Thursday, November 5, 2015

ကျောင်းမနေနိုင်သည့် ကလေးသူငယ်များ၏ ဘဝများ - တစ်မိနစ်စာ

ရေးသားသူ Jessica Aumann


©UNICEF Myanmar/2015/Jessica Aumann

အသက် (၁၂)နှစ်ရှိပြီဖြစ်တဲ့ ခင်စန္ဒာဝင်း တစ်ယောက် သူမရဲ့ ဇာတ်လမ်းလေးကို ဘာသာပြန် ပြောပေးမယ့်သူအလာကို ပလတ်စတစ်ထိုင်ခုံ ပန်းရောင်ပေါ်တွင် ပြုံးကာ စိတ်ရှည်လက်ရှည် ထိုင်စောင့် နေတော့သည်။

”ဆိုင်ကလုန်းမုန်တိုင်း တိုက်တော့ အကုန်ပျက်စီးသွားတယ်” ဟု သူမက ပြောသည်။ ”သမီးတို့ အိမ်ပါ ပါသွားတယ်။”

”မုန်တိုင်းတိုက်ပြီး နောက်ပိုင်း ဖေဖေနဲ့မေမေ ဧရာဝတီကနေ ရန်ကုန်ကို ပြောင်းသွားတယ်။ သမီးတို့ ကလေးတွေ အားလုံးကတော့ အဖိုးနဲ့ ကျန်နေခဲ့တယ်။ မေမေနဲ့ ဝေးနေရတာကို အရမ်းဝမ်းနည်းပြီး ဖုန်းပြောတိုင်း တအား ငိုမိတယ်” ဟု သူမက ပြောသည်။

The One Minutes foundation (TOM) မှ ပြုလုပ်သည့် လူငယ်များအတွက် အနုပညာနှင့် သက်ဆိုင် သည့် ဦးဆောင် လှုပ်ရှားမှုတစ်ခုဖြစ်ကာ လူငယ်များနှင့် သူတို့၏ ဇာတ်ကြောင်းများကို စက္ကန့် (၆၀)အတွင်း ရိုက်ကူးတတ်ရန် သင်ကြားပေးသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ခင်စန္ဒာက သူမရဲ့ အကြောင်းကို ပြောပြ နေခြင်းဖြစ်သည်။

ယင်း အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ဆင်နွှဲတက်ရောက်သည့် ကလေးသူငယ်များသည် ကျောင်း ဆက်လက် တက်ရောက်နိုင်ခြင်း မရှိတော့သည့် ကလေးများအား ပညာသင်ကြားပေးသည့် Non-Formal Primary Education (NFPE) သာတူညီမျှ အစီအစဉ်တွင် တက်ရောက် ပညာသင်ကြား နေကြခြင်း ဖြစ်သည်။ NFPE သာတူညီမျှ အစီအစဉ်တွင် ပညာသင်ကြားနေသည့် ကလေးသူငယ်များက သူတို့၏ မိသားစုဝင်ငွေ ရရှိရန် သို့မဟုတ် မွေးချင်းများကို ပြုစုစောင့်ရှောက်ရန် စသည့် အကြောင်းအရာ များကြောင့် ကျောင်းဆက်လက် မတက်ရောက် နိုင်တော့သည့် ကလေးငယ်အများစု ဖြစ်သည်။

NFPE သည် ဖွံ့ဖြိုးမှုမရှိသေးသည့် မြို့နယ်အချို့အတွက် အလေးထား လုပ်ဆောင်သည့် လုပ်ငန်းများ၊ တစ်မျိုးသားလုံး အရည်အသွေးရှိသည့် ကျောင်းတက်ရောက်နိုင်မှုနှင့် မူလတန်း ကျောင်းပညာရေး ရရှိနိုင်ရန် ဆောင်ရွက်သည့် အရည်အသွေးရှိ ပညာရေးအစီအစဉ် (QBEP)မှ ပံ့ပိုးကူညီထားသည့် အစီအစဉ် တစ်ခု ဖြစ်သည်။ QBEP အစီအစဉ်ကို သြစတေးလီးယား၊ ဒိန်းမတ်၊ ဥရောပ သမဂ္ဂ၊ နော်ဝေ၊ ဗြိတိသျှ နိုင်ငံ၊ မြန်မာနိုင်ငံအစိုးရနှင့် လက်တွဲကာ မိတ်ဖက် ဆောင်ရွက်သည့် UNICEFတို့ပါဝင်သည့် Multi Donor Education Fund (MDEF) မှ ပံ့ပိုးထားခြင်း ဖြစ်သည်။

©UNICEF Myanmar/2015/Jessica Aumann

NFPE မှ စာသင်ချိန်များသည် တစ်ပါတ်တွင် (၆)ကြိမ်၊ နေ့စဉ် ၂နာရီခွဲစာ ညနေပိုင်း သင်တန်းလေးများ ဖြစ်သည်။ NFPE အဆင့် (၂) ပြီးမြောက်သည့် ကလေးငယ်များက အဆင့်မြင့် မူလတန်းကျောင်း ပြီးမြောက်သည်နှင့် ညီမျှကာ သမာရိုးကျ ကျောင်းအတန်းပညာကို ပြန်လည် တတ်ရောက်နိုင်ပြီ ဖြစ်သည်။
”ပထမတော့ သမီး မိဘတွေ လှိုင်သာယာကို ပြောင်းသွားတော့ သူတို့ အရမ်းဆိုးရွားတဲ့ နေရာမှာ နေရတယ်။” ဟု ခင်စန္ဒာက ပြောသည်။ ”ဖေဖေ က အလုပ်မရဘူး။ ပြီးတော့ မေမေက အရမ်းနေမကောင်း ဖြစ်လာတယ် အဲ့တာနဲ့ သမီး မေမေ့ကို ကြည့်ဖို့ ကျောင်းထွက်လိုက်ရတယ်။ သမီးတို့မှာ ပိုက်ဆံလဲ မရှိတော့ မုန်တိုင်းဖြစ်တုန်းက သယ်လာတဲ့ ပစ္စည်းအားလုံးကို ရောင်းလိုက်ရတယ်။”

”တစ်နေ့ မေမေက သူ့ရွှေဆွဲကြိုးလေးကို ရောင်းလိုက်ရတယ်။ ဒါကတော့ သမီးရဲ့ ဘဝဇာတ်လမ်း မှော်ဆွဲကြိုးလေးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။”
 

သူမရဲ့ ဇာတ်လမ်းလေးက ပျော်ရွှင်စရာနဲ့ အဆုံးသတ်သွားသည့် အတွက် ခင်စန္ဒာ တစ်ယောက် ကံကောင်းပါသည်။ သူမရဲ့ အကိုနဲ့ ဖခင်ဖြစ်သူတို့ နှစ်ယောက်လုံး အလုပ်ကြမ်း လုပ်ကိုင်သူတွေအဖြစ် အလုပ်ရသွားကာ သူမလည်း NFPE အစီအစဉ်ကို တက်ရောက် နိုင်ခဲ့ပါသည်။

”သမီး ဒီဗီဒီယိုရိုက်ရတာ ကြိုက်ပါတယ်။ သရုပ်ဆောင်ပေးရတာ အကြိုက်ဆုံးပဲ” ဟု သူမက ပြောသည်။ ”သမီး ရွာမှာ ကျန်နေသေးတဲ့ ညီမလေးကို သတိရလို့ ငိုမိပါတယ်။ သူ ကျောင်းမှာ သုံးနိုင်ဖို့ စာအုပ်နဲ့ဘောပင်တွေ ပို့ပေးချင်ပါတယ်။”

No comments:

Post a Comment