Friday, June 24, 2016

ပထမတန်းစားရလဒ်ကို ရရှိစေတဲ့ ဒုတိယပညာရေးအခွင့်အလမ်း

ကျော်လွင်လတ်နှင့် ဒီရက်ဒရီနော့တန် ရေးသားသည်


ရန်ကုန်၊ မြန်မာ - ကျော်ဇော်မိုးသည် ၎င်း၏ ရှပ်အင်္ကျီကို ဆွဲဆန့်ကာ လှေခါးအောက်ဆုံးအဆင့်တွင် ခေါင်းကို တလေးတစားငုံ့ကာ ရန်ကုန်ပညာရေးတက္ကသိုလ်၊ သင်ကြားရေး အဆောက်အအုံရှိ စတိတ်စင် ပေါ်သို့ ရို့ရို့ကျိုးကျိုး၊ ကျေကျေနပ်နပ်ဖြင့် တက်လာခဲ့သည်။ ပရိသတ်ကြီးက နှစ်ထောင်းအားရ လက်ခုပ်သြဘာတီးကာ ၎င်း၏ ထူးကဲသော အောင်မြင်မှုကို ဂုဏ်ယူကြောင်း ဖော်ပြကြသည်။ ယင်းလက်ခုပ်သံမှာ ကျော်ဇော်မိုးအား စစ်တွေကျောင်းတွင် အားပေးကူညီခဲ့သော ဆရာမဆီမှသာမက၊ အလွတ်သင် မူလတန်းပညာရေးကွန်ရက်မှ ဆရာဆရာမများ၊ ပညာရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့် ပရိသတ်အားလုံးဆီမှ လာခြင်းဖြစ်သည်။ ကျောင်းမှ ထွက်ခဲ့ရသည့် ၎င်းအတွက် ယူနီဆက်ဖ်၏ အရည်အသွေးရှိ အခြေခံပညာရေးအစီအစဉ် (QBEP) က ပံ့ပိုးပေးသော အလွတ်သင် မူလတန်းပညာရေး(NFPE)ကို ဝင်ရောက်သည့်အခါတွင် ပညာရေးအတွက် ဒုတိယ အခွင့်အလမ်း ရရှိခဲ့သည်။

©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ ဒီရက်ဒရီနော့တန်

ကျော်ဇော်မိုးမှာ ၎င်း၏ မိသားစုဝင်များ သို့မဟုတ် အတန်းဖော်များ မရရှိခဲ့ဖူးသော အောင်မြင်မှုကို ရရှိခဲ့သည်။ ၎င်းမှာ NFPE ပရိုဂရမ်ကို ၂ နှစ်တက်ခဲ့ပြီး ယင်းအောင်လက်မှတ်ဖြင့် အစိုးရ ကျောင်းတွင် ပြန်တက်နိုင်ခဲ့ကာ ယခုနှစ်တွင်ပင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ သည်။ ၎င်းမှာ ယင်းသို့ လုပ်နိုင်သော ပထမဆုံး NEPE ကျောင်းသား ဖြစ်သည်။

ယင်းအခြေအနေသို့ မရောက်မီ လွန်ခဲ့သော ၈နှစ်၊ ၂၀၀၈ခုနှစ်က ၎င်းမှာ မူလတန်းကျောင်းကို စတက်ရုံ သာ ရှိသေးသည်။ ဖခင်ဖြစ်သူက လက်သမား၊ မိခင်က မှီခိုဖြစ်ပြီး ၎င်းတို့မိသားစုတွင် ဆင်းရဲခြင်းက တွယ်ကပ်နေခဲ့သည်။ ကျော်ဇော်မိုး၏ မိဘများမှာ ၎င်းကို ကျောင်းဆက်ထားဖို့ မတတ်နိုင်တော့ကြောင်း ပြောဆိုရန် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရသည်။ “ကျွန်တော် သူငယ်တန်းတုန်းက ကျွန်တော့်အစ်ကိုက ၁၀ တန်း။ ကျွန်တော့်အမေက ကျွန်တော်တို့ အားလုံးကို ကျောင်းထားပေးဖို့ မတတ်နိုင်လို့ ကျွန်တော့်ကို ကျောင်းထွက်ဖို့ ပြောတယ်” ဟု ကျော်ဇော်မိုးက ပြန်ပြောပြသည်။ ၎င်း၏ အစ်ကိုကိုမူ ကျောင်းဆက်ထားဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ကျော်ဇော်မိုးမှာ ကလေး ၄ ဦးထဲတွင် ပါဝင်ပြီး ထွန်းသာစိန် (၂၂ နှစ်)၊ ဇော်ခိုင်မိုး (၁၉ နှစ်)၊ အေးမီစိုး (၁၄) နှစ်နှင့် ၎င်းကိုယ်တိုင် ဖြစ်သည်။


©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ ဒီရက်ဒရီနော့တန်

သို့သော် စစ်တွေတွင် ကျော်ဇော်မိုး တက်ရောက်သည့် အမှတ်(၉) အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာမတစ်ဦးမှာ NFPE မူလတန်းကျောင်းဆရာမဟောင်းတစ်ဦးဖြစ်ပြီး ၎င်းက ကျော်ဇော်မိုး ကျောင်း ပျက်ကွက်သည်ကို သတိထားမိပြီး စိတ်ပူပင်ခဲ့သည်။ “ပညာရေးအတွက် ဒုတိယအခွင့်အလမ်းအဖြစ် NFPE ကို သူ့မိဘတွေနဲ့ သူ့ကို သွားဖို့ အားပေးခဲ့ တယ်” ဟု ဒေါ်ရီရီနိုင်က ပြောပြသည်။ ယင်းနောက် မကြာမီတွင် ကျော်ဇော်မိုးမှာ ယူနီဆက်ဖ်မှတဆင့် QBEP အလှူရှင်များ ပံ့ပိုးကူညီနေသော NFPE ၏ သူငယ်တန်းတွင် စတင်တက်ရောက်ခဲ့သည်။

ဒေါ်ရီရီနိုင်က ကျောင်းဆရာမအသစ်အဖြစ် ရှက်ရွံ့ခဲ့သည်မှအစ NFPE အား ထောက်ခံ ပြောကြားသူအဖြစ် လုပ်ကိုင်ခဲ့သည်အဆုံး ၎င်း၏ ဇာတ်လမ်းကို ပြောပြသည်။ “ကျွန်မ NFPE မှာ စာစသင်တော့ ချို့တဲ့လွန်းတဲ့ မိသားစုတွေက လာတဲ့ ကလေးငယ်တွေနဲ့တွေ့ရတယ်။ အတန်းထဲမှာ သူတို့တွေ စိတ် သက်သောင့် သက်သာ ဖြစ်အောင် ဘယ်လိုလုပ်ရမလဲတောင် ကျွန်မ မသိခဲ့ဘူး။ သူတို့တွေ ရှက်ရွံ့ပြီး မျှော်လင့်ချက် ပျောက်နေသလို ခံစားရတာ ကျွန်မ သတိထားမိတယ်” ဒါပေမဲ့ အခြေအနေက တဖြည်းဖြည်း ပြောင်းလဲ သွားခဲ့သည်။ “သူတို့နဲ့ ထိတွေ့မှု များလာလေလေ သူတို့ရဲ့ဘဝနဲ့ အခြေအနေကို နားလည်လာလေပဲ။ သူတို့တွေ သင်ခန်းစာတွေကို ထိထိရောက်ရောက် သင်ယူနိုင်ဖို့အတွက် ကျွန်မ ပံ့ပိုးပေးနိုင်ခဲ့တယ်” ဟု ၎င်းက ဆက်ပြောခဲ့သည်။

ကျော်ဇော်မိုးအတွက် NFPE က ယခင်ဘယ်မှာမှမရှိခဲ့ဖူးသော စာသင်ယူရင်း ငွေရရှိမည့် နည်းလမ်းကို ဖန်တီးပေးခဲ့သည်။ ကြိုက်ရာအချိန်ရွေးချယ်နိုင်သော စာသင်ကြားနည်းစနစ်ကြောင့် ၎င်းမှာ မိခင်အား အိမ်မှုကိစ္စကူညီ၊ အလုပ်လုပ်ကိုင်ပြီးနောက် ညနေ ၆နာရီမှ ၈နာရီခွဲအထိ စာသင်ကြားခဲ့သည်။ NFPE တွင် အပတ်တကုတ် လေ့လာသင်ယူပြီးနောက် ၎င်း၏ အိပ်မက် ဖြစ်သော ကျောင်းပြန်တက်နိုင်ဖို့အတွက်လည်း ငွေကြေးအနည်းငယ် စုဆောင်းနိုင်ခဲ့သည်။

ကျော်ဇော်မိုးမှာ အလယ်တန်းနှင့် အထက်တန်းကို စစ်တွေမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်သင်ယူခဲ့သည်။ ၎င်းမှာ ယင်းအခွင့်အလမ်းကို အပြည့်အဝ အသုံးချပြီး ကိုယ်တိုင်လည်း ကြိုးစားခဲ့သည်။ ၎င်း၏ ကြိုးစားမှုနှင့် ဇွဲလုံ့လကြောင့် အတန်းထဲတွင် ထိပ်ဆုံး၌ အမြဲရှိနေခဲ့သည်။ “ဆရာ၊ ဆရာမတွေကိုလည်း ချစ်ခင်လေးစားတတ်ခဲ့တယ်။ အခု သူတို့ကို စံထားလောက်တဲ့ သူတွေအဖြစ် မြင်တယ်။ စာသင်ခြင်းက အရမ်းကို မြင့်မြတ်တဲ့အလုပ်ဆိုတာ ကျွန်တော်သိသွားပြီ” ဟု ကျော်ဇော်မိုးက ပြောခဲ့သည်။

ဒေါ်ရီရီမှာလည်း ထပ်တူထပ်မျှ ဂုဏ်ယူလျက်ရှိသည်။ ကျော်ဇော်မိုးမှာ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း ပထမဆုံး အောင်မြင်သော NFPE ကျောင်းသားဖြစ်သည်။ “NFPE ပရိုဂရမ်က အရည်အသွေး အာမခံချက် ရှိတယ်ဆိုတာကို ပြသလိုက်တာပါပဲ။ ကျွန်မ တက္ကသိုလ်ဝင်တန်း အောင်ခဲ့တုန်းက ထက်တောင် ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ကျောင်းသားတွေက ကျွန်မလို မိသားစုရဲ့ အပြည့်အဝ ပံ့ပိုးမှုမရခဲ့ဘဲ စိန်ခေါ်မှုတွေ အများကြီးကို ကျော်လွှားခဲ့ရလို့ပါ” ဟု ၎င်းက ပြောခဲ့သည်။

NFPE မှာ အကြောင်းအမျိုးမျိုးကြောင့် အစိုးရပညာသင်ကျောင်းမှ နှုတ်ထွက်ခဲ့ရသော အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း ကလေးငယ်များကို ပညာရေးဆိုင်ရာ ဒုတိယအခွင့်အလမ်းပေးသည်။

“၂၀၁၂ ခုနှစ် QBEP ကို စတင်လိုက်ကတည်းက ပညာရေးဆိုင်ရာ ဒုတိယအခွင့်အလမ်းဟာ အပစ်ပယ်ခံရဆုံးနဲ့ အားနည်းချက်ရှိတဲ့ ကလေးငယ်တွေအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အဓိက ကြားဝင် ဆောင်ရွက်ပေးတဲ့ နယ်ပယ်တစ်ခု ဖြစ်လာခဲ့တယ်။ ၂၀၁၄ နဲ့ ၂၀၁၅ နှစ်နှစ်အတွင်းမှာတင်ပဲ မြန်မာနိုင်ငံအတွင်းက ၈၉ မြို့နယ်မှာ ကျောင်းသား ၂၁,၀၀၀ ကျော်ကို NFPE မှာ ကျောင်းတက်နိုင်အောင် QBEP က ပံ့ပိုးပေးခဲ့တယ်။ အဲဒ်ီထဲက ၄၃ ရာခိုင်နှုန်းက မိန်းကလေးတွေ ဖြစ်တယ်” ဟု ယူနီဆက်ဖ်၏ ပညာရေးဆိုင်ရာ အကြီးအကဲ မစ်ဆုယူအယ်မူရာက ပြောသည်။ ထို့အပြင် QBEP က ချို့ငဲ့သော ကလေးငယ်များအား သင်ပြပေးရန်လိုအပ်သည့် ကျွမ်းကျင်မှုများနှင့် ဗဟုသုတများကို NFPE ပံ့ပိုးကူညီသူ ၁,၂၀၀ ကျော်အား လေ့ကျင့်ပေးခဲ့သည်။ လက်ရှိ ဆရာ၊ ဆရာမများကို ဉာဏ်သစ်လောင်းသင်တန်းများ ပေးနေပြီး ပုံပြင်စာအုပ်များကို တိုင်းရင်းသားဘာသာ ၅ ဘာသာဖြင့် ဘာသာပြန်ပြီး အုပ်ရေ ၂၅,၀၀၀ ထုတ်ခဲ့ကာ NFPE ကျောင်းသား ၃၅ ယောက်ကို ၎င်းတို့၏ အတွေ့အကြုံများ၊ စိန်ခေါ်မှုများနှင့် ဘဝများကို ဗီဒိယို ဖန်တီးကာ တစ်မိနစ်စာ ဗီဒိယိုများ ပြုလုပ်ရန် ကူညီပံ့ပိုးသည်။

ယခု ကျော်ဇော်မိုးက စံနမူနာတစ်ခု ဖြစ်ချင်သည်ဟု ဆိုသည်။ “ကျောင်းထွက်ရတဲ့ အခြား ကလေးတွေ အတွက် ကျွန်တော်က စိတ်ဓာတ်ခွန်အား ပေးလိုက်သလိုပါပဲ။ ကျောင်းသားတချို့အတွက် ဘယ်လောက်တောင် ရုန်းကန်ကြိုးစားရမယ်ဆိုတာ ကျွန်တော်မြင်တယ်။ သူတို့လည်း လုပ်နိုင်တယ် ဆိုတာကို ကျွန်တော်ပြချင်တာပါ” ဟု ၎င်းက ပြောသည်။ “ဒါက အခွင့်အလမ်းတစ်ခုပါ။ ဆန္ဒရှိရင် လုပ်နိုင်ပါတယ်။ ကိုယ့်ရဲ့အိပ်မက်တွေ အမှန်တကယ် ဖြစ်မြောက်လာအောင် လုပ်နိုင်တယ်။ ဇွဲနဲ့ ကြိုးစားရင် အသိအမှတ်ပြုခံရနိုင်ပါတယ်။ မင်းတို့ချည်းပဲရှိတာမဟုတ်ပါဘူး။ ပြဿနာတွေ ကြုံတွေ့နေရတဲ့ ကျောင်းသားတွေ အများကြီးရှိတယ်။ ဒါဟာ အဲဒီပြဿနာတွေကို ဖြေရှင်းရာမှာ ကူညီပေးမယ့် နည်းလမ်းတစ်ခုပါ” ဟု ၎င်းက စကားကို အဆုံးသတ်ခဲ့သည်။

ပြီးပါပြီ
ကလေးငယ်များအတွက် အဆင့်အတန်းမီကျောင်း အရန်သင့်ရှိစေခြင်းနှင့် မူလတန်းအဆင့် ပညာရေး သင်ယူရရှိနိုင်မှု တိုးတက်စေရန်အတွက် QBEPက မြန်မာအစိုးရကို အထောက်အပံ့ပေးရန် ရည်ရွယ်သည်။ QBEPကို သြစတြေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ နော်ဝေးနှင့် ဗြိတိန်တို့ ပါဝင်သည့် အလှူရှင် ပေါင်းစုံ ပညာရေးရန်ပုံငွေ (MDEF) နှင့် UNICEF က မြန်မာအစိုးရနှင့် ပူးပေါင်းကာ ပံ့ပိုးကူညီထားသည်။

No comments:

Post a Comment