Thursday, October 1, 2015

စိုးရိမ်ရသော အစောပိုင်းနေ့များ-- ကျန်းမာရေးဌာနတွင် မီးဖွားခြင်း

ဗာဂျင်းနီးယား ဟန်ဒါဆန် ရေးသားသည်
 
နန်းမြကလေးနှင့် သူမမိခင်အား မိသားစုနှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လွန်ရွာရှိနေအိမ်တွင် တွေ့ရစဉ်
©UNICEF Myanmar/2015/Virginia Henderson
 
တောင်ကြီး၊ ရှမ်းပြည်တောင်ပိုင်း၊ ၂၀၁၅ ခုနှစ် စက်တင်ဘာလ- ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းက ဝေးလံခေါင်သီလှသော လွိုင်လွန်ရွာလေးတွင် မိုးသည်းသောနေ့တစ်နေ့၌ အသက် ၂၄ နှစ်ရှိ နန်းခေးမှာ ၎င်း၏ စတုတ္ထမြောက်ကလေးငယ်ကို အမျိုးသားအရပ်လက်သည်၏ အကူအညီဖြင့် မွေးဖွားခဲ့သည်။ ကလေးမီးဖွားပြီးချိန်တွင် နန်းခေးမှာ အချင်းကပ်နေသဖြင့် သွေးပေါင်အလွန်ကျကာ သတိရတစ်ချက် မရတစ်ချက် ဖြစ်နေသည်။

အနီးအနားရွာတွင် သားဖွားဆရာမကို အကူအညီတောင်းရန် လူတစ်ဦးကို အမြန်စေလွှတ်လိုက်သည်။ အရန်သားဖွားဆရာမ ဒေါ်နန်းဘွားမှာ ကျန်းမာရေးဌာန၏ မီးမဖွားမီအချိန်နှင့် မီးဖွားပြီးအချိန်တွင် အန္တရာယ်ရှိသော ရောဂါလက္ခဏာများဆိုင်ရာ မွမ်းမံသင်တန်းကို တက်ရောက်ပြီးစီးခါစ အချိန်ဖြစ်ရာ အရေးပေါ်အခြေအနေဖြစ်သည်ကို သိနိုင်စွမ်းရှိသည်။

”နန်းခေးကို ဆေးရုံချက်ချင်းပို့ဖို့ လိုတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ အဲဒီအချိန်မှာ ဓာတ်ဆားရည်ပုလင်းတွေရှိနေတာရယ်၊ ပြီးတော့ ဒီဒေသမှာ မိုဘိုင်းဖုန်း ကွန်ရက်သစ်တွေကလည်း ရှိနေတဲ့အတွက် မြို့နယ်သူနာပြုဆီကို ကျွန်မ ဖုန်းဆက်ပြီး ဘာလုပ်ရမလဲလို့ မေးနိုင်ခဲ့ပါတယ်။ ဒါဟာ မိခင်ရဲ့အသက်ကို ကယ်ဖို့ အထောက်အကူဖြစ်စေခဲ့တယ်လို့ ထင်ပါတယ်” ဟု အတွေ့အကြုံရင့်သော သားဖွားဆရာမ ဒေါ်နန်းဘွားက ပြန်ပြောင်းပြောပြသည်။

လွိုင်လွန်ကျေးရွာမှာ မိုးရာသီတွင် ကားလမ်းမပေါက်သောရွာ ဖြစ်သည်။ နန်းခေး၏ ခင်ပွန်းနှင့် အမျိုးသား သုံးဦးက ချည့်နဲ့နေသော မိခင်ကို မိုးထဲရေထဲ၌ ကြမ်းတမ်းလှသောလမ်းမှ စောင်ပုခက်နှင့်သယ်ဆောင် ခဲ့ရပြီးနောက် ထော်လာဂျီဖြင့် ခေးလူရွာကို ပို့ဆောင်ခဲ့သည်။

”အရမ်းကိုနာနေပြီး ဘာကိုမှမမြင်ဘူး။ အဲဒီအချိန်တုန်းက ကျွန်မသေတော့မယ်လို့ပဲ ထင်ထားတာ” ဟု နန်းခေးက ပြန်ပြောပြသည်။

ကျောက်တလုံးဆေးရုံတွင် နန်းခေး၏ အချင်းကို လက်ဖြင့် ဖယ်ထုတ်ကာ ကနဦး ဆေးကုသမှု ပေးခဲ့သည်။ ၎င်း၏ သွေးပေါင်ချိန် ပုံမှန်ပြန်ဖြစ်သောအခါ ၎င်းအား ပစ္စည်းကိရိယာ ပိုမိုပြည့်စုံသော တောင်ကြီးဆေးရုံကြီးသို့ ပို့ခဲ့သည်။ ယင်းဆေးရုံတွင် ငါးရက်ဆေးကုသမှုခံယူကာ အိမ်ပြန်သွားသည်။

မြန်မာနိုင်ငံတွင် နေထိုင်သူများမှာ သယ်ယူပို့ဆောင်မှုနှင့် အချို့ဆေးဝါးများအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုနှင့်ဆက်စပ်သော အပိုကုန်ကျစရိတ်များအတွက် မိမိငွေဖြင့် ပေးချေရသည်။ ယင်း အချက်က မိသားစုများ၊ အထူးသဖြင့် ဆင်းရဲသော အိမ်ထောင်စုများအား ဆေးရုံ၊ ဆေးခန်းများသို့ မသွားနိုင်ရန် ဟန့်တားထားသည်။ ယခုကဲ့သို့ မီးဖွားရာတွင် အခက်အခဲဖြစ်ခြင်းကဲ့သို့သော အရေးအပေါ် အခြေအနေများတွင် သေမည် ရှင်မည်ကို မသိနိုင်သော အနေအထားဖြစ်သည်။

အိမ်တွင် မီးဖွားစဉ် အခက်အခဲကို နဖူးတွေ့ဒူးတွေ့ မြင်တွေ့ခဲ့ရသော နန်းခေး၏ ယောက္ခမ ဒေါ်ပန်က ”ကျွန်မ တကယ်ပဲစိတ်ပူသွားတယ်။ နန်းခေးရဲ့အခြေအနေက အတော်ဆိုးတယ်။ မိုးတွေကသည်းနေ တယ်။ ကျွန်မတို့မှာကငွေမရှိဘူး။ ဆေးကုဖို့ သူ့ကိုခေါ်သွားကြတော့ မွေးကင်းစကလေးကို စောင့်ရှောက်ဖို့ ကျွန်မကျန်ရစ်ခဲ့တယ်။ ကျွန်မ တစ်ချိန်လုံး ငိုနေခဲ့ရတာ” ဟု ပြောသည်။ နန်းခေးမရှိချိန်တွင် နန်းမြဟု အမည်ပေးထားသော ကလေးငယ်ကို ၎င်း၏အစ်မဖြစ်သူက နို့တိုက်ထားသည်။

နန်းခေးနှင့် သူမယောက္ခမအား မွေးခင်းစ နန်းခေးလေး၏အသက်ကိုကယ်တင်နိုင်ခဲ့သော ကျန်းမာရေးဝန်ထမ်း မဌေးဌေးမြင့်နှင့်အတူတွေ့ရစဉ်
©UNICEF Myanmar/2015/Virginia Henderson

”သားဖွားဆရာမ ဒေါ်နန်းဘွားက ကျွန်မအသက်ကို ကယ်ခဲ့တာပါ။ ဆေးရုံသွားဖို့ သူသာ မကူညီခဲ့ရင် ကျွန်မသေမှာ သေချာတယ်။ ကူညီခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးကို ကျွန်မ ကျေးဇူးတင်ပါတယ်။ နောက်တစ်ယောက်မွေးရင်တော့ ဆေးရုံဆေးခန်းမှာ ကျွမ်းကျင်ဝန်ထမ်းနဲ့ မွေးမယ်လို့ ဆုံးဖြတ်လိုက်ပြီ” ဟု စိတ်သက်သာရာ ရသွားသော နန်းခေးက ပြောသည်။

ယူနီဆက်ဖ်က အရန်သားဖွားဆရာမများနှင့် အရပ်လက်သည်များအတွက် အခက်အခဲရှိနေသော အခြေခံ မီးဖွားကိရိယာပစ္စည်းများကို ထောက်ပံ့ပေးသည့်အပြင် သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကာ  အဖွဲ့များ အားလုံးကြား ပူးပေါင်းဆောင်ရွက်မှုများကို ထောက်ပံ့ပေးသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ရိုးရာဓလေ့ များကြောင့် အယူအဆလွဲမှားမှုပြဿနာများကို ဖြေရှင်းရန်နှင့် အာဟာရနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအပါအဝင် မီးမဖွားမီ၊ မီးဖွားစဉ်နှင့် မီးဖွားပြီး စောင့်ရှောက်မှု တိုးတက်စေရန်အတွက် ယူနီဆက်ဖ်က ကျန်းမာရေးဌာနနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။ ရပ်ရွာတွင်း၌ ဆေးပညာ ဗဟုသုတရှိစေရန် လှုံ့ဆော်ရေးလှုပ်ရှားမှုများက မိခင်နှင့်ကလေးများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အထဆိုင်ရာ ဝေါဟာရကို ပျံ့ပွားစေခဲ့သည်။

နန်းမြကို ၁၃ လတွင် နို့ဖြတ်ခဲ့ပြီး ယခုအခါ ကောင်လေးမှာ အသက် ၁၈ လရှိပြီဖြစ်သည်။ ”သူနဲ့ ကျွန်မ  အခုကျန်းမာရေး ကောင်းပါတယ်။ ကျွန်မလည်း အားလုံးစားတယ်။ ပရိုတင်းပါတာတွေ၊ ကြက်သား၊ ငါး၊ အသီးအရွက်နဲ့ ပဲပုပ်ပဲတွေ ပါပါတယ်” ဟု မိခင်က ပျော်ရွှင်စွာပြောသည်။

မြန်မာနိုင်ငံမှာ ဒေသတွင်းတွင် မိခင်နှင့် ငါးနှစ်အောက်ကလေးငယ် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံ တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် ငါးနှစ်အောက်ကလေး ၆၅,၀၀၀ခန့် နှင့် အမျိုးသမီးဦးရေ ၂,၅၀၀က မီးတွင်းတွင် သေဆုံးကာ ကိုယ်ဝန်ဖျက်ချမှုကြောင့် ၄၂ရက်တွင်း သေဆုံးကြသည်။  ငါးနှစ်အောက် ကလေးများသေဆုံးမှု၏ ၅၀ ရာခိုင်နှုန်းမှာ မွေးကင်းစကလေးငယ်များဖြစ်ပြီး အများစုမှာ မွေးသည့်နေ့တွင်ပင် သေဆုံးကြသည်။ မွေးကင်းစကလေးငယ်များ သေဆုံးရခြင်း၏ အဓိက အကြောင်းရင်းများမှာ လမစေ့ဘဲ မွေးဖွားခြင်းနှင့် ရေမွန်းခြင်းတို့ကြောင့် ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ ကလေးငယ်များ၏ ၃၆ ရာခိုင်နှုန်းကသာ ဆေးရုံ၊ ဆေးပေးခန်းတွင် မွေးဖွားပြီး ၎င်းတို့၏ ၅၀ ရာခိုင်နှုန်းတွင်သာ အရေးပေါ် သယ်ယူပို့ဆောင်ရေးရှိသည်။ ပြည်နယ်များနှင့် တိုင်းဒေသကြီးများ၌ (ကျန်းမာရေးစောင့်ရှောက်မှုတွင်) ကြီးမားသောကွာခြားချက်များ ရှိသည်။

ကျန်းမာရေးစောင့်ရှောက်မှုအပေါ် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုကို အားပေးရန်နှင့် ကလေးငယ်တစ်ဦးဘ၀၏ ပထမဆုံး ရက်ပေါင်း၁၀၀၀၌ (ကျန်းမာရေးဝန်ကြီးဌာန၏) စုစည်းညီညွတ်သော အထောက်အပံ့တစ်ခုကို မြှင့်တင်ဆောင်ရွက်ရန် ယူနီဆက်ဖ်က အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ ဤအထောက် အပံ့တွင် မိခင်နှင့်ကလေး အာဟာရ တိုးတက်ကောင်းမွန်စေခြင်း၊ ကာကွယ်ဆေး အပြည့်အဝထိုးခြင်း/တိုက်ကျွေးခြင်း၊ သန့်ရှင်းသောရေနှင့် မိလ္လာစနစ် တိုးချဲ့ထောက်ပံ့ခြင်းနှင့် ကလေးများ၏ စိတ်ပိုင်း-လူမှုရေးဆိုင်ရာ တိုးတက်စေခြင်း၊ စောင့်ရှောက်မှုပေးခြင်းနှင့် ကာကွယ်ပေးခြင်းတို့ ပါဝင်သည်။

ဆေးရုံ၊ ဆေးပေးခန်းတွင် မွေးဖွားခြင်း သို့မဟုတ် အနည်းဆုံး ကျွမ်းကျင်သော လက်သည်နှင့် မွေးဖွားခြင်း စသော ရိုးစင်းလွယ်ကူသော ကျန်းမာရေးထောက်ပံ့မှုအတန်အသင့်ဖြင့် မိခင်နှင့် ကလေးသေဆုံးမှုနှုန်းကို သိသိသာသာလျော့ကျအောင် ပြုလုပ်နိုင်သည်။ အခြားအဓိကကျသော အထောက်အပံ့များတွင် ကလေး ရောဂါများ မဖြစ်ပွားအောင် ကာကွယ်ဆေးထိုးခြင်း/တိုက်ကျွေးခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ဓာတ်ဆားရေတိုက်ကျွေးခြင်းကုထုံးတို့ ပါဝင်သည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ကိုယ်ဝန် ၃၉ ပတ်ရှိနေပြီး မွေးဖွားချိန်လွန်နေသော အသက် ၃၁ နှစ်အရွယ်ရှိ နန်းသိန်းရီက ၎င်း၏ရွာဖြစ်သော ဝါးလရွာတစ်လျှောက် လည်ပတ်ရင်း လမ်းလျှောက်နေစဉ် အနည်းငယ် မူးဝေလာသဖြင့် အိမ်ပြန်လာခဲ့ရာ ကြမ်းပေါ်သို့ သတိလစ်မေ့မြော လဲကျသွားသည်။ နောက် ၅ နာရီအကြာတွင် နန်းသိန်းရီမှာ တောင်ကြီးဆေးရုံရှိ ခွဲစိတ်ခန်းထဲတွင် ဗိုက်ခွဲမွေးဖွားနေရသည်။

”နောက်တစ်နေ့မှ ကျွန်မသတိပြန်လည်လာတယ်။ ကလေးမွေးတာကို ကျွန်မလုံးဝကို မသိလိုက်ဘူး” ဟု မိခင်က တအံ့တဩပြောသည်။ ”ကျွန်မရဲ့ အရင်ကလေးနှစ်ယောက်တုန်းက မီးတွင်းထဲမှာတင် ဆုံးသွားကြတောင် စတုတ္ထမြောက်ကလေးမို့လို့ဖြစ်တယ်လို့ထင်နေတာ။ အရင်ကလေးတွေအားလုံးလည်း အိမ်မှာပဲမွေးတာဆိုတော့ အဆင်ပြေသင့်တာ။ ဒါပေမဲ့ မပြေဘူး။ သားဖွားဆရာမနဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ကျေးဇူးကြောင့် ကျွန်မ ဒီနေ့ ဒီကိုရောက်နေရတာပါ” ဟု ၎င်းက ပြောသည်။

နန်းခေးနှင့် နန်းသိန်းရီတို့ နှစ်ဦးလုံး ကျန်းမာရေးဝန်ဆောင်မှုရှိရာ နေရာများသို့ အချိန်မီ ရောက်ရှိ သွားကြပါသည်။ သို့သော်လည်း မိခင်တိုင်းသည် သူတို့နှစ်ဦးလောက် ကံကောင်းမှုမရှိကြပေ။ မိခင်နှင့် မွေးကင်းစကလေးငယ်တို့ သေဆုံးမှုကျဆင်းစေရန် ယူနီဆက်ဖ်က မိခင်များကို ဆေးရုံနှင့် ဆေးပေးခန်း များသို့ သွားရောက်ရန်နှင့် အစိုးရမှလည်း ကလေးမွေးဖွားမှုနှင့် သက်ဆိုင်သည့် သယ်ယူပို့ဆောင်မှုနှင့် အချို့ဆေးဝါးများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ဆက်စပ်သော အပိုကုန်ကျစရိတ်များအတွက် မိမိငွေဖြင့် ပေးချေနေရခြင်းများ လျော့နည်းလာစေရန် နည်းလမ်းများရှာကာ လုပ်ဆောင်ရန် တိုက်တွန်း ပါသည်။ နန်းသိန်းရီ၏ နေအိမ်တွင်ပင် မွေးဖွားရသည့် ပထမကလေးနှစ်ဦးသည် ဆေးရုံနှင့်ဆေးပေးခန်း များသို့ သွားရောက်မွေးဖွားရန် သူမပြင်ဆင်ခဲ့ပါက အသက်ရှင်နိုင်ဖို့ သေချာမှာ ဖြစ်ပါသည်။

No comments:

Post a Comment