Tuesday, September 6, 2016

မုန်တိုင်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ဘဝသစ်

မာရီယာနာပါလာဗရာရေးသားသည်


ကလေး၊ စစ်ကိုင်းတိုင်းဒေသကြီး - ပြီးခဲ့တဲ့နှစ်ကတည်းက မသီတာဦးရဲ့ဘဝမှာ လှိုင်းလေထန်ခဲ့ရသည်။ ဆိုင်ကလုန်း ကိုမန်မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကျောက်ကက်ရွာလေးမှာ တစ်ပတ်လုံး မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတွေကြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇူလိုင်က စတင် ခဲ့ခြင်းဖြစ်လေ သည်။


“အဲဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး” ဟု မသီတာဦးက ပြန်ပြောပြသည်။


“ရေတွေက အရမ်းတက်လာတယ်။  လှေတော်တော်များများလည်း မြုပ်ကုန်တယ်။ ကျွန်မတို့အိမ်လေးမှာ ရေပတ်လည် ဝိုင်းသွားတယ်”ဟု ၎င်းက ဆိုသည်။


ရေအလွန်ကြီးလာပြီး ၎င်းတို့အိမ်နစ်မြုပ်တော့မလို ဖြစ်ခဲ့သည့်အတွက် အသက် ၁၉ နှစ်အရွယ် မသီတာဦးမှာ သူမရဲ့ခင်ပွန်း၊ မိဘနှစ်ပါး၊ မောင်လေးတို့နဲ့အတူ အနီးဆုံး ဘုန်းကြီးကျောင်းကို ပြေးခဲ့ရသည်။ ယင်းဘုန်းကြီးကျောင်းမှာ မီတာအနည်းငယ် မြင့်သည့် တောင်ကုန်လေးတစ်ခုပေါ်မှာ တည်ရှိပြီး ကလေးမြို့မှ ကားဖြင့်သွားရင် မိနစ် ၂၀ ခန့် ကြာသည်။



ရွာ၏ ရေတွင်းသစ်တစ်တွင်းကို မသီတာဦး အသုံးပြုနေစဉ် 
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/မာရီယာနာပါလာဗရာ
မြန်မာနိုင်ငံမှာ နှစ်၄၀အတွင်း ပထမဆုံး အကြီးအကျယ် ရေကြီးမှုနှင့် ရင်ဆိုင်နေရချိန်တွင် မသီတာဦးမှာ ကိုယ်ဝန်ရှိနေကြာင်း သိရှိခဲ့ရပြန်သည်။


“ဗိုက်ထဲက ကလေးလေးကြောင့် ရေကြီးတဲ့ ဒုက္ခကို ရင်ဆိုင်ဖို့ အားအင်တွေ၊ သတ္တိတွေ ရှိလာတယ်” ဟု ၎င်းက ဆိုသည်။


ရေကြီးမှု၏ အကျိုးဆက်အဖြစ် ၎င်းတို့၏အိမ်လေးနှင့် အသက်မွေးဝမ်းကျောင်းအလုပ်တွေ ဆုံးရှုံးလိုက် ရခြင်းကိုလည်း ကလေးကြောင့်ပဲ သူမ ရင်ဆိုင်နိုင်ခဲ့သည်။


မသီတာဦးတို့ ရွာလေးရှိ လူတစ်ထောင်နီးပါးမှာ ယင်းဘုန်းကြီးကျောင်းဝင်းထဲမှာပင် ၈လကျော် နေထိုင် ခဲ့ကြရသည်။ ယင်းအချိန်တွင် ထိုနေရာနှင့် သိပ်မဝေးသည့်နေရာတွင် ကျောက်ကက်ရွာသစ် တစ်ရွာ ရုပ်လုံး ပေါ်လာခဲ့သည်။ ယင်းကာလအတွင်း ယူနီဆက်၏ ပံ့ပိုးမှုဖြင့် METTA ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း NGO က ယင်းဒေသအတွင်းတွင် မိလ္လာနဲ့ သန့်ရှင်းရေး (WASH) အရေးပေါ် လိုအပ်ချက်များကို ဖြေရှင်းပေးသည်။ တစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းများ ဖြန့်ဝေခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် သတိပြုမိစေရန် စစ်ဆေးချက်များ ပြုလုပ်ခြင်း၊ သောက်ရေ၊ အိမ်သာများနှင့် ဆောက်လုပ်ရေးပစ္စည်းများ ပံ့ပိုးပေးခြင်းအပြင် အဝီစိတွင်းများနဲ့ ရေကန်များ ပြန်ဖော်ပေးခြင်းတို့ကို ပြုလုပ်ပေးခြင်း ဖြစ်သည်။ ကနဦး ကူညီပံ့ပိုးမှုအစီအစဉ်မှာ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့မှ လူ ၄သိန်းကျော်ဆီ ရောက်ရှိခဲ့သော်လည်း လုံလောက်မှုမရှိခဲ့ပေ။


 “လိုအပ်ချက်တွေ ရှိနေသေးတဲ့အတွက် ယူနီဆက်ဖ်က Metta နဲ့ ပူးပေါင်းပြုလုပ်တဲ့ WASH စီမံကိန်း တိုးချဲ့လိုက်တယ်။ ရေတွင်း ၃၂ တွင်း တူးတယ်။ ဒါဟာ ရေလွှမ်းမိုးမှုဒဏ်ခံ ဒေသတွေ အတွက် ရေပြန်လည် ရရှိဖို့ ကုန်ကျစရိတ်အသက်သာဆုံးနည်းဖြစ်လို့ပါ” ဟု ယူနီဆက်ဖ်ရဲ့ WASH ပညာရှင် ဘစ်ရှနူးပေါ့ခ်ရယ်လ်က ရှင်းပြသည်။


စီမံကိန်းတိုးချဲ့သည့် နေရာများထဲတွင် ကျောက်ကက်ရွာသစ်လည်း ပါဝင်သကဲ့သို့ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့မှ နောက်ထပ် လူဦးရေ ၅၅၀၀ မှာ သန့်ရှင်းသောရေကို ရရှိလာကြသည်။

ကျောက်ကက်ရွာသားများက ၎င်းတို့၏ အိမ်သစ်များသို့ ပြောင်းရွှေ့နေထိုင်ကြသည်နှင့် တပြိုင်နက် ကျေးရွာ ဦးဆောင်မှုအောက်တွင် သောက်သုံးရေရရှိရေး လုပ်ငန်းများ စတင်ခဲ့သည်။

“Metta က ကျွန်တော်တို့ကို သင်တန်းပေးတယ်၊ ကိရိယာပစ္စည်းတွေပေးတယ်။ ကျန်တာကိုတော့ ကျွန်တော်တို့လက်တွေနဲ့ ကိုယ်တိုင် ပြုလုပ်ခဲ့တယ်” လို့ ရွာသူကြီး ဦးအောင်ခင်က ဂုဏ်ယူစွာနဲ့ ပြောပြ သည်။


“ပထမဆုံး ရေတွင်းပြီးဖို့က တော်တော်ခက်ခဲခဲ့တယ်။ ရေကို စမ်းသပ်ပြီး ကောင်းသွားပြီဆိုတာနဲ့ တခြားရေတွင်းတွေကို ဆက်ဆောက်ခဲ့ကြတယ်” လို့ ၎င်းက ပြောပြသည်။

အဲဒီအချိန်ကစပြီး ရေတွင်း ၈ တွင်းနှင့် လက်ယက်တွင်း ၂ တွင်း ပြုလုပ်ပြီးစီးခဲ့သည်။ ယခုအချိန် ထိတော့ ယင်းရေတွင်းများမှ သန့်ရှင်းသော သောက်ရေများ လူတိုင်းရရှိနေကြသည့်အတွက် တစ်ရွာလုံးအတွက် လုံလောက်သည်ဟု ယူဆရသည်။


 “ဘ၀က သိသိသာသာကြီးကို တိုးတက်နေပါပြီ။ ကျွန်တော်တို့ ဘုန်းကြီးကျောင်းမှာနေတုန်းက ရေကို ညစ်ညမ်းတဲ့မြစ်ထဲကနေ ခပ်ရတယ်။ ဒီနေရာကို ပြောင်းရွှေ့နေထိုင်ပြီးကတည်းက ဘာကျန်းမာရေး ပြဿနာမှ မရှိဘူး၊ ရေနဲ့ ဆက်စပ်တဲ့ ရောဂါတွေလည်း မဖြစ်ဘူး”  လို့ ဦးအောင်ခင်က ဆိုသည်။

ဘဝတွေ တိုးတက်ကောင်းမွန်လာခဲ့ပေမဲ့ တစ်ရွာလုံးက ပိုပြီးကောင်းမွန်စေဖို့ ပြုလုပ်လိုသည့် ဆန္ဒ ရှိကြသည်။ နောက်တစ်ဆင့်အနေဖြင့် တွင်းရေများကို နေအိမ်များအထိ ရေပိုက်နဲ့ သွယ်ဖို့ စီစဉ်ထားကြသည်။


“ကိုယ့်ဘာသာကိုယ် ဆောင်ရွက်လို့ရပေမဲ့ လိုအပ်တဲ့ပစ္စည်းအတွက် အထောက်အပံ့တော့ လိုနေပါ သေးတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လတွေက အတွေ့အကြုံတွေ ရခဲ့ပါတယ်။ အထူးသဖြင့် အမှားတွေကနေ ရတာပေါ့။ ဒါကြောင့် ဘာငွေကြေးအထောက်အပံ့မှ မရဘူး ဆိုရင်တောင် ဖြစ်အောင်လုပ်မယ်လို့ ကျွန်တော်တို့အားလုံးက သန္ဓိဋ္ဌာန်ချထားကြတယ်” ဟု ဦးအောင်ခင်က ဂုဏ်ယူဝံ့ကြွားစွာနဲ့ စကားကို အဆုံးသတ်ခဲ့သည်။

ဦးအောင်ခင်အတွက် ဂုဏ်ယူရမည့် အကြောင်းအရင်းတွေ ရှိပါသေးသည်။ အိမ်သစ်များနှင့် ရေတွင်းသစ်များအပြင် ၎င်း၏ မြေးဦးလေးကိုလည်း ရရှိခဲ့သည်။ ယင်းကလေးမှာ ကျောက်ကက်ရွာသစ်၏ သင်္ကေတဟုလည်း ဆိုနိုင်ပေသည်။



ကျေးရွာသစ်တွင် လေးလအရွယ် သားလေးနှင့်အတူ တွေ့ရသည့် မသီတာဦး  
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ မာရီယာနာပါလာဗရာ
“ကျွန်မအိမ်သစ်ရတယ်၊ သန့်ရှင်းတဲ့ ရေရတယ်၊ ရွာအသစ်ရတယ်၊ ပြီးတော့ ကျွန်မကလေးက မြန်မာ နှစ်သစ် ကာလမှာ မွေးဖွားခဲ့တယ်။ သူက ဘဝသစ်ရဲ့ သင်္ကေတပါပဲ” ဟု မသီတာဦးက ပြောသည်။


“ကျွန်မ သားလေးကိုကြည့်ပြီး ကျွန်မလို မဖြစ်ဘဲ ပညာတတ်ကြီး ဖြစ်စေချင်တယ်။ ပြီးတော့ သူက ကျွန်မအဖေရဲ့ နေရာကို ဆက်ခံပြီး ရွာသူကြီးဖြစ်ချင် ဖြစ်လာ နိုင်တယ်လေ” ဟု မသီတာဦးက ဆိုခဲ့လေသည်။



ပြီးပါပြီ။

No comments:

Post a Comment