Thursday, November 30, 2017

ကျောင်းပြင်ပပညာရေး- အလုပ်လုပ်နေသောကလေးများအတွက် တစ်ခုတည်းသော “ဒုတိယအခွင့်အလမ်း”

By Macarena Aguilar

မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကျောင်းနေအရွယ်ကလေးငယ် စုစုပေါင်း ၂၀% သည် ကျောင်းဆက်လက် တက်ရောက်ခြင်း မရှိကြောင်းကို တွေ့ရှိရပါသည်။ ကရင်ပြည်နယ်နှင့် အခြားသော ပဋိပက္ခဖြစ်ပွားရာ ပြည်နယ်များသည် ထိပ်ဆုံးနေရာတွင် ရှိနေသည်။

ထိုကလေးအများစုသည် အလုပ်လုပ်ရန် ရွေးချယ်ကြသည်။ အခြားသူများကတော့ ဆင်းရဲနွမ်းပါးမှုကြောင့် သူတို့မိသားစု တွေရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ အလုပ်လုပ်ကြသည်။ အများစုကတော့ ဘေးအန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကြရသည်။ ယနေ့အချိန်တွင် ကလေးအလုပ်သမားများသည် မြန်မာနိုင်ငံ တစ်ဝန်းတွင် ပျံ့နှံ့လျှက်ရှိပြီး အသက် ၅ နှစ်မှ ၁၇ နှစ်အကြားရှိ ကလေးသူငယ် ၁.၂ သန်းက အလုပ်လုပ် ကိုင်နေရပါသည်။

အသက် ၁၃ နှစ်အရွယ် အာကာစိုးတစ်ယောက်လည်း အပါအဝင်ဖြစ်ပါသည်။

©UNICEF Myanmar/2017/Khine Zar Mon


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လူစည်ကားဆုံးဈေးများစွာထဲမှ ဈေးတစ်ခုတွင် သူအလုပ်လုပ်နေပြီး လုပ်ငန်းခွင်ကို အချိန်မှီရောက်ဖို့ အာရုဏ်မတက်မှီ အိပ်ယာထရပါသည်။ သူ့ရဲ့တစ်နေ့တာအချိန်တွေကို ဆောက်လုပ်ရေးပစ္စည်းများ၊ ဒေသထွက်ပစ္စည်းများနဲ့ စွန့်ပစ်ပစ္စည်းများကို အတင်အချလုပ်ရင်း ကုန်ဆုံးစေပါသည်။ 

©UNICEF Myanmar/2017/Khine Zar Mon
တစ်ပတ်ကို ၇ ရက်အလုပ်လုပ်ရပြီး တစ်နေ့ ၃၀၀၀ ကျပ် ရဖို့ မနည်းကြိုးစားရပါသည်။

မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသတွင် နေထိုင်သည့် အခြားသူများကဲ့သို့ အာကာစိုး၏ မိဘများနဲ့ မွေးချင်းများသည် လွန်ခဲ့သော နှစ်ကာလများကတည်းက အိမ်နီးချင်း ထိုင်းနိုင်ငံသို့ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ကြပါသည်။ သူကတော့ သူ့အဖွားကို ပြုစုစောင့်ရှောက်ဖို့ ချန်နေရစ်ခဲ့ပါသည်။

“တစ်ချို့ရက်တွေဆို အတင်အချလုပ်ရတာ အရမ်းလေးလံတဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက် အရမ်းပင်ပန်းပါတယ်” ဟု အာကာစိုးက ပြောသည်။ “အလုပ်များတဲ့နေ့တွေဆို ညနေကျောင်းကို မတတ်နိုင်တော့ဘဲ တစ်ခါတစ်လေ နောက်ကျမှ ရောက်ဖြစ်တယ်"

©UNICEF Myanmar/2017/Khine Zar Mon
ပဋိပက္ခ၊ နေရပ်စွန့်ခွာခြင်းနှင့် ဆင်းရဲနွမ်းပါးမှုတို့ကြောင့် ကျောင်းတွင်း အခြေခံပညာရေးစနစ်ကို ဆက်လက် ပညာမသင်ကြားနိုင်သည့် ကလေးသူငယ်များအတွက် ယူနီဆက်က ပံ့ပိုးပေးသည့် ကျောင်းပြင်ပ ပညာရေး စနစ်သည် အာကာစိုးကဲ့သို့ ဘဝတစ်ဆစ်ချိုး ပြောင်းလဲနိုင်သည့် တစ်ခုတည်းသော အခွင့်အလမ်းဖြစ်ပါသည်။ အသက် ၁၀ နှစ် မှ ၁၅ နှစ်အကြားရှိ ကလေးများအား သူတို့ရဲ့အခြေခံပညာကို ပြီးဆုံးတိုင် သင်ကြားနိုင်ရန် အကူအညီပေးပြီး အလယ်တန်း ပညာရေး ဆက်လက်သင်ကြားနိုင်စေမည့် ၂ နှစ်တာ ပေါင်းကူးအစီအစဉ် တစ်ရပ်ဖြစ်ပါသည်။ 

©UNICEF Myanmar/2017/Khine Zar Mon
“ဒီဒေသတစ်ဝိုက်မှာတော့ သူတို့အတွက် ဒုတိယအခွင့်အလမ်း တစ်ခုဖြစ်ပါတယ်။ စာသင်ကြားမှုပြီးမြောက်နိုင်ဖို့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပါသည်”ဟု ယူနီဆက်မှ ပညာရေးဆိုင်ရာအရာရှိ ဦးသက်နိုင်က ပြောသည်။ ဦးသက်နိုင်သည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ယင်းစီမံကိန်းကို ယခုနှစ် အစောပိုင်းကာလမှစ၍ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနသို့ မလွဲပြောင်းမှီ  လွန်ခဲ့သော ဆယ်စုနှစ်ကာလကတည်းက ကူညီပံ့ပိုးပေးနေသူ တစ်ဦးလည်း ဖြစ်ပါသည်။

ကောကရိတ်မြို့နယ်ရှိ ကြုံဒိုး အလယ်တန်းကျောင်းသည် ကျောင်းပြင်ပ ပညာရေးအစီအစဉ်ကို အကောင်အထည် ဖေါ်နေသည့် ကျောင်းများတွင် တစ်ကျောင်းအပါအဝင်ဖြစ်ပါသည်။ ဈေး၏လက်ယာဘက်တွင် တည်ရှိပြီး အာကာစိုးကဲ့သို့ အလုပ်လုပ်နေရပြီး ရွေးချယ်စရာနည်းပါးသည့် ကလေးများအတွက် ဦးတည်ပါသည်။

©UNICEF Myanmar/2017/Khine Zar Mon
“ဈေးက အခြားကလေးတွေကို ကျွန်တော်သိတယ်။ ကျွန်တော် ကျောင်းမတက်နိုင်ဘူးဆိုရင် သူတို့ဆီက မှတ်စုကို ကူးရတယ်” အသက်နဲ့မမျှအောင် ပညာရင့်ကျက်တဲ့ အာကာက ပြောသည်။ “ဆရာတွေကတော့ နားလည်မှု အပြည့်ရှိပါတယ်”

မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်အဖွဲ့ အစည်းများအကြား နှစ်ကာလကြာမြင့်စွာဖြစ်ပွားနေသည့် ပဋိပက္ခ ကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိမြို့နယ်များမှ ကလေးငယ်များသည်  ပဋိပက္ခဒဏ်ကို အများဆုံး ခံစားရပါသည်။ “တစ်ချို့ဒေသတွေမှာ ကျောင်းဆက်တက်ဖို့ အလယ်တန်းကျောင်းမရှိဘူး သို့မဟုတ် မြန်မာစကား ကောင်းကောင်း နားမလည်ကြဘူး၊ သူတို့ရွေးချယ်မှုကတော့ ထိုင်းနိုင်ငံမှာ ပြောင်းရွေ့နေထိုင်ကြမလား ဒါမှမဟုတ် အသက်ငယ်တုန်း ကျရာအလုပ်ကို ရှာမလား ဆိုတာပါဘဲ” ဟု သက်နိုင်ကရှင်းပြသည်။
©UNICEF Myanmar/2017/Khine Zar Mon
ဒီနှစ် စာသင်နှစ်မှာတော့ အာကာစိုးနဲ့အတူ ကျောင်းသား ၂၀ယောက်ကျော် ကျောင်းအပ်ထားပါသည်။ စနေနေ့တိုင်း ကျောင်းဖွင့်သော်လည်း ကျောင်းသား တစ်ဝက်လောက်သာလျှင် ကျောင်းကို ပုံမှန်လာတက်နိုင်ကြပါသည်။

“တစ်ခါတရံမှာ မိဘတွေအနေနဲ့ သူတို့ ကလေးတွေကို စာသင်ဖို့  ကျောင်းကိုမလွှတ်ချင်ကြဘူး၊ မလွှတ်နိုင်ကြဘူး” ဟု သက်နိုင်ကပြောသည်။ “ဆရာတွေကလည်း သူတို့မိဘတွေဆီသွားပြီး သူတို့ကလေးတွေကို အလုပ်ပြီးရင် ကျောင်းကိုလာပြီး စာသင်ဖို့ သွားရောက်ပြောဆို ဆွေးနွေးတာတွေ မကြာမကြာလုပ်ပေးရတယ်”

©UNICEF Myanmar/2017/Khine Zar Mon


အာကာစိုးတစ်ယောက်ကတော့ ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် စာမေးပွဲ ကို အောင်မြင်ပြီး ပုံမှန် အလယ်တန်းကျောင်းကို တက်ရောက်သင်ကြားနိုင်ဖို့ စိတ်လှုပ်ရှုားနေသော်လည်း ယုံကြည်မှုလည်း အပြည့်ရှိနေပါတယ်။ ”ကျွန်တော့်မိဘတွေကတော့ ထိုင်းနိုင်ငံကနေပြီး ပိုက်ဆံပို့ပေးပါလိမ့်မယ်…ကျွန်တော်စာသင်နိုင်ပါတော့မယ်” ဟု သူက ယုံကြည်မှုရှိရှိဖြင့် ပြောပါသည်။ 

No comments:

Post a Comment