Tuesday, June 12, 2018

ဓမ္မတာရာသီလာစဉ် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ငွေကြေးထောက်ပံ့မှု အခက်အခဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်များ၏ ခံစားချက်

By Macarena Aguilar

ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးကြသူများမှ မိန်းကလေးငယ်များ နှင့် အမျိုးသမီးများအတွက် သူတို့၏ ဓမ္မတာရာသီလာသည့် ကာလများတွင် ပြွတ်သိပ်နေသည့် စစ်ရှောင်စခန်းများ၌ မည်ကဲ့သို့နေထိုင်ကြသနည်း?

သာဂရ (သရက်တော) စစ်ရှောင်စခန်းတွင် ပြုလုပ်သည့် ဓမ္မတာရာသီလာစဉ် တစ်ကိုယ်ရည်သန့်ရှင်းမှုပြုလုပ်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် ဇော်မာလူး(၁၉) စိတ်ဝင်တစား နားထောင်နေစဉ်။ 
@UNICEF Myanmar/2018/Nyan Zay Htet
ရှက်ကိုးရှက်ကန်းဖြင့် “ခက်ခဲပါတယ်”ဟု အသက် ၁၉နှစ်အရွယ် ဇော်မာလူးမှပြောသည်။ စစ်ရှောင်စခန်းများတွင် သိပ်မပြောဖြစ်သည့် ပြဿနာတစ်ခုဖြစ်သည်။ “အမြဲတမ်းတော့ ကျွန်မအသုံးပြုပြီးသား လစဉ်သုံးပစ္စည်းလေးတွေကို ပလပ်စတစ်အိတ်ထဲထည့်ပြီး အမှိုက်သိမ်းကားလာယူတဲ့အထိ သိမ်းထားပါတယ်။ ဒါပေမယ့်လို့ အမှိုက်ကားက တစ်ပတ်မှ တစ်ခါသာလာတယ်” ဟုသူမက ဖြည့်ပြောသည်။ 



ဇော်မာလူးတစ်ယောက် ကချင်ပြည်နယ်တွင် ဆယ်စုနှစ်များအကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် သူမ၏မိသားစု ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး သရက်တောစစ်ရှောင်စခန်းတွင် ခိုလှုံနေခဲ့ကြပြီးသည့် အချိန်အနည်းငယ်နောက်ပိုင်း ၂၀၁၂ခုနှစ်တွင် ပထမဆုံးအကြိမ် ဓမ္မတာရာသီသွေး ပေါ်လာခဲ့သည်။ ယခုအခါယင်းစစ်ရှောင်စခန်းတွင် လူပေါင်း ၅၀၀ ကျော်နေထိုင်သည့် အိမ်များစွာရှိနေပြီဖြစ်သည်။


ဇော်မာလူးကဲ့သို့ နေရပ်အသီးသီးမှ စွန့်ခွာထွက်ပြေးလာပြီး စစ်ရှောင်စခန်းများတွင် နေထိုင်နေသည့် ဆယ်ကျော်သက်များနှင့် အမျိုးသမီးများသည် လစဉ်ကြုံတွေ့ရသည့် သူတို့၏ ဓမ္မတာရာသီလာသည့် ကာလများကို စိတ်လုံလုံခြုံခြုံနှင့် သိက္ခာရှိစွာ ကျော်ဖြတ်ဖို့အတွက် ရုန်းကန်ကြရသည်။

အများစုအတွက် အဓိက ပြဿနာသည် သူတို့ကို တစ်ခါသုံး ပစ္စည်းများ ပံ့ပိုးမပေးသည့်အတွက် နီးစပ်ရာဆိုင်များမှာ လစဉ်သုံး ပစ္စည်းများကို သွားဝယ်ကြရသည်။ သူတို့မှာ ပိုက်ဆံမရှိတဲ့အချိန်တွင် အိမ်နီးချင်းများမှ ငွေချေးယူပြီးဝယ်ကြရခြင်း သို့မဟုတ် ဆိုင်များမှ အကြွေးဖြင့်ဝယ်သုံးကြရသည်။ ထိုအတွက် သူတို့ဝင်ငွေနှင့် ပညာရေးအခွင့်အလမ်းများအပေါ် ထိခိုက်စေသည်။
အခြားသူများအတွက် စိုးရိမ်ပူပန်ဖွယ်ရာသည် အခန်းတစ်ခန်းတွင် လူခြောက်ဦးခန့်နေထိုင်ကြရပြီး အတားအဆီး ကာရံထားခြင်း မရှိသည့်နေရာတွင် လစဉ်သုံးပစ္စည်းကို လဲလှယ်အသုံးပြုဖို့ရာ လုံခြုံမှုကင်းမဲ့လှသည်။ အထူးသဖြင့် ညဘက်တွင် သူတို့၏ လစဉ်သုံးပစ္စည်းများကို ပြောင်းလဲအသုံးပြုဖို့ မမြင်ကွယ်ရာနေရာ ရှာဖွေရခြင်းဒုက္ခကို အမြဲတမ်းကြုံတွေ့ရသည်။

ပြန်လည်အသုံးပြုနိုင်သည့် အဝတ်စများ၊ ပိတ်ခံများကိုလျှော်ဖွတ်ရန်နှင့် အခြောက်ခံရန်အတွက် ကိုယ်ပိုင်နေရာ ရှားပါးခြင်းကြောင့် မိန်းကလေးငယ်များနှင့် အမျိုးသမီးများသည် အများသုံးရေချိုးကန်နေရာများတွင် လျှော်ဖွတ်ခြင်း၊ ရေချိုးရခြင်းတို့သည်လည်း ထပ်ဆောင်းဒုက္ခ္ခများဖြစ်စေသည်။ မိုးတွင်းကာလဆိုလျှင် ပြန်လည်အသုံးပြုနိုင်သည့်အဝတ်စများ၊ ပိတ်ခံများကို ခြောက်သွေ့စေရန် ခက်ခဲသည့်အတွက် ရောဂါပိုးကူးစက်နိုင်သည်။

ဓမ္မတာရာသီလာစဉ် တစ်ကိုယ်ရည်သန့်ရှင်းရေးကိုလုပ်ဆောင်ခြင်းအတွက် ပံ့ပိုးပေးသည့် ရန်ပုံငွေအခက်အခဲရှိသဖြင့် မိန်းကလေးငယ်များနှင့် အမျိုးသမီးများသည် တစ်ခါသုံးအမျိုးသမီးလစဉ်သုံးပစ္စည်းများ အသုံးပြုဖို့ ခက်ခဲနေကြသည်။


သာဂရစစ်ရှောင်စခန်းတွင် ယူနီဆက်မှ WASHအဖွဲ့ညှိနှိုင်းရေးမှူးများဖြစ်သည့် Sunny Guidotti၊ မတိုးတိုးအောင် တို့နှင့် ဆယ်ကျော်သက်မိန်းကလေးငယ်များသည် ဓမ္မတာရာသီသွေးလာခြင်း စက်ဝန်းအတွင်း စိတ်လုံလုံခြုံခြုံနှင့် ဂုဏ်သိက္ခ္ခာရှိရှိ စီမံခန့်ဆောင်ရွက်နိုင်ဖို့ ကြုံတွေ့ရသည့်အခက်အခဲများနှင့် လိုလားချက်များ၊ စခန်းအတွင်း သန့်ရှင်းရေးဆိုင်ရာ အဆောက်အအုံများကိုမည်ကဲ့သို့ တိုးတက်အောင်ပြုလုပ်နိုင်မည်နည်းနှင့် သက်ဆိုင်သည့်အရာများ ဆွေးနွေးကြစဉ်။
@UNICEF Myanmar/2018/Nyan Zay Htet
လွန်ခဲ့သောနှစ်များမှစ၍ မြန်မာနိုင်ငံ၏သက်တမ်းရှည်ကြာစွာဖြစ်ပေါ်နေသည့် အကျပ်အတည်းများကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များအတွက် ရန်ပုံငွေသိသိသာသာကျဆင်းခဲ့ပြီး  အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့များ ထိန်းချုပ်နယ်မြေများရှိ အကူအညီလိုအပ်နေသည့် နေရပ်စွန့်ခွာထွက်ပြေးလာသည့် ပြည်သူများဆီသို့ ရောက်ရှိရန် ပိုမိုခက်ခဲလာသည်။ ကချင်ပြည်နယ်တစ်ခုတည်းတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၉၁၀၀၀ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လွန်ခဲ့သော သီတင်းပတ်များအတွင်း ဖြစ်ပွားသည့်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၅၀၀၀ကျော် ထွက်ပြေးလာခဲ့ကြသည်။ တစ်နိုင်ငံလုံးတွင် လူပေါင်း ၂၄၅၀၀၀ ကျော်အထိရောက်ရှိသွားပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် လူဦးရေ၏ သုံးပုံတစ်ပုံသည် ဓမ္မတာရာသီလာသည့်အရွယ် မိန်းကလေးငယ်များနှင့် အမျိုးသမီးများဖြစ်သည်။ ဓမ္မတာရာသီလာစဉ် တစ်ကိုယ်ရည်သန့်ရှင်းမှုကို စီမံနိုင်ဖို့အတွက် ကူညီ ထောက်ပံ့ပေးသည့်ရန်ပုံငွေ အခက်အခဲကြီးကြီးမားမားရှိနေသည်ဟု မြန်မာနိုင်ငံတွင် ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည် သန့်ရှင်းရေး (WASH)ဆိုင်ရာ ညှိနှိုင်းရေးမှူး Sunny Guidotti မှပြောသည်။

ယင်းကိစ္စသည် ကချင်ပြည်နယ်တွင်စိုးရိမ်ဖွယ်ရာအဆင့်ဖြစ်နေသည်။ ကချင်ပြည်နယ်ရှိအဖွဲ့များ၏ လွန်ခဲ့သောနှစ် အစီရင်ခံစာအရ မိန်းကလေးငယ်များနှင့် အမျိုးသမီးများ၏ သုံးပုံတစ်ပုံသာလျှင် အမျိုးသမီးလစဉ်သုံးပစ္စည်းကို သုံးနိုင်ကြသည်။

“ယခင်နှစ်များမှာ တစ်ကိုယ်ရည်သုံး သန့်ရှင်းရေးအသုံးအဆောင်များ ပုံမှန်ဖြန့်ဝေပေးခဲ့ပြီး ယင်းပစ္စည်းများတွင် ရာသီလာစဉ် တစ်ကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်များလည်းပါဝင်သည်။ အခြားနေရာဒေသများတွင် ပုံမှန်ဖြန့်ဝေပေးလျှက် ရှိသော်လည်း ကချင်ပြည်နယ်တွင် သိသာစွာကျဆင်းခဲ့ပြီး အထူးအားဖြင့် အစိုးရမဟုတ်သောအဖွဲ့များ ထိန်းချုပ်နယ်မြေတွင် ဖြစ်သည်ဟု Sunny မှပြောသည်။


သာဂရ (သရက်တော) ရှိစစ်ရှောင်စခန်းတွင် စန္ဒာထွန်း (၁ရ) လက်ဆေးကန်တွင် လက်ဆေးနေစဉ်။ 
©UNICEF Myanmar/2018/Nyan Zay Htet

သာဂရ စစ်ရှောင်စခန်းတွင် ဥပမာအားဖြင့် ၂၀၁၆ ခုနှစ်အထိ တစ်ခါသုံးအမျိုးသမီးပစ္စည်းများ ပါဝင်သည့် ထောက်ပံ့ရေး ပစ္စည်းများရရှိခဲ့သည်။ သို့သော် အခုတော့မရရှိတော့ပါဘူး ဟု အသက် ၁၇နှစ်အရွယ် မစန္ဒာထွန်းမှပြောသည်။ ဇော်မာလူး ကဲ့သို့ပင် သူမသည်လည်း ၂၀၁၂ ခုနှစ်ကတည်းက ထွက်ပြေးတိမ်းရှောင်ပြီး နေထိုင်နေသူတစ်ဦးဖြစ်သည်။

သူမ၏ မိသားစုတွင် အကြီးဆုံးဖြစ်သည့်အတွက် ထိုမိန်းကလေးငယ်သည် သူမ၏ မွေးချင်းများကို ထောက်ပံ့နိုင်ဖို့ ဝင်ငွေရှာဖွေရသည့်တာဝန်ကို ထမ်းရပါသည်။ ဒေသရှိ ကျောက်မျက်ထုတ်လုပ်သူတွေဆီကို ပြန်သွင်းဖို့ ပယင်းကျောက်သွေးခြင်း အလုပ်လုပ်ပြီး ရုန်းကန်နေပါသည်။

“ကျွန်မ ၅တန်းမှာ ကျောင်းထွက်လိုက်တယ်။ ကျွန်မရဲ့ မွေးချင်းအငယ်တွေကို အခွင့်အရေးတွေရစေချင်လို့ သူတို့ကျောင်းစရိတ်ကို ကာမိအောင် ကျွန်မဘာမဆိုလုပ်တယ်” ဟုသူမ ပြောသည်။

ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် နေထိုင်ကြသည့် ဆယ်ကျော်သက်မိန်းကလေးများနှင့် အမျိုးသမီး အများစုအနေဖြင့် မစန္ဒာကဲ့သို့ တစ်ခါသုံးအမျိုးသမီးလစဉ်သုံးပစ္စည်း ဝယ်သူသုံးစွဲဖို့ရုန်းကန်ကြရသည်။ ထိုအရေးပါသည့် ပစ္စည်းပင်လျှင် အလွယ်တကူ မရနိုင်ခြင်းကြောင့် ရာသီလာသည့်အချိန်များတွင် သူမအနေဖြင့် အလုပ်သွားဖို့ခက်ခဲလှသည်။

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသည့် ဆယ်ကျော်သက်အရွယ်မိန်းကလေးငယ်များနှင့် အမျိုးသမီးများမှ ကချင်ပြည်နယ်သို့ မကြာမီအချိန်က သွားရောက်ခဲ့သည့် Sunny နှင့် သူမအဖွဲ့ကို ပြောပြသည်မှာ သူတို့အနေဖြင့် တစ်ခါသုံး အမျိုးသမီး လစဉ်သုံးပစ္စည်းများကို သဘောကျသည်ဟုပြောသည်။ သို့သော် ယင်းအမျိုးသမီးလစဉ်သုံးပစ္စည်းများကို ဖြန့်ဖြူးမပေးပါက သူမတို့အနေဖြင့် အိမ်နီးချင်းများနှင့် ဆိုင်များကိုဆပ်ရမည့် အကြွေးတွေများလာပါမည်ဟုပြောသည်။

ပိုမိုလုပ်ဆောင်ရန်လိုအပ်

ယူနီဆက်ဦးဆောင်သည့် ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအစုအဖွဲ့အနေဖြင့် စစ်ရှောင်စခန်းများတွင် ဓမ္မတာ ရာသီ်လာစဉ် တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ဆောင်နိုင်ရန်အတွက် အကူအညီပေးရန် ရင်းနှီးမြှပ်နှံပေးကြရန် လှုံ့ဆော်တိုက်တွန်းလျှက်ရှိသည်။

အဖွဲ့အစည်းများအနေဖြင့် အကန့်အသတ်ဖြစ်နေသည့်အရင်းအမြစ်များကို အသုံးပြုလျှက် မိန်းကလေးငယ်များနှင့် အမျိုးသမီးများထံသို့ ရောက်ရှိနိုင်သမျှရောက်ရှိစေဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုလျှက်ကြံ့ကြံ့ခံဆောင်ရွက်နေကြရသည်။

“မနှစ်ကငွေကြေးအခက်အခဲများကြောင့် အလွန်ခက်ခဲနေသူများထံသို့ဦးတည်ပြီး အကုန်အကျအသက်သာဆုံးနည်းလမ်းဖြင့် မိန်းကလေးငယ်များနှင့် အမျိုးသမီးများထံသို့ အနည်းဆုံးရှိသင့်သည့် အရာများဖြစ်သည့် လစဉ်သုံးပစ္စည်းများ ၊ အတွင်းခံများနှင့် ဆပ်ပြာများ ပုံမှန်ရောက်ရှိအောင် ဆောင်ရွက်နေပါတယ်။ သို့သော်ကချင်ပြည်နယ်အတွက် ရန်ပုံငွေများ လိုအပ်လျှက်ရှိသည်” ဟု Sunny မှ ပြောသည်။

ယင်းကဲ့သို့အရေးပါသည့်ပစ္စည်းများသာမက ကိုယ်ရေးကိုယ်တာလုံခြုံမှုအပြည့်ရှိစေဖို့ ရေချိုးခန်းများနှင့် အိမ်သာများ တည်ဆောက်ခြင်း ဆောင်ရွက်ပါသည်။ အိမ်သာများတွင် မီးလုံးများ တပ်ဆင်ပေးသည်သာမက စခန်းတစ်ခုလုံးတွင်လည်း တပ်ဆင်ပေးပါသည်။ စာသင်ကျောင်းများနှင့် ခိုလှုံရာနေရာပုံစံများကို မိန်းကလေးငယ်များနှင့် အမျိုးသမီးများအတွက် သီးခြားနေရာများ ဖန်တီးပေးခြင်းတို့သည် အရေးကြီးသည့် လုပ်ဆောင်ချက်မျုားဖြစ်သည်။ WASH အစုအဖွဲ့အနေဖြင့် ကာကွယ်စောင့်ရှောက်ရေးနှင့် ယခုအခါ ပညာရေး၊ ကျန်းမာရေးနှင့် ယာယီနေရာတည်ဆောက်ခြင်းစသည့် အဖွဲ့များနှင့် ပူးပေါင်းလျှက် ရာသီသွေးပေါ်စဉ် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ဆိုင်သည့် ဆောင်ရွက်ချက်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်ပူးပေါင်းထားပါသည်ဟု Sunnyမှပြောသည်။ သူမသည် Cash working group အဖွဲ့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။

ကံကောင်းသောနေ့တစ်နေ့

သာဂရ စစ်ရှောင်စခန်းတွင် ရာသီသွေးပေါ်စဉ်တစ်ကိုယ်ရည်သန့်ရှင်းကို စီမံဆောင်ရွက်ခြင်းအကြောင်းအသိပညာပေးဆွေးနွေးပွဲတွင် ယူနီဆက် နှင့် မိတ်ဖက်အဖွဲ့များမှ လစဉ်သုံးဂွမ်းထုတ်များနှင့် အတွင်းခံများဖြန့်ဝေပေးစဉ်။
@UNICEF Myanmar/2018/Nyan Zay Htet
ယနေ့သည် စန္ဒာထွန်းနှင့် ဇော်မာလူးတို့အတွက် ကံကောင်းသောနေ့တစ်နေ့ဖြစ်သည်။ တစ်ခါသုံး လစဉ်သုံးပစ္စည်းများ၊ အတွင်းခံများ ရရှိသည်သာမက ရာသီလာစဉ် တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်းကို သင်ယူနိုင်ခဲ့သည်။

“ကျွန်မအမေနှင့် အဒေါ်တွေကတော့နည်းနည်းပြောပြပါတယ်။ သို့သော် ဒီမှာသင်ယူလိုက်ရတဲ့ အချက်တွေ တော်တော်များများကို မကြားဖူးပါ။” ဟု ဇော်မာလူးကပြောသည်။

ကချင်ပြည်နယ်တွင် ရေနှင့် သန့်ရှင်းရေးလုပ်ဆောင်နေသည့်အဖွဲ့များအနေဖြင့် တစ်လတစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အသိပညာပေး အစီအစဉ်များ လုပ်ဆောင်ပေးခြင်းဖြင့် မိန်းကလေးငယ်များနှင့် အမျိုးသမီးများအား ကူညီပေးလျှက်ရှိသည်။ ထို့အပြင် အမျိုးသမီးလစဉ်သုံးဂွမ်းထုတ်များကို မည်သို့အသုံးပြုရမည်၊ မည်သို့စွန့်ပစ်ရမည်ကို လက်တွေ့ရှင်းပြပြီး ရာသီလာစဉ် တစ်ကိုယ်ရည်ကျန်းမာရေးကို မည်သို့ထိန်းသိမ်းရမည်ကို ရှင်းပြပါသည်။ ရာသီသွေးပေါ်ခြင်းစက်ဝန်းနှင့် ယင်းကြောင့် အမျိုးသမီးများ၏ ခန္ဓာကိုယ်နှင့် စိတ်ခံစားမှုအပိုင်းကို မည်သို့အကျိုးသက်ရောက်သည်ကိုလည်း အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

သူတို့၏ ရာသီသွေးပေါ်ခြင်းစက်ဝန်းကိုဆွေးနွေးဖို့ စိတ်အနှောင့်အယှက်ရှိနိုင်သော်လည်း ထိုကဲ့သို့ အသိပညာပေး ဆွေးနွေးသည့် အစီအစဉ်များသည် မိန်းကလေးငယ်များနှင့် အမျိုးသမီးများအတွက် သူတို့တွေ့ကြုံရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ဖို့ရနိုင်သည့် တစ်ခုတည်းသောအချိန်အခါ ဖြစ်ပါသည်။ “ကျွန်မ ရာသီလာတဲ့အချိန်ဆို တစ်ခါတစ်လေ အရမ်းနာကျင်မှုခံစားရတယ်၊ အလုပ်လုပ်ဖို့တောင်ခက်ခဲပါတယ်။ ဒါပေမယ့်ကျွန်မအဖေက စိတ်ဆိုးပြီး ကျွန်မကို အလုပ်အတင်းသွားခိုင်းတယ်။ သူကနားမလည်ဘူးလေ”ဟု စန္ဒာထွန်းမှပြောသည်။ “အခု ဒီလိုဖြစ်တာ ကျွန်မတစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။”

သာဂရ စစ်ရှောင်စခန်းတွင်ပြုလုပ်သည့် ရာသီပေါ်စဉ်တစ်ကိုယ်ရည်သန့်ရှင်းရေး စီမံဆောင်ရွက်ခြင်းအကြောင်းအသိပညာပေးဆွေးနွေးပွဲပြီးနောက် စန္ဒာထွန်းနှင့် ဇော်မာလူး တို့နှစ်ယောက် စကားလက်ဆုံကျနေစဉ်။ 
@UNICEF Myanmar/2018/Nyan Zay Htet 
မိန်းကလေးငယ်များနှင့် အမျိုးသမီးများအား သူတို့ရာသီပေါ်လာစဉ်ကာလတစ်လျှောက် လစဉ် စိတ်လုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ ဖြတ်သန်းနိုင်ဖို့ အရေးကြီးသည့်သတင်းအချက်အလက်များကို ပေးသည်သာမက အသိပညာပေးအစီအစဉ်များသည် ရပ်ရွာလူထုအနေဖြင့်လည်း အခြေအနေများတိုးတက်စေဖို့အတွက် ရိုးရှင်းသည့်အဆင့်များ သတ်မှတ်ဖေါ်ထုတ်နိုင်သည့် အခွင့်အလမ်းများ ရရှိစေသည်။ 

သာဂရစစ်ရှောင်စခန်းတွင် ပြုလုပ်သည့် ဆွေးနွေးပွဲအတွင်း လစဉ်သုံးဂွမ်းများစွန့်ပစ်ဖို့ ပုံးများကိုအိမ်သာထဲတွင် ထားရှိပေးထားခြင်းဖြင့် စွန့်ပစ်ရာတွင် ကိုယ်ပိုင်လုံခြုံမှုကို ရရှိစေနိုင်ကြောင်း ရပ်ရွာလူထုမှ အကြံပြုဆွေးနွေးခဲ့သည်။ ထို့ပြင် အိမ်သာထဲမှ အမှိုက်များကို မည်ကဲ့သို့သိမ်းဆည်းပြီး တစ်ပတ်တစ်ခါ အမှိုက်သိမ်းကားဖြင့် ယူလေ့ရှိသည့် စုပေါင်းအမှိုက်ကန်သို့ မည်သို့စွန့်ပစ်မည်တို့ကို ဆွေးနွေးခဲ့ကြသည်။ တစ်ကယ်လက်တွေ့လုပ်ဆောင်ဖို့ ဆိုသည်မှာ အလွန် အလှမ်းဝေးနေသော်ငြားလည်း အပြန်အလှန်ဆွေးနွေးမှုများကိုဖြင့် စတင်နိုင်ခဲ့သည်။ 

No comments:

Post a Comment