Tuesday, March 1, 2016

မြန်မာနိုင်ငံတွင် ပိုလီယိုရောဂါတိုက်ဖျက်ခြင်း - နှလုံးသားများနှင့် အတွေးများကို ပြောင်းလဲနိုင်သော ဖခင်တစ်ယောက်၏ ပါဝင်ဆောင်ရွက်မှု

လိုင်လာအက်ဘရာနှင့် မာရီရာနာ ပယ်လက်ဗရာ ရေးသားသည်
 
မောင်းတောမြို့၊ ရခိုင်ပြည်နယ်၊ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ - ကလေး ၇ ဦး၏ ဖခင် ကိုလီမူလာတစ်ယောက် ၂၀၁၅ခုနှစ် အောက်တိုဘာလအတွင်းက နေ့ရက်တွေကို ဘယ်သောအခါမှ မေ့တော့မည် မဟုတ်ပေ။ ၎င်း၏ အငယ်ဆုံး ကလေးဖြစ်သော ၁၇ လသား ဂျက်ရှာအာရာဖက်မှာ နေမကောင်းဖြစ်၍ ဆေးရုံတွင် အကြိမ်ကြိမ်သွားပြပြီး ဆေးကုသမှု ခံယူခဲ့သည့်တိုင် ကလေးမှာ ပြန်ပြန်၍ နေမကောင်းဖြစ်နေခဲ့သည်။

 “တစ်နေ့ ကျွန်တော့်မိဘတွေရဲ့ ရွာက အလှူတစ်ခုက အပြန်မှာသားက မတ်တပ်ရပ်ဖို့ ကြိုးစားကြည့်တိုင်း ပြန်ပြန်လဲကျနေတယ်” ဟု အသက် ၄၃ နှစ်အရွယ် ဖခင်ကြီးက ပြန်ပြောင်းပြောပြသည်။
 
ကလေးမှာပို၍ အားနည်းလာပြီး မတ်တပ်ပင် မရပ်နိုင်တော့သည့် အခြေအနေသို့ ရောက်လာသည့် အခါတွင် ဆေးရုံတင်လိုက်ရသည်။ ဆေးစစ်ပြီးသည့်နောက် ဆေးစစ်တမ်းမှာ တစ်လအကြာ အောက်တိုဘာလ ထဲတွင် ရရှိခဲ့သည်။

“ကလေးက ပိုလီယိုဖြစ်တာလို့ ဆရာဝန်တွေက ပြောတယ်။ အဲဒီအချိန်မှာ အရမ်းခံစားရပြီး စိတ်တွေရှုပ်ထွေး သွားတယ်။ ကိုယ့်ကိုကိုယ်လည်း လုံးဝအသုံးမကျတဲ့သူတစ်ယောက်လို ခံစားရတယ်” ဟု ကိုလီမူလာက ပြောသည်။
©UNICEF Myanmar/2016/Thiha Tun
 
၂၀၁၅ ခုနှစ်၌ မောင်းတောမြို့တွင် ကာကွယ်ဆေးမှ အသွင်ပြောင်းလာသည့် vaccine-derived polio virus (VDPV) အသွင်ပြောင်း ပိုလီယို ရောဂါတစ်မျိုး ကူးစက်မှုဖြစ်ပွားကြောင်း သိရသည့် ကလေး နှစ်ဦးတွင် ဂျက်ရှာအာရာဖက်မှာ တစ်ဦးဖြစ်သည်။ ကာကွယ်ဆေးထိုး/တိုက်ကျွေးခြင်း လွှမ်းခြုံနိုင်မှု နည်းပါးခြင်း၏ ရလဒ်အဖြစ် ယင်းသို့သော ဖြစ်ရပ်များ ထွက်ပေါ်လာခြင်းဖြစ်ရာ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းက ကာကွယ်ဆေးထိုး/တိုက်ကျွေးခြင်း လွှမ်းခြုံနိုင်မှုမှာ ၈၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိသည်။ အမှန်တကယ်မူ ယင်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ပိုလီယိုဆေး ၃ ကြိမ်တိုက်ကျွေးမှု ရရှိခဲ့သည့် ကလေးငယ် ၂၇ ရာခိုင်နှုန်းသာ ရှိသည်။
 
ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးခြင်း ဝန်ဆောင်မှုများ ပြုလုပ်ရခြင်းမှာ မြန်မာ့ကျန်းမာရေးစနစ် အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး အထူးသဖြင့် သွားရောက်ရန် ခက်ခဲသော ဒေသများဖြစ်သည်။ ရလဒ်အဖြစ် ကလေးငယ်များကို ကူးစက်ရောဂါပိုးများမှ ကာကွယ်ပေးနိုင်မှု လျော့နည်းစေသည်။ မူစလင်လူမျိုးများ အများစုနေထိုင်ရာ မောင်းတောမြို့တွင် ဘာသာစကားနှင့် ယဉ်ကျေးမှု အတားအဆီးများလည်း ရှိသေးရာ ရပ်ရွာနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များကြား ကင်းကွာမှုကို ပိုမိုမြင့်မား စေသည်။ ၂၀၁၂ ခုနှစ်၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးစုများကြား ပဋိပက္ခမှာလည်း ယင်းဒေသသို့ သွားရောက်ရန် ပိုမိုခက်ခဲစေပြီး ရလဒ်အဖြစ် အသိုင်းအဝိုင်းအားလုံးမှ ကလေးငယ်များ အားလုံးအတွက် အန္တရာယ် ပိုမိုမြင့်မားရသည်။

“တုံ့ပြန်မှုအဖြစ် ဒေသတွင်း ကူးစက်ပြန့်ပွားမှုကို ရပ်တန့်ဖို့နဲ့ နောက်ထပ် ပြန့်ပွားမှုမရှိအောင် ကာကွယ်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ဒီဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ အထိရောက်ဆုံး နည်းလမ်းကတော့ အကြမ်းဖက်မှုဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်တဲ့ ကလေးငယ်တွေ အပါအဝင် ကလေးငယ်အားလုံးရဲ့ ခုခံစွမ်းအားကို ပုံမှန် ကာကွယ်ဆေးထိုးခြင်းကနေ တစ်ဆင့် တိုးမြှင့်ပေးဖို့ပါပဲ” ဟု ယူနီဆက်ဖ်၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် ဘာထရန် ဘိန်ဗယ်လ်က ပြောသည်။

အသက် ၅ နှစ်အောက် ကလေးငယ် ၄.၆ သန်းကို ရည်ရွယ်လျက် မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ စလုံး တွင် ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးရေး စည်းရုံးဆောင်ရွက်မှုများကို ဆောင်ရွက်ရန် ကျန်းမာရေး ဝန်ကြီးဌာနအား ယူနီဆက်ဖ်နှင့် ဒဗလျူအိတ်ခ်ျအို(WHO) က ကူညီပံ့ပိုးပေးလျက်ရှိသည်။ အဆိုပါ ဆောင်ရွက်မှု၏ ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ပြုလုပ်သော ပထမ သုံးကြိမ်သည် ရခိုင်၊ ချင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီအတွင်းရှိ အန္တရာယ်မြင့်မားသော မြို့နယ် ၂၂ မြို့နယ်ရှိ ကလေးများကို ရည်ရွယ်ပြုလုပ်သည်။ ထို့အပြင် တစ်နိုင်ငံလုံးဆိုင်ရာ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမှုကို နိုင်ငံအနှံ့တွင် ဖေဖော်ဝါရီလ ၂၀ရက်မှ စတင် ပြုလုပ်မည်ဖြစ်သည်။
 
“ကာကွယ်နိုင်ပြီး အင်အားလျော့အောင် ပြုလုပ်နိုင်တဲ့ ရောဂါအားလုံးကနေ ကလေးငယ်များကို ကာကွယ်ပေးဖို့ ခန္ဓာကိုယ်တွင်း ရောဂါဖြစ်စေတဲ့ ပဋိဇာတ်အားလုံးကို ကာကွယ်မှုတွေ ချဲ့ထွင် ဖို့အတွက် အစိုးရကို ယူနီဆက်ဖ်က တိုက်တွန်းထားပါတယ်” ဟု ဘာထရန် ဘိန်ဗယ်လ် က ပြောသည်။ ဤပန်းတိုင်ကို ရောက်ရှိစေရန်အတွက် ချက်ချင်းစတင်သည့် ခြေလှမ်းတစ်ခုမှာ ကာကွယ်ဆေး စီမံခန့်ခွဲမှုနှင့် အစိုးရ၏ ကျန်းမာရေးဘတ်ဂျက်တွင် Cold Chain စနစ်များကို ဦးစားပေး ပြုလုပ်ရန်နှင့် ကာကွယ်ဆေး ထိုး/တိုက်ကျွေးခြင်းကို လိုလားမှု ပိုမိုမြင့်တက်လာရန် အလို့ငှာ ရပ်ရွာများသို့ လက်လှမ်းမီမှု မြှင့်တင်ရန်တို့ ဖြစ်သည်။
 
“အစိုးရနဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးတူပူးပေါင်းသူအားလုံးရဲ့ ညီညီညွတ်ညွတ်ပူးပေါင်း အားထုတ်မှု တွေကြောင့် အနာဂတ်မှာ နိုင်ငံအနှံ့ ပုံမှန်ကာကွယ်ဆေး ထိုး/တိုက်ကျွေးမှု လွှမ်းခြုံနိုင်မှု မြင့်တက် လာခြင်းနဲ့ ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တဲ့ ရောဂါဖြစ်ပွားမှု အန္တရာယ်များ လျော့ကျခြင်းတို့ ဖြစ်ပေါ်လာ ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
 
ကလေးငယ်များအားလုံးကို ကာကွယ်ဆေးထိုး/တိုက်ကျွေးရေး ဆိုသည့် တစ်ခုတည်းသော ဘုံပန်းတိုင်ကို အထောက်အကူဖြစ်စေရေးအတွက် အကြမ်းဖက်မှုနှင့် သံသယကြောင့် သဘောထားကွဲလွဲနေသော အသိုင်းအဝိုင်းများ ပြန်လည် သင့်မြတ်စေရန်အတွက် ယူနီဆက်ဖ်က ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ နှင့်လည်း တွဲဖက်ဆောင်ရွက်လျက် ရှိသည်။
 
©UNICEF Myanmar/2016/Thiha Tun
ကိုလီမူလာမှာ မောင်းတောမြို့တွင် ပိုလီယိုရောဂါဖြစ်ပွားမှုကို တိုက်ဖျက်သည့် ကာလအတွင်း ရပ်ရွာ လုပ်အားပေးတစ်ဦး ဖြစ်လာ သဖြင့် ၎င်းမှာလည်း အရေးပါ သော အခန်းကဏ္ဍတစ်ခု ဖြစ်ပေတော့သည်။
 
“ပိုလီယိုရောဂါ ကာကွယ်ဆေးနဲ့ ကြိုတင်ကာကွယ်နိုင်တဲ့ အခြား ရောဂါတွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ၊ အထူးသဖြင့် အဲဒီရောဂါတွေ ဘယ်လို ကူးတယ်၊ ဘယ်လို ကာကွယ်နိုင်တယ်ဆိုတဲ့အကြောင်း ရပ်ရွာလူထုက မသိဘူး။ အဲဒါကို ကျွန်တော်က ပြောင်းလဲချင်တာ။ အဲဒါမှ ကျွန်တော်တို့ ရပ်ရွာက တခြားမိသားစုတွေလည်း သူတို့ကလေးတွေ ပိုလီယိုဖြစ်နိုင်တဲ့ အန္တရာယ်ကို သိရှိပြီး ကာကွယ်နိုင်မှာပါ” ဟု ၎င်းက ဆိုသည်။
 
ရပ်ရွာလုပ်အားပေးတစ်ဦးဖြစ်သည့် ၎င်းက ကာကွယ်ဆေး ထိုး/တိုက်ကျွေးသည့် ရက်များကို မိဘများအား တစ်အိမ်တက်ဆင်း အကြောင်းကြားလျက် အိမ်တွင်မရှိခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုး/တိုက်ကျွေးခြင်း မပြုလိုက်ရသော ကလေးများကို လည်း ၎င်းက လိုက်လံမှတ်သားသည်။ ထို့နောက် ကျန်းမာရေးအဖွဲ့များ ထပ်မံလာရောက်နိုင်ရန် အတွက် ၎င်းက ယင်းကလေးငယ်များနှင့် အိမ်ထောင်စုများကို စာရင်းရေးမှတ်သည်။

ထို့အပြင် မိမိ၏ ကလေးငယ်များကို ကာကွယ်ဆေး ထိုး/တိုက်ကျွေးခြင်း မပြုနိုင်ဟု ငြင်းဆန်နေသော မိဘများနှင့် တွေ့ဆုံတိုင်းလည်း ကာကွယ်ဆေး၏ အရေးပါမှုအကြောင်းကို ၎င်းက ရှင်းလင်းနားချသည်။

“ပိုလီယိုဆေး တိုက်ကျွေးမှုတစ်ခုလုပ်တော့ မိခင်တစ်ယောက်က သူ့ကလေးကို ကာကွယ်ဆေး မတိုက်နိုင်ဘူးလို့ ငြင်းနေလို့ အကူအညီပေးဖို့ ကျွန်တော့်ကို လာခေါ်ကြတယ်။ ကျွန်တော့်ကလေး ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ကျွန်တော်တို့ ဘယ်လောက်ထိ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတဲ့အကြောင်း သူ့ကို ပြန်ပြောပြတယ်။ သူ့အိမ်အထိ ကာကွယ်ဆေးရောက်လာတဲ့အတွက် သူကံကောင်းတယ်၊ ကျွန်တော်တို့သားအတွက် အချိန်မီမရနိုင်ခဲ့တာ အဲဒီဆေးပဲဆိုတာ သူ့ကို ပြောပြတယ်” ဟု ၎င်းက ပြောသည်။ နောက်ဆုံးတွင် အဆိုပါမိခင်မှာ နားလည်သွားပြီး ယင်းအိမ်တွင်းရှိ ကလေးများအားလုံးကို ကာကွယ်ဆေး တိုက်ကျွေးနိုင်ခဲ့သည်။

ကိုလီမူလာအား ရပ်ရွာမှ လေးစားလိုက်နာပေးမှုရှိလာစေခြင်းဖြင့် ၎င်းက ယဉ်ကျေးမှုနှင့် ဘာသာရေး အဆီးအတားကို ချိုးဖျက်နိုင်သကဲ့သို့ အတွေ့အကြုံကို ပြောပြခြင်းဖြင့်လည်း နှလုံးသားနှင့် အတွေးများအထိ ရောက်ရှိစေခဲ့သည်။ ကိုလီမူလာကဲ့သို့ ရပ်ရွာလုပ်အားပေးများ၏ အလုပ်မှာ မြန်မာနိုင်ငံတွင် ပိုလီယိုရောဂါကာကွယ်ရေး အားကောင်းစေရန်အတွက် အဓိက လိုအပ်ချက်ပင် ဖြစ်ပေသည်။

ပြီးပါပြီ။

No comments:

Post a Comment