Tuesday, December 5, 2017

ကရင်ပြည်နယ် စာသင်ကျောင်းရှိ ကလေးများ မြေမြှပ်မိုင်းများအား ခွဲခြားသိရှိခြင်း၊ ရှောင်ရှားနိုင်ခြင်း နှင့် သတင်းပို့နိုင်ခြင်းဆိုင်ရာ အသိပညာများ သင်ယူ

Macarena Aguilar ရေးသားသည်

မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်ဒေသတွင် ဆယ်စုနှစ်များစွာဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခကြောင့် တောင်ယာစိုက်ခင်းများနှင့် သစ်တောများတွင် မြေမြှပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းများဖြင့် ဖုံးလွှမ်းနေခြင်းကြောင့် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများအတွက် ကြီးမားသည့်အန္တရာယ်ကို ဖြစ်စေပါသည်။ ယင်းအခြေအနေသည် ကရင်ပြည်နယ်အတွက် အခြေအနေမှန်တစ်ခုလည်းဖြစ်ပါသည်။ ယင်းပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများပျံ့နှံ့လျှက်ရှိပြီး မတော်တဆ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိပါသည်။

လွန်ခဲ့သော ၂၀၁၆ခုနှစ်မှစ၍ ယူနီဆက်နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် မိုင်းအန္တရာယ်များ အကြောင်းကို စာသင်ကျောင်းများတွင် ကလေးများအား အသိပညာပေး တိုးမြှင့်လုပ်ဆောင်ခြင်းသည် အရေးပါသည့် မဟာဗျူဟာတစ်ခု ဖြစ်လာပါသည်။ အသက် ၈နှစ်မှ ၁၄နှစ်အကြား အသက်အရွယ် ကလေးသူငယ်များသည် လွယ်လင့်တကူ အန္တရာယ် ကျရောက်နိုင်သည့် အရွယ်များဖြစ်ပြီး ယင်းအရွယ်ရှိ ကလေးများအတွက် ရည်ရွယ်ပြီး မိုင်းအန္တရာယ်လျော့ပါးရေး အသိပညာပေး အစီအစဉ်များအား ပုံဖေါ်ဖန်တီးထားပါသည်။

“ဒီအသက်အရွယ်မှာရှိတဲ့ အုပ်စုက အများအားဖြင့် အန္တရာယ်ကျရောက်လွယ်တဲ့ အုပ်စုဖြစ်ပါတယ်”ဟု ယူနီဆက်မှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အရာရှိ Danee Luhar ကပြောသည်။ “သူတို့တွေက စူးစမ်းချင်တယ်၊ ပုန်းအောင်းဆော့ကစားကြတယ်၊ အဲဒီအတွက်ကြောင့် အန္တရာယ်ရရှိနိုင်ပါတယ်။ ဒါ့အပြင် အဲဒီအသက်အရွယ်ရှိတဲ့ ကလေးတွေဟာ မိသားစုအတွက် ရေရှာ၊ ထင်းရှာ တာဝန်ယူကြရတဲ့အတွက် လူသွားလမ်းမဟုတ်တဲ့ နေရာတွေဆီကို လှည့်လည်သွားရောက်ရှာဖွေကြရတယ်”

၂၀၁၇ ခုနှစ်အတွင်း ကချင်ပြည်နယ်တစ်ခုတည်းတွင် DanChurchAid အဖွဲ့နှင့် ပူးပေါင်းပြီး Norwegian Church Aid အဖွဲ့ ၊ လူမူဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာနများနှင့် ပူးပေါင်းကာ ကျောင်းပေါင်း ၆၀၀၀ ကျော်ရှိ ကလေးသူငယ်များဆီသို့ အသိပညာပေးဆိုင်ရာ လုပ်ငန်းများရောက်ရှိခဲ့ပါသည်။

©UNICEF Myanmar/2017/Khine Zar Mon

အသိပညာပေးအစီအစဉ်များတွင် စာသင်ကျောင်းများရှိဆရာ၊ ဆရာမများ၏ ညှိနှိုင်းဆောင်ရွက်ပေးသည့် အခန်းကဏ္ဍက အရေးပါ ပါသည်။ ဆရာဖြစ်သင်တန်း သင်ရိုးတွင် ဆရာ၊ ဆရာမများအနေဖြင့် ကလေးများအားမည်ကဲ့သို့ ပို့ချရမည်ဆိုသည့် နည်းပညာများအပြင် သတ်မှတ်ထားသည့်စင်တာများတွင် ရနိုင်သမျှ မိုင်းအန္တရာယ်လျော့ပါးရေး သင်တန်းများပို့ချနိုင်စေဖို့ တိုက်တွန်းမှု နှင့်အတူ ဆရာဖြစ် သင်တန်းများ ပို့ချဆောင်ရွက်ခဲ့ပါသည်။ “ဆရာ၊ ဆရာမ ပေါင်း ၂၁၀ အတွက် သင်တန်းပေးခဲ့ပြီး ဖြစ်ပါတယ်။ ရလာဒ်တွေက အလွန်ကို အားရဖွယ်ကောင်းပါတယ်” ဟု Danee ကပြောသည်။

©UNICEF Myanmar/2017/Khine Zar Mon
ယနေ့တွင် ကော့ကရိတ်မြို့နယ်ရှိ ချောင်းတောင် အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည့် သင်တန်းတွင် အားလုံးက သက်ဝင်လှုပ်ရှားနေသည့် ဆွေးနွေးတင်ပြမှုအပေါ် အာရုံရောက်နေကြပါသည်။ ကလေးများက မြေမြှပ်မိုင်းများကို ခွဲခြားသိရှိခြင်း၊ ရှောင်ရှားခြင်းနှင့် သတင်းပို့ခြင်းစသည့် မိုင်းအန္တရာယ်လျော့ပါးရေးကို သင်ယူနေသည့် စာသင်ခန်းမကြီးတွင် မိုင်းနှင့်သက်ဆိုင်သည့် ပိုစတာများ၊ ကာတွန်းများဖြင့် ပုံဖေါ်ထားသည့် ပိတ်ကားကြီးများဖြင့် အလှဆင်ထားပါသည်။ ဆရာ၊ ဆရာမများက မိုင်းအန္တရာယ်လျော့ပါးရေး သင်ထောက်ကူပစ္စည်းကို အသုံးပြုပြီးသင်ကြားလျှက်ရှိပါသည်။ ယင်း သင်ထောက်ကူပစ္စည်းကို ဥရောပသမဂ္ဂ အဖွဲ့၏ အကူအညီဖြင့် ထုတ်လုပ်ထားပြီး အဖွဲ့အစည်းအားလုံး အသုံးပြုနိုင်ရေးအတွက် စနစ်တကျ စမ်းသပ် စစ်ဆေးပြီးမှ အသုံးပြုစေခြင်း ဖြစ်ပါသည်။ ယင်းကို သင်တန်းပို့ချရာတွင် စနစ်တကျဖြစ်စေပြီး သင်တန်းပို့ချသူကို အကူအညီဖြစ်စေမည့် လက်ကိုင် အရွယ်အစား ရောင်စုံ ကဒ်ထူပြားဖြင့် ပြုလုပ်ထားပါသည်။

ကလေးများကို ဝေငှပေးသည့် လက်ကမ်းစာစောင်တွင် ရိုးရှင်းသောပုံများကို အသုံးပြုထားပါသည်။ ဥပမာအားဖြင့် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများ၊ ထိခိုက်ဒဏ်ရာရခြင်းများနှင့် အန္တရာယ်ပြအမှတ်အသားသည်  အသက်သေဆုံးနိုင်သည့် အန္တရာယ်ရှိကြောင်း စသည့် ရိုရှင်းသည့် ရုပ်ပုံများကို အသုံးပြုထားပါသည်။ ကလေးများက ဆရာများကို မေးခွန်းမေးမြန်းခြင်းနှင့် ဆရာများမှ ပြန်လည်ဖြေကြားခြင်းတို့ ပြုလုပ်ကြပါသည်။ မိုင်းနှင့်သက်ဆိုင်သည့် သတင်းစကားများ ထည့်သွင်းဖွဲ့ဆိုထားသည့် သံစဉ်တူ နာမည်ကြီးသီးချင်းတစ်ပုဒ်ကိုလည်း သီဆိုကြပါသည်။

“သူတို့လေးတွေ အလွယ်တကူသင်ယူနိုင်ဖို့ အရိုးရှင်းဆုံးသတင်းစကားကတော့ မသင်္ကာဖွယ် တစ်ခုခု တွေ့ရှိပါက ရပ်တန့်လိုက်ပါ၊ ရှေ့မတိုးနဲ့ နောက်ဆုတ်လိုက်ပါ၊ အိမ်ပြန်ပြီး မိဘများကို ပြောပြပါ- မိဘများက ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များကို ဆက်သွယ်သင့်ပါသည်” ဟု Danee ကရှင်းပြသည်။

ကလေးများကိုလည်း သူတို့ရရှိထားသည့် လက်ကမ်းစာစောင်ကို မိဘများနှင့် အုပ်ထိန်းသူများသို့ ပြန်လည်ဝေမျှပြီး သူတို့နှင့် အနီးကပ်ဆုံး ပတ်ဝန်းကျင်အပေါ်မည်ကဲ့သို့ အကျိုးသက်ရောက်နိုင်သည်ကို အတူတကွ ဆွေးနွေးကြဖို့တိုက်တွန်းပါသည်။  

©UNICEF Myanmar/2017/Khine Zar Mon

တစ်နိုင်ငံလုံးတွင် ပျမ်းမျှအားဖြင့် လွန်ခဲ့သော ၂နှစ် က သုံးရက်တွင် တစ်ဦးနှုန်း မြေမြှပ်မိုင်းကြောင့် ထိခိုက်ခံစားရသည်ကို သိရှိရပါသည်။ ၎င်းတို့ သုံးဦးတွင် တစ်ဦးသည် ကလေးငယ်များဖြစ်ပြီး အများစုသောထိခိုက်ခံစားမှုကို မှတ်တမ်းတင်သတင်းပို့ခြင်း မရှိကြပေ။ ဥပမာအားဖြင့် ကရင်ပြည်နယ်တွင် ထိခိုက်ခံစားရသူအများစုသည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်ကြပြီး ကုသမှု ခံယူကြပါသည်။

မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ မြန်မာတစ်နိုင်ငံလုံးရှိ ကလေးငယ်ပေါင်း ၂၀၀၀၀၀ကျော်ထံသို့ ရောက်ရှိပြီး ဖြစ်ပါသည်။ ထိုမှတစ်ဆင့် ကျောင်းသင်ရိုးညွှန်တမ်းများတွင် ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းသင်ကြားနိုင်စေဖို့ ရည်မှန်းထားပါသည်။ အထူးသဖြင့် မိုင်းအန္တရာယ်ရှိ တိုင်းဒေသသကြီးနှင့် ပြည်နယ် ၉ခုတို့တွင် ထည့်သွင်းသင်ကြားနိုင်ရန် ရည်ရွယ်ပါသည်။ “ကလေးများအားလုံးထံသို့ ရောက်ရှိအသိပညာပေးနိုင်မည့် အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်”ဟု Daneeက ပြောသည်။ “အိမ်နီးချင်း ကမ္ဘောဒီးယားကဲ့သို့ နိုင်ငံတွင် မိုင်းအန္တရာယ်လျော့ပါးရေး အသိပညာပေးခြင်းကို သူတို့ရဲ့ သင်ကြားရေး အစီအစဉ်တွေထဲမှာ ထည့်သွင်းထားတဲ့အဆင့်ကိုရောက်ရှိခဲ့ပါပြီ” ဟုပြောသည်။

လူထုအခြေပြုအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း ယူနီဆက်အနေဖြင့် မိုင်းအန္တရာယ် အသိပညာပေးခြင်းကို မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာဒေသများဖြစ်သည့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်များရှိ ဒေသခံပြည်သူထုနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး အသိပညာပေးအစီအစဉ်များ ဆောင်ရွက်လျှက်ရှိပါသည်။ ထို့အပြင် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသည့် သူများအတွက် အထောက်အကူပေးနိုင်မည့် စင်တာနှစ်ခုကို Handicap International မှ ကရင်ပြည်နယ်တွင် ဖွင့်လှစ်ထားရှိပါသည်။

သို့သော် မြန်မာနိုင်ငံရှိ မြေမြှပ်မိုင်းပြဿနာကို ဖြေရှင်းရာတွင် နောက်ဆုံးဆောင်ရွက်ရမည်မှာ မိုင်းရှင်းလင်းရေးပင်ဖြစ်ပါသည်။ ယင်းသို့ဆောင်ရွက်နိုင်ရန်မှာ အချိန်လိုအပ်မည်ဟုအများက စိုးရိမ်ကြီးစွာထင်ကြပါသည်။ “မြန်မာနိုင်ငံအနေဖြင့် မိုင်းရှင်းလင်းရေးကို ဆောင်ရွက်နိုင်ဖို့ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှုတွေ ပြီးဆုံးအောင် စောင့်ဆိုင်းနေဖို့ မဖြစ်သင့်ပါဘူး။ အထူးသဖြင့် ထိတွေ့တိုက်ခိုက်မှုများမရှိတော့သည့် ကရင်ပြည်နယ်တွင် မိုင်းရှင်းလင်းရေးကို အချိန်စောနိုင်သမျှ စောစော အကောင်အထည် ဖေါ်နိုင်ပါက မိုင်းကြောင့်ထိခိုက် သေဆုံးသည့် ကလေးငယ်များ မရှိနိုင်တော့ပါဘူး” ဟု Danee ပြောသည်။

  

No comments:

Post a Comment