Friday, February 16, 2018

ရခိုင်ပြည်နယ်တွင် သန့်ရှင်းရေးလုပ်ငန်းများတိုးတက်ဖို့ ဒေသခံပြည်သူလူထုဦးဆောင်

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးသည့် ဒေသတစ်ခု ဖြစ်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သည့် အိမ်သာသုံးစွဲနိုင်မှုသည် စုစုပေါင်းလူဦးရေ၏ ထက်ဝက် ၄၈%သာလျှင်ရှိပြီး မြန်မာနိုင်ငံတွင် အနိမ့်ဆုံး များမှ တစ်ခုအပါအဝင်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် နေထိုင်သည့်လူဦးရေ၏ ၅၈%သာလျှင် သန့်ရှင်းသည့် သောက်သုံးရေကို သုံးစွဲနိုင်ပါသည်။ ယင်းအခြေအနေကို ပြောင်းလဲနိုင်ဖို့ ယူနီဆက်သည် ဒေသဆိုင်ရာ အစိုးရ အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်းလျှက် မြို့နယ် ၃ မြို့နယ်တွင် ကျန်းမာရေးနှင့် ညီညွတ်သည့် အိမ်သာတည်ဆောက်ခြင်းလုပ်ငန်းကို ဒေသခံလူထုဦးဆောင်နိုင်ရန် ကူညီပံ့ပိုးပေးခြင်းကို ဆောင်ရွက်လျှက် ရှိပါသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် အသစ်တည်ဆောက်ပြီးစီးသည့် ရေအိမ်သာအား နောက်ခံထားပြီး ဒေါ်ဦးခိုင် မှတ်တမ်း ဓါတ်ပုံရိုက်စဉ်။ 
©UNICEF Myanmar/2017/Moe Thu

မြောက်ဦးမြို့နယ်အစွန် ဘောင်ဒတ်ကျေးရွာတွင် လုပ်ငန်းမစတင်မှီ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ အချိန်က မိသားစု ၁၃၅စုတွင် မိသားစု ၂စုသာလျှင် ကျန်းမာရေးနှင့်ညီညွတ်သည့် အိမ်သာ ရှိပါသည်။ လူအများစုက လယ်ကွင်းများနှင့် မြစ်ချောင်းစပ်များတွင် အိမ်သာသွားကြပါသည်။

ယင်းကျေးရွာတွင် မိသားစုဝင်ငါးဦးနှင့် အတူတကွနေထိုင်သည့် အသက် ၇၂နှစ်အရွယ် ဒေါ်ဦးခိုင်ဖြူ တစ်ယောက် တောထိုင်မစင်စွန့်ရခြင်းကို စိတ်မသက်မသာ ခံစားရသည်။ ယင်းကျေးရွာသို့ ယူနီဆက်နှင့် ကြက်ခြေနီ အဖွဲ့တို့ မရောက်ရှိမှီ သူမအနေဖြင့် အိမ်သာတွင်းတူးပြီး ပလက်စတစ်ဖြင့် ဖုံးအုပ်ထားခဲ့ပါသည်။

“မိုးတွင်းဆိုရင် တွင်းထဲက အနံ့ဆိုးတွေထွက်လာတတ်တယ်၊ ပြီးတော့ရေကြီးလေ့ရှိတယ်” ဟု သူမပြောသည်။ အိမ်နီးပတ်ဝန်းကျင်နေသူများမှ တိုင်တန်းသည့်အတွက်ကြောင့် နောက်ဆုံးမှာ အဲဒီအိမ်သာကို ဖျက်လိုက်ရသည်။

သို့သော် အပြင်မှာအိမ်သာသွားရခြင်းမှာလည်း ပြဿနာရှိပါသည်။ “အဲလိုသွားရတာမလုံခြုံဘူး၊ မြွေတွေ အကောင်ဘလောင်တွေ ကလည်း ခြုံထဲမှာရှိတယ်” ဟုသူမပြောသည်။ “ကျွန်မတို့ တော်တော် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်”

သို့ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ယူနီဆက်နှင့် ကြက်ခြေနီအဖွဲ့ စီမံချက်လုပ်ငန်း အစည်းအဝေးကို မိသားစုတစ်စုလျှင် တစ်ဦးကျ တက်ရောက်ရန် ဖိတ်ကြားသည့်အခါ ဒေါ်ဦးခိုင်ဖြူတစ်ယောက် အမြန်ဆုံးစာရင်းသွင်းခဲ့ပါသည်။

ယင်းစီမံချက် လုပ်ငန်းမှတစ်ဆင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၏ အရေးကြီးပုံ အထူးသဖြင့် လူ့မစင်မှတစ်ဆင့် ရောဂါပိုးများ မည်ကဲ့သို့ အလျင်အမြန် ပျံ့နှံ့ကြောင်းနှင့် ဒေသခံလူထုအနေဖြင့် မည်သို့ကာကွယ်နိုင်မည်ဆိုသည့် အကြောင်းများကို တက်ရောက်လာသူများသင်ယူနိုင်ပါသည်။ “ယင်းရောဂါများ ပျံ့နှံ့ခြင်းကို ရပ်တန့်ဖို့ တစ်ခုတည်းသောနည်းလမ်းက အိမ်သာအသုံးပြုခြင်း ဖြစ်ပါတယ်” ဟု ဒေါ်ဦးခိုင်ဖြူပြောသည်။

ယူနီဆက်နှင့် ကြက်ခြေနီအဖွဲ့တို့သည် ရွာတစ်ရွာစီအတွက် အိမ်သာကျင်းဂွေ လုပ်နိုင်သည့် ကွန်ကရစ်ပုံလောင်း ကိရိယာသုံးခုစီကို ပံ့ပိုးပေးပါသည်။ သူတို့၏ အိမ်သာများအတွက် ကွန်ကရစ်အိမ်သာကျင်းဂွေ ကိုယ်တိုင်ပြုလုပ်နိုင်ရန် ကျေးရွာလူထုကို သင်တန်းပေးခြင်းနှင့် စုစုပေါင်း ကွန်ကရစ်ပုံလောင်းကိရိယာ ၃၆၀ ကို ပံ့ပိုးပေးခဲ့ပါသည်။

ဒေါ်ဦးခိုင်ဖြူတစ်ယောက် ရရှိလာသည့် ဗဟုသုတ အသစ်များနှင့် ဆုံးဖြတ်ချက်များကြောင့် သူမအိမ်တွင် အိမ်သာဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။ “အိမ်သာတစ်လုံးကို တစ်ခါတည်းဆောက်ဖို့ ကျွန်မတို့မှာလုံလောက်တဲ့ ပိုက်ဆံမရှိဘူးလေ..ဒါကြောင့် ပိုက်ဆံနဲ့ ပစ္စည်းတွေကို တစ်လနည်းနည်း စုဆောင်းရတယ်”ဟု သူမရှင်းပြသည်။ ယူနီဆက်နှင့် ကြက်ခြေနီအဖွဲ့တို့ လုပ်ငန်းစတင်ပြီး လပေါင်းများစွာကြာပြီးနောက်မှာ သူမအိမ်မှာ အိမ်သာကိုပြီးအောင် ဆောက်နိုင်ခဲ့ပါသည်။ “လူ့မစင်တွေကနေ ကူးစက်တတ်တဲ့ရောဂါများမှ ကျွန်မမိသားစုကွင်းဝေးပြီး လုံခြုံမှုကို ခံစားရပါတယ်” ဟုသူမပြောသည်။

“ကွန်ကရစ်ပုံလောင်းကိရိယာများ ပံ့ပိုးပေးတဲ့အတွက် ယူနီဆက်နဲ့ ကြက်ခြေနီအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ အရမ်းလည်း အသုံးဝင်ပါတယ်။ အဲဒီပုံလောင်း ကိရိယာက ကျင်းပတ်လည် အကာအရံနဲ့ ရေသိုလှောင်ဖို့ ပစ္စည်းတွေ ပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်ပါတယ်” ဟု သူမက ပြောသည်။ ”ရွာသားတွေလည်း အိမ်သာတွေ ဆောက်လုပ်လာကြလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။”

ရခိုင်ပြည်နယ်ရှိ မြို့နယ်သုံးမြို့နယ်တွင် အိမ်သာအရေအတွက်သည် လုပ်ငန်းမစတင်မှီ ၂၂၁လုံး ရှိခဲ့ရာမှ ဒေသခံပြည်သူများ တည်ဆောက်သည့်အိမ်သာ ၂၁၈၉လုံးအထိ ရုတ်ချည်း သိသိသာသာ တိုးတက်လာခဲ့ပါသည်။

No comments:

Post a Comment