်ရှိဘ၀ အားလုံးဟာ အသစ်ဖြစ်လို့ နေပါတော့တယ်။ ဒီလို အသက် ၁၆ နှစ်အရွယ် မိဘမဲ့ကလေးမလေးဟာ တစ်လကို ဒေါ်လာ ၂၀၀ လောက်ရဖို့ သူမရဲ့ ခန္ဓာကိုယ်ကို လွန်ခဲ့သော ရက်သတ္တပတ် လေးပတ်က စတင်ရောင်းချခဲ့ပါတယ်။ သူမဟာ အမကြီးတွေနဲ့ လွန်ခဲ့သော ရက်ပိုင်းလောက်က တွေ့ရှိခဲ့ပါတယ်။
 
အသက် ၁၆နှစ်အရွယ် ပန်းအိဖြူ (အမည်ပြောင်း)ဟာ လွန်ခဲ့တဲ့တစ်လခန့်က သူမရဲ့ ခန္ဓာကိုယ်ကို စတင်ရောင်းချခဲ့ပါတယ်။
©UNICEF Myanmar/2015/Mariana Palavra

ယူနီဆက်၏ လုပ်ငန်းဆောင်တာများ
 
မည်သည့်အခြေအနေမျိုးတွင်မဆို ကလေးများကို လိင်ပိုင်းဆိုင်ရာအသုံးချခြင်းမှာ လက်ခံနိုင်ဖွယ်မရှိသော အခြေအနေမျိုးဖြစ်သည်။ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအရ ကလေး တစ်ဦးကို ပြည့်တန်ဆာအဖြစ် လက်ခံခြင်းမပြုစေရ၊ အသက် ၁၈ နှစ်အောက်အရွယ် ကလေးများအား လိင်ပိုင်ဆိုင်ရာ ရောင်းချခြင်းသည်  ခေါင်းပုံဖြတ် အမြတ်ထုတ် စော်ကားခြင်းပင်ဖြစ်သည်။ ထိုသို့ပြုမူခြင်းသည် ၄င်းတို့၏ ငယ်စဉ်ကလေးဘဝကိုသိမ်းယူကာ သူတို့အား HIV ပိုး ရရှိနိုင်သည့် အန္တရာယ် အတွင်းသို့ ပို့ဆောင်ခြင်းပင်ဖြစ်ပေသည်။

အစီရင်ခံစာအသစ်ဖြစ်သည့် “‘Adolescents: Under the Radar in the Asia-Pacific AIDS Response” အရ ယင်းဒေသတွင် မီးကောင်ပေါက်အရွယ်လူငယ်များသည်  မမြင်ရသော HIV  ရောဂါပိုးကူးစက်မှု အန္တရာယ်နှင့် ကြုံတွေ့နေရသည်။

UNICEF နှင့် UNAIDS တို့ အပါအဝင် “အန္တရာယ် ကျရောက်လွယ်သောလူငယ် ဦးတည်အုပ်စုအတွက် အာရှပစိဖိတ် Inter-Agency အလုပ်အဖွဲ့” မှ ထုတ်ဝေသည့် အစီရင်ခံစာအရ HIV ရောဂါကူးစက်မှုများမှာ သာမန်အားဖြင့် လျော့ကျနေပြီဖြစ်သော်လည်း မြီးကောင်ပေါက်အရွယ် ဆယ်ကျော်သက်များအကြားတွင် အန္တရာယ် မြင့်တက်လာနေကြောင်း ဖော်ပြထားသည်။

ခန့်မှန်းချက်များအရ ၂၀၁၄ခုနှစ်တွင် အသက် ၁၅ - ၁၉ နှစ်ကြားလူငယ်ထု အတွင်း  လူဦးရေ ၅၀၀၀၀ ကျော်မျှ HIV ပိုးကူးစက်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်အတွင်း စုစုပေါင်းကူးစက်မှုနှုန်း၏  ၁၅ ရာခိုင်နှုန်း ဖြစ်သည်။ ဒေသအတွင်း လူငယ် ၂၂၀,၀၀၀  သည် HIV ပိုး နှင့် အသက်ရှင်သန်လျက်ရှိပြီး  ထိုအထဲတွင် မြန်မာနိုင်ငံမှ ခန်မှန်းခြေ ၇,၇၀၀ ခန့် ပါဝင်လျက် ရှိပေသည်။ မြန်မာနိုင်ငံသည် အဆိုးရွားဆုံး ကူးဆက် ခံရသည့် နိုင်ငံများအထဲတွင် တခုအပါအဝင် ဖြစ်သည်။

အထူးသဖြင့် ကူးစက်ခံရသူလူငယ်များထဲတွင် လိင်လုပ်သား မိန်ကလေး ယောက်ျားလေးများသာမက အမျိုးသားချင်း လိင်တူဆက်ဆံသူများ၊ မူးယစ်ဆေးဝါး အကြောတွင်းထိုးသွင်းသော လူငယ်များနှင့် လိင် ကူးပြောင်း သူများလည်းပါဝင်သည်။ UNICEF မှ ဆယ်ကျော်သက်များ၏ ကျန်းမာရေးကို ကာကွယ် စောင့်ရှောက်ရန်အတွက် လုပ်ငန်းတာဝန်များကို သေချာစွာ ချိတ်ဆက်မိနိုင်စေရန်အတွက် အာရှပစိဖိတ် ဒေသတစ်လျှောက်ရှိ အစိုးရများနှင့်အတူ လက်တွဲ၍ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် UNICEF သည် အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့နှင့်အတူ ပူးပေါင်း၍ ဆယ်ကျော်သက်လူငယ်များ အနေဖြင့် အုပ်ထိန်း  သူတစ်ဦးထံမှခွင့်ပြုချက်မလို ဘဲ HIV ပိုး  စစ်ဆေးနိုင်ရန် ခွင့်ပြုသည့် မူဝါဒများ ပေါ်ပေါက်ရန်နှင့် အကောင်အထည်ဖေါ်ရန်အတွက် အပြင်  HIV ကြိုတင်ကာကွယ်ရေးနှင့် ကုသရေး ဝန်ဆောင်မူများ ကိုပိုမိုလက်လှမ်းမှီစေရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။

“HIV ကူးဆက်ခံရနိုင်ချေ မြင့်မားတဲ့ ဆယ်ကျော်သက်တွေ နဲ့ HIV ပိုးနဲ့ အသက်ရှင်သန်နေသူ လူငယ်တွေ အကြားမှာ သေဆုံးမှုနှုန်းမြင့်မားနေခြင်း တို့ကို ကာကွယ်တားဆီးရေးနှင့် ကုသမှုများအတွက် အမျိုးသား ရေးဆိုင်ရာမူဝါဒများ ပေါ်ပေါက်ရန်နှင့် အကောင်အထည်ဖေါ် လုပ်ဆောင်ရန် ဦးစားပေး လုပ်ကိုင်ရမှာ ဖြစ်ပါတယ်" ဟု ယူနီဆက်ဖ်မြန်မာ HIV/AIDS Specialist  ဒေါ်ပပ၀င်းထင်ကပြောပါတယ်။ “ကျွန်မတို့ဟာ ဆယ်ကျော်သက်တွေအတွက် လိုအပ်ချက်တွေကို အစိုးရအနေဖြင့် တုန့်ပြန်ဖြေရှင်းပေးနိုင်တာတွေကို ပိုမိုခိုင်မာစေဖို့နဲ့ သူတို့အမှန်တကယ်လိုအပ်တာတွေ ပြည့်ဝစေဖို့ ကူညီပံ့ပိုး ဆောင်ရွက်ပေးနေပါတယ်"။

ကူးစက်မြှုဖစ်ပွားနိုင်ချေများသော လူငယ်များအကြား HIV ကူးစက်နိုင်မှုနှင့် စစ်ဆေးမှုများကို မြှင့်တင်ရန် အတွက် အသိပညာပေးနိုင်သော တေးဂီတဗွီဒီယိုများ ထုတ်လုပ်ခြင်းသည်လည်း ကြိုးပမ်းအားထုတ်မှု၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ပေသည်။ ထို့အပြင် HIV စစ်ဆေးမှုများ မြှင့်တင်လာနိုင်ရန်နှင့် မြီးကောင်ပေါက် အရွယ် ဆယ်ကျော်သက်များအတွက် ဦးတည်လုပ်ဆောင်သည့် HIV စစ်ဆေးခြင်း လှုပ်ရှားမှုများသည် ထိုလူငယ်များ အများဆုံး စုဝေးလာရောက်နိုင်သည့် ပွဲတော်များနှင့် အခြား အခမ်းအနားများတွင် စစ်ဆေး မှုများပြုလုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနအား ကူညီပံ့ပိုးလျက်ရှိသည်။

အရည်အသွေးရှိ စောင့်ရှောက်ရေးနှင့် ကုမှုများပေးရန်အတွက် မကြာမှီအချိန်တွင် ကျန်းမာရေးဝန်ထမ်း များမှ လူငယ်များအား နှစ်သိမ့်ဆွေးနွေး ပညာပေးသင်တန်းများ ပေးခြင်းကို ပေးသွားမည်ဖြစ်သည်။ အချုပ်အားဖြင့် လူနာဆေးမှတ်တမ်းနှင့် ကုသမှုမှတ်တမ်းများကို အထောက်ကူပြုမည့် အီလက်ထရောနစ် လူနာစောင့်ရှောက်မှုစနစ်သည်လည်း ဆေးရုံ ၃ ရုံတွင် စမ်းသပ်အဆင့်ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။
 
ဆက်လက်၍

လွန်ခဲ့သော တစ်နှစ်ခန့်က ၀တ်ရည်၏ ဖခင်မှာ ဆုံးပါးသွားပြီဖြစ်သော်လည်း သူမကတော့ ညစဉ် ညတိုင်းပင် ခန္ဓာကိုယ် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင် နေရဆဲပင်ဖြစ်သည်။ “ကျွန်မ အမကြီးတွေနဲ့တွေ့ပြီးနောက်ပိုင်းမှာ ကွန်ဒုံးမပါပဲ လိင်ဆက်ဆံတာ မလုပ်တော့ဘူး။ ဒီက ညီမလေးတွေကိုလည်း HIV နဲ့ လိင်မှတဆင့် ကူးဆက်စေတတ်တဲ့ ရောဂါပိုးတွေအကြောင်း နားလည်အောင် ရှင်းပြပေးတယ်” လို့ သူမက ပြောပါတယ်။ “ကျွန်မအိမ်နဲ့ ပတ်ဝန်းကျင်ကလူတွေကို ပြည့်တန်ဆာဘ၀ထဲ မရောက်သွားအောင် ကလေး တွေကို လုံခြုံအောင် ဘယ်လိုထားရမလဲဆိုတာ ကျွန်မပြောပြပါတယ်။ သူတို့ကို ဒီလိုဘ၀မျိုး မရောက် စေချင်ဘူး ဒါကြောင့်လည်း ဒီလိုပြောပြရတာပေါ့”

ဝတ်ရည်ဟာ ဒီလိုဘ၀မျိုးနဲ့နောက် ကြာရှည်မနေချင်ပါပေ။ သူဟာ စက်ချုပ်ပညာသင်ယူနိုင်ဖို့ ပိုက်ဆံစု နေပါတယ်။ “ကျွန်မ အိမ်မှာ ဆိုင်သေးလေးတစ်ခုဖွင့်နိုင်ဖို့အတွက် စက်ချုပ်ပညာသင်ယူချင်ပါတယ်” လို့ ပြုံးပြုံးကြီးပြောပါတယ်။ “ကျွန်မ အင်္ကျီလှလှလေးတွေ သူများတွေ ၀တ်စေချင်တယ်။ အင်္ကျီလှလှလေး တွေကို မောင်လေးတွေ ညီမလေးတွေကိုချုပ်ပေးမယ်။ နောက်ပြီးတော့ ကျွန်မအတွက်ရောပေါ့ …….”
 

No comments:

Post a Comment