Monday, July 10, 2017

ယှဉ်တွဲနေသည့် ဘဝအခြေအနေ နှစ်ခု

စင်တက်မော်ကယ်ဆယ်ရေးစခန်း၊ ပေါက်တော၊ ရခိုင်ပြည်နယ်

နံနက် ၈ နာရီ အချိန်ခန့်သာရှိသေးသော်လည်း ကလေးများ၏ သံပြိုင်ရွတ်ဆိုနေသည့် အသံများကြောင့် ယိုင်နဲ့နဲ့ ဖြစ်နေသည့် သစ်သားဆောင် စာသင်ခန်းသည် ယိမ်းထိုးလျှက်ရှိသည်။

စာသင်ဆောင် အခန်းအတွင်းတွင် “I love the monkey, I love the flowers!” “How are you? Fine thank you!” ဟု ကလေးများက သံပြိုင်ရွတ်ဆိုနေကြသည်။

©UNICEF/UN061833/Brown
သင်္ချာကတော့ ကျွန်တော့်ရဲ့ အနှစ်သက်ဆုံးဘာသာရပ်ဖြစ်ပါတယ်၊ကျွန်တော်ကြီးလာရင် ဆရာဝန်ကြီးဖြစ်ချင်ပါတယ်၊ ဒါမှသာ တစ်ပါးသူတွေကိုကူညီနိုင်ပါမယ်

အင်္ဂလိပ်လို နှုတ်ခွန်းဆက် စကားကို နားလည်သဘောပေါက်စေရန် အလေ့အကျင့် လိုအပ်နေသည်ဟုဆိုနိုင်သော်လည်း သစ်သားဆောင်စာသင်ကျောင်းထဲရှိ  သစ်သားခုံတန်းများတွင် ထိုင်လျှက် စာသင်ကြားနေသည့် ကလေးအယောက် (၃၀) တွင် စိတ်ပါဝင်စားမှု အပြည့်ရှိနေသည်ကိုတော့ ငြင်းလို့မရနိုင်ပေ။ စာသင်ဆောင်၏ အပြင်ဘက် အစိမ်းရောင် သုတ်ထားသည့် ဆိုင်းဘုတ်ပေါ်တွင် အမှတ် (၂) အခြေခံပညာမူလတန်း ဆင့်သင်ကျောင်း (ယာယီ) ဟုဖေါ်ပြထားသည်။ 

စာသင်ကြားနေသူက အရပ်ရှည်ရှည် ဘေ့စ်ဘော ဦးထုပ် ဆောင်းထားသည့် ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆွေ ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ရွတ်ဆိုနိုင်စွမ်းရှိသမျှ ရွတ်ဆိုစေရန် အစွမ်းကုန်သင်ကြားပေးလျှက်ရှိပါသည်။ 

“ဒီကျောင်းကတော့ ယာယီစာသင်ကျောင်းဆောင်လေးဖြစ်ပြီး အစိုးရရဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြား ပေးနေပါတယ်” ဟု ဆရာကြီးမှ ပြောသည်။ “ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ ဒီကယ်ဆယ်ရေးစခန်း မှာရှိတဲ့ ကလေးတွေ ဟာ အစိုးရစာသင်ကျောင်းတွေမှာ တက်ရောက်မသင်ကြားနိုင်တဲ့အတွက် ဒီကလေးတွေရဲ့ပညာရေး အဆင့်အတန်းကို မြှင့်တင်ပေးဖို့ ရည်ရွယ်သင်ကြားနေတာဖြစ်ပါတယ်” 

စင်တက်မော် ကယ်ဆယ်ရေးစခန်းတွင် မွတ်ဆလင် ကလေးငယ် ၅၁၈ ဦး တက်ရောက်ပညာသင်ကြားလျှက်ရှိသည်။ သူတို့၏မိသားစုဝင်များသည် ရခိုင်ပြည်နယ် စစ်တွေမြို့၏တောင်ဘက် ကမ်းရိုးတန်းဒေသများတွင် နေထိုင်ပြီး မွတ်ဆလင် နှင့် ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းနှစ်ခုအကြား ဖြစ်ပွားသည့် အကြမ်းဖက်ပဋိပက္ခများကြောင့် ပြောင်းရွှေ့လာသူများဖြစ်ကြပြီး ၂၀၁၂ ခုနှစ်ကတည်းက ထိုစခန်းတွင် အခြေချနေထိုင်ကြသူများဖြစ်သည်။

အသက် (၆) နှစ် အရွယ်၊ တတိယကျောင်းသား မောင်မျိုးသိန်းလည်း မိသားစုနဲ့အတူ နေအိမ်ကို စွန့်ခွာထွက်ပြေးလာသူ တစ်ယောက်ဖြစ်သည်။ ယခုအချိန်မှာတော့ သူ့အသက် (၁၀) နှစ်အရွယ်သို့ ရောက်ခဲ့ပြီး စင်တက်မော် ကယ်ဆယ်ရေးစခန်းမှာ နေထိုင်လျှက်ရှိပါသည်။ သူကတော့ ပညာရေးကို ဆုံးခန်းတိုင်တက် ရောက် သင်ကြားလိုပြီး ယခုအချိန်မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သိပ္ပံ နဲ့ သင်္ချာဘာသာရပ်တွေကို လေ့လာနေပါသည်။ 

“သင်္ချာကတော့ ကျွန်တော့်ရဲ့အနှစ်သက်ဆုံးဘာသာရပ်ဖြစ်ပါတယ်၊ ကျွန်တော်ကြီးလာရင် ဆရာဝန်ကြီးဖြစ်ချင်ပါ တယ်၊ ဒါမှသာ တစ်ပါးသူတွေကို ကူညီနိုင်ပါမယ်” လို့ မောင်မျိုးသိန်းကပြောသည်။

သို့သော်လည်း ပြဿနာတစ်ခုကရှိနေပါသည်- မောင်မျိုးသိန်းအနေနဲ့ လာမယ့်စာသင်နှစ်တွင် အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မည်ဖြစ်သော်လည်း သူ့အတွက် ဆက်လက်တက်ရောက်ပညာသင်ယူနိုင်ဖို့ အလယ်တန်းကျောင်း မရှိပါ။ မောင်မျိုးသိန်း၏ဆရာ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဆွေအနေနဲ့ကတော့ ဒါဟာ အကျပ်အတည်းတစ်ခုလို့ စိတ်မသက်သာစွာနဲ့ခံယူထားပုံရပါသည်။ 

“ကျွန်တော်တို့ဆီမှာ အလယ်တန်းကျောင်းလိုအပ်နေပါတယ်၊ ဒါမှသာ ကလေးများပညာဆက်လက်ဆည်းပူးနိုင်ပါမယ်။ ပညာဆက်လက်သင်ယူနိုင်ပါမှ သူတို့လေးတွေရဲ့အိမ်မက်တွေအကောင်အထည်ပေါ်လာမှာဖြစ်ပါတယ်” 

အခြေခံလူမှုရေးဝန်ဆောင်မှုများတွင် ရင်းနှီးမြှပ်နှံမှုမရှိသည့်အတွက် ကလေးများ၏ တိုးတက်မှုတွန့်ဆုတ်

ကုလားတန်မြစ်ရဲ့ တစ်ဖက်ကမ်း စစ်တွေမြို့ရှိ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းအတွင်း ဆင်းရဲနွမ်းပါးသည့် မိသားစုများအနေဖြင့် သူတို့၏ကလေးများ ပညာသင်ယူစေဖို့ ရွေးချယ်စရာ ကျောင်းများ နည်းပါးနေသည်ကို စိုးရိမ်လျှက်ရှိသည်။ 

အသက် ၁၁ နှစ်အရွယ် မတာယု သည် ရုန်းကန်လှုပ်ရှားနေရသည့် မိသားစုမှမွေးဖွားလာပြီး အဒေါ်ဖြစ်သူနဲ့ကြီးပြင်းလာကာ သူမကို စာသင်ခန်းဆီသို့ မပို့နိုင်ဘဲ ဈေးမှာ ငါးရောင်းဖို့ အဒေါ် ကို ဝိုင်းဝန်းကူညီပေးနေရသည်။ 

သို့သော် လွန်ခဲ့သော တစ်နှစ်က သူမ နေထိုင်ရာဒေသမှာ ယူနီဆက် နဲ့ မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြု ပင်မ ဌာန (MLRC) တို့ ပူးပေါင်းဖွင့်လှစ်သည့် မူလတန်းအဆင့် ကျောင်းပြင်ပ ပညာရေး စာသင်ကျောင်းတွင် သူမတက်ရောက်ပညာသင်ကြားခွင့်ရခဲ့ပါသည်။ ယခုအခါမှာ သူမသည် ကျောင်းမှာ ပျော်ပြီး စာတော်တဲ့ ကလေးတစ်ယောက်ဖြစ်လို့နေပါပြီ။

သို့သော်ငြားလည်း မောင်မျိုးသိန်း လို လေးတန်းအောင်ပြီးနောက်၊ မတာယုလို ပညာဆက်လက်သင်ကြားဖို့ အစိုးရ အလယ်တန်းကျောင်းမရှိတဲ့ သူတို့ဒေသမှာ သူတို့ရဲ့ပညာရေးကို အဆုံးသတ်ဖို့သာလျှင်ရှိပေတော့မည်။ 

“ကျွန်မကျောင်းမသွားရတဲ့အချိန်တွေမရှိချင်ပါဘူး၊ ကျောင်းမှာဆိုရင်ပိုပျော်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ တစ်ခုခု ကို သင်ယူနိုင်တဲ့အပြင် သူငယ်ချင်းတွေအများကြီးရပါတယ်” ဟုမတာယုက ပြောပြပါတယ်။

မောင်မျိုးသိန်းလို မတာယုလို ကလေးများတွေကို ကျောင်းမှာ ဆက်လက်ပညာသင်ကြားနိုင်ဖို့  ယူနီဆက်၊ Save the Children၊ Plan International၊ the European Union၊ ဒိန်းမတ် နှင့် အခြားသော အဖွဲ့အစည်းများက ပူးပေါင်းပြီး ပံ့ပိုးဆောင်ရွက်ပေးလျှက်ရှိပါသည်။ 

“ပညာရေးကို ဆုံးခန်းတိုင်မသင်ရခြင်းသည် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းများအပေါ်အကျိုးသက်ရောက်မှုဖြစ်စေ သည့်အပြင် ကလေးသူငယ်များ၏ အခြေခံလိုအပ်ချက်များကို မဖြည့်စီးပေးနိုင်သည့်အတွက် ကလေးများ၏ တိုးတက်မှုကို နောက်ပြန်ဆွဲသလိုဖြစ်ရကြောင်း” ယူနီဆက် ၏ စစ်တွေအခြေစိုက်ဒေသဆိုင်ရာရုံး၏ အကြီးအကဲဖြစ်သူ Mandie Alexander ကပြောပါသည်။

“ကျွန်မတို့နဲ့အတူ မိတ်ဖက်အဖွဲ့အစည်းများအားလုံးက နိုင်ငံတော်အစိုးရနဲ့ပူးပေါင်းပြီး မွတ်ဆလင် နှင့် ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းများရှိ  ကလေးများအတွက် မူလတန်းလွန် ပညာရေး အခွင့်အလမ်းများ ပံ့ပိုးပေးနိုင်ဖို့ ဆောင်ရွက်လျှက်ရှိပါသည်”ဟုပြောပါသည်။ 

No comments:

Post a Comment