Tuesday, December 22, 2015

အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်အခွင့်အရေးများနေ့….ကတိကဝတ်များမှသည် လက်တွေ့ဆောင်ရွက်ချက်များဆီသို့

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းဝင် အထွေထွေ ရွေးကောက်ပွဲကြီး မပြုလုပ်မှီ ယူနီဆက်အနေဖြင့် “ရွေးကောက်ပွဲတွင် အောင်နိုင်မည့်သူသည် ကလေး သူငယ်များ ဖြစ်စေဖို့တောင်းဆိုကြပါစို့” ဟူသည့် ခေါင်းစဉ်ဖြင့် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအနေဖြင့် ကလေးသူငယ်များ၏ ဘဝအစကောင်းစေရန် ကလေးသူငယ်များအရေး ဦးစားပေးရန် စည်းရုံး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါသည်။ 
၂၀၁၅ ခုနှစ် ဇူလိုင်လမှ နိုဝင်ဘာလအတွင်း ယူနီဆက်အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ the NGOs Child Right Working Group (NCRWG) အဖွဲ့တို့နှင့် ပူးပေါင်းပြီး အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ (၉၁) ပါတီမှ ပါတီခေါင်းဆောင်များနှင့် ကိုယ်စားလှယ် လောင်းများအား ကလေးသူငယ်များအတွက် ရင်းနှီးမြှပ်နှံမှုများ တိုးမြှင့်ပေးရန်၊ နိုင်ငံရေး ပါတီများ၏ မူဝါဒများတွင် ထည့်သွင်းပေးပါရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ ကြေငြာစာတမ်းများတွင် ကလေးသူငယ်များအရေး ကတိကဝတ်များပြုပေးပါရန် တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။

ယူနီဆက်၊ Save the Children နှင့် NCRWG အဖွဲ့တို့အနေဖြင့် စည်းရုံးလှုပ်ရှားမှု လုပ်ငန်းစဉ် တစ်လျှောက်လုံး ကလေးသူငယ်များနှင့် မိသားစုများ၏ ဘဝ တိုးတက်ကောင်းမွန်လာစေရန် လိုအပ်သည့် မူဝါဒများ ပြောင်းလဲပေးရန် အစဉ်တစိုက် ဖေါ်ပြခဲ့ပါသည်။ နိုင်ငံတော်အစိုးရ၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ပညာရေး၊ ကျန်းမာရေးနှင့် လူမူဖူလုံရေးအတွက် ဘဏ္ဍာငွေကို ၉% မှ ၁၅% အထိ တိုးမြှင့်သုံးစွဲပေးရန်၊ ကလေးသူငယ်များအတွက် အကျိုးဖြစ်ထွန်းစေမည့် မကြာမှီက ချမှတ်လုပ်ဆောင်ခဲ့သည့် မူဘောင်များကို အပြည့်အဝ အကောင်အထည်ဖေါ်ပေးရန်နှင့် ကလေးသူငယ်များအတွက် ပြတ်သားသော ရည်မှန်းချက်အသစ်များ ချမှတ်လုပ်ဆောင်ပေးရန် ဖေါ်ပြခဲ့ပါသည်။
 
ယူနီဆက်အနေဖြင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များအား ၎င်းတို့ပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ ကြေငြာစာတမ်းများတွင် ကလေးသူငယ်များအရေး ရှေ့တန်းတင်ပေးရန် အစဉ်တစိုက် တိုက်တွန်းခဲ့ပါသည်။ “ရွေးကောက်ပွဲတွင် အောင်နိုင်မည့်သူသည် ကလေးသူငယ်များ ဖြစ်စေဖို့တောင်းဆိုကြပါစို့” ခေါင်းစဉ်ဖြင့် စည်းရုံးလှုပ်ရှားမှု၏ ရလာဒ်အဖြစ် နိုင်ငံရေးပါတီ (၃၇) ပါတီမှ ၎င်းတို့၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများတွင် ကလေးသူငယ်များအတွက် ပညာရေး၊ ကျန်းမာရေး၊ အာဟာရ၊ လူမှုဖူလုံရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ထည့်သွင်းဖေါ်ပြခဲ့ကြပါသည်။ ထိုပါတီ များသည်လည်း နောင်လာမည့် လွှတ်တော်နေရာများအတွက် အများစုအနိုင်ရရှိခဲ့ကြပါသည်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ (၂၀) ရက်နေ့တွင် ယူနီဆက် နှင့် NCRWG အဖွဲ့တို့ပူးပေါင်းပြီး “ကတိကဝတ် များမှသည် လက်တွေ့ဆောင်ရွက်ချက်များဆီသို့” ဟူသည့်ခေါင်းစဉ်ဖြင့် နောက်ဆက်တွဲ ဖိုရမ်တစ်ခုကို အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းဖိုရမ်သည် အထွေထွေရွေး ကောက်ပွဲတွင် အနိုင်ရခဲ့ကြသည့် မြန်မာ့ ခေါင်းဆောင်သစ်များနှင့်အတူ NCRWG မှ ကလေးသူငယ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူများ အတူတကွ တက်ရောက်ကြပြီး ရွေးကောက်ပွဲကာလတွင် ပြုခဲ့သည့် ကလေးသူငယ်များအရေး ကတိကဝတ်များမှသည် ကလေးသူငယ်များ၏ဘဝ အစကောင်းစေရန် လက်တွေ့ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် အနာဂတ်ခေါင်းဆောင်များအတွက် နောင်လာမည့် လွှတ်တော်များတွင် ကလေးသူငယ်များနှင့်ဆိုင်သည့် ချန်ပီယံများဖြစ်စေဖို့ စည်းရုံးလှုံ့ဆော်ရန် အကောင်း ဆုံးအချိန် ဖြစ်ခဲ့ပါသည်။ ယူနီဆက်သည် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြသည့် လွှတ်တော် ကိုယ်စားလောင်းများအနေဖြင့် ကတိကဝတ်များမှသည် ကလေးသူငယ်များ အကျိုးဖြစ်ထွန်းစေမည့် လက်တွေ့ ဆောင်ရွက်ချက်များ လုပ်ဆောင်နိုင်ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
 

©UNICEF Myanmar/Save the children/2015
အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်အရေးများ အထိမ်းအမှတ်နေ့တွင် ယူနီဆက်မြန်မာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Bertrand Bainvel မှ မြန်မာနိုင်ငံတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံသဘောတူစာချုပ်ကို အသုံးပြုပြီး ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို မီးမောင်းထိုးဖေါ်ပြခဲ့ပါသည်။
©UNICEF Myanmar/Save the children/2015
ကလေးသူငယ်များ၏ ဘဝအစကောင်းစေဖို့ နောင်လာမည့် ၅ နှစ်သက်တမ်းတွင် မည့်ကဲ့သို့လုပ်ဆောင်နိုင်မည်ကို  ဆွေးနွေးပွဲဖိုရမ်သို့ တက်ရောက်လာသည့် မြန်မာ့ အနာဂတ်ခေါင်းဆောင်များနှင့် ကလေးသူငယ်များအတူတကွ ဆွေးနွေးခဲ့ကြပါသည်။ 
 
©UNICEF Myanmar/Save the children/2015
နောင်လာမည့် သက်တမ်း ၅ နှစ်တွင် ဆောင်ရွက်နိုင်မည့် ကတိကဝတ်များကို နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၄၀ ခန့် မှ ကတိကဝတ်ပြု ပေးခဲ့ကြပါသည်။

©UNICEF Myanmar/Save the children/2015
ကလေးငယ်များ၏ သရုပ်ဖေါ် ပြဇာတ်များတွင် ကတိကဝတ်များမှသည် လက်တွေ့ဆောင်ရွက်ချက်များဆီသို့ ရောက်ရှိစေရန် မြန်မာ့ ခေါင်းဆောင်သစ်များအား တိုက်တွန်းခဲ့ကြပါသည်။ ဥပမာအနေဖြင့် ပြည်တွင်းရေး လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ပေးဖို့ တောင်းဆိုခဲ့ကြပါသည်။

©UNICEF Myanmar/Save the children/2015
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်မှ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်အရေးများနေ့ အထိမ်းအမှတ် အမှာစကားပြောကြားခဲ့ပါသည်။

©UNICEF Myanmar/Save the children/2015
ယင်းဆွေးနွေးပွဲဖိုရမ်တွင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများမှ သူတို့လုပ်ဆောင်ပေးနိုင်မည့်အရာများကို ဆွေးနွေးခွင့် ရရှိခဲ့ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ဇော်လင်းမှ ကလေးသူငယ်များအတွက် အနာဂတ် အစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။


©UNICEF Myanmar/Save the children/2015
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ကလေးသူငယ်များ ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပါသည်။ 

©UNICEF Myanmar/Save the children/2015
အိမ်မက်ဆုံရာအစီအစဉ်မှ အဆိုတော် စဖောင်း မှ ငြိမ်းချမ်းရေးတေးသီချင်းတစ်ပုဒ်ဖြင့် ပါဝင်သီဆိုဖျော်ဖြေခဲ့ပါသည်။

©UNICEF Myanmar/Save the children/2015
NCRWG အဖွဲ့ဝင်များနှင့် ကလေးသူငယ်များ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ 

No comments:

Post a Comment