©UNICEF Myanmar/2019/Minzayar Oo |
ဆိုင်းနမ်က “ကျွန်မတော့ မကောင်းတာတစ်ခုခုဖြစ်နေပြီလို့ ထင်ခဲ့မိတယ်”လို့ သူ့ရဲ့ပထမဆုံး ဓမ္မတာလာစဉ်ကအချိန်ကို အမှတ်ရပြီး ပြန်ပြောပြခဲ့ပါတယ်။ ကြောက်လည်းကြောက်၊ စိတ်လည်း ရှုပ်ထွေးနေရင်း အဖေနဲ့ အစ်ကိုတွေ အိမ်ကထွက်သွားချိန်အထိ စောင့်ပြီးမှ အမေ့နားကို တိုးတိုးလေး ကပ်ပြီးမေးခဲ့ရပါတယ်။
မိန်းကလေးအများစုအတွက် ရင်းနှီးပါတယ်ဆိုတဲ့ အမျိုးသမီး မိသားစုဝင်အချင်းချင်းကြားမှာတောင် ရာသီလာတယ်ဆိုတာ ဆွေးနွေးဖို့လွယ်တဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။
ပထမဆုံးဓမ္မတာမလာခင်မှာ ရာသီသွေးနဲ့ပတ်သက်တဲ့ အသိပညာတွေ၊ ဗဟုသုတတွေမရှိကြတဲ့အတွက် မိန်းကလေးတွေဟာ ရာသီသွေးစလာတဲ့အချိန်မှာ ရှက်ရွံ့တာ၊ စိတ်ဓာတ်ကျတာမျိုး၊ အရှက်ကွဲသလိုမျိုး တွေ ခံစားကြရတတ်တယ်။
စခန်းတွေမှာ နေကြတဲ့ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေမှာ သူတို့ရဲ့ ရာသီစက်ဝန်းအကြောင်း၊ ဒါက ခန္ဓာကိုယ်အပေါ်၊ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ စိတ်ခံစားချက်တွေအပေါ် ဘယ်လိုသက်ရောက်မှုရှိ လဲဆိုတာတွေကို အသေးစိတ် ဆွေးနွေးနိုင်မယ့် လုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုရှိဖို့ လိုအပ်ပါတယ်။
အခု အသက် ၁၈ နှစ်ရှိနေပြီဖြစ်တဲ့ ဆိုင်းနမ်ဟာ ယူနီဆက်နဲ့ အခြားမြန်မာနိုင်ငံမှာရှိတဲ့ ရေ၊ အိမ်သာနဲ့ တစ်ကိုယ်ရေကျန်းမာရေး (WASH) မိတ်ဖက်တွေ ပူးပေါင်းပြုလုပ်တဲ့ ရာသီသွေးနဲ့ပတ်သက်ပြီး နိုင်ငံအဆင့် အသိပညာမြှင့် စည်းရုံးပွဲရဲ့ အစိတ်အပိုင်းအဖြစ် မေလမှာကျင်းပပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ စခန်းမှာနေထိုင်သူ အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြားအမျိုးသမီးငယ်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
မိန်းကလေးတွေနဲ့ အမျိုးသမီးငယ်တွေဟာ ရာသီသွေးနဲ့ပတ်သက်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ပုံတွေနဲ့ အကျွမ်းတဝင်ဖြစ်ပြီး မေးခွန်းတွေမေးနိုင်၊ သူတို့ရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေကို မျှဝေပေးနိုင်မယ့် အခွင့်အရေးတွေ ရရှိခဲ့ကြတယ်။ ဓမ္မတာလာတယ်ဆိုတာ ကျန်းမာရေးကောင်းခြင်းရဲ့ လက္ခဏာဖြစ်တယ်၊ ပြီးတော့တခြားစိုးရိမ်စရာတော်တော်များများကို ပြေပျောက်စေတဲ့ မရှိမဖြစ် လိုအပ်ချက်ဖြစ်တယ်ဆိုတာ သိရှိလာကြပါတယ်။
ရာသီသွေးနဲ့ပတ်သက်တဲ့ အမှန်တရားတွေနဲ့ ယုံတမ်းစကားတွေ
“ကျေးလက်ဒေသတွေနဲ့ ဒုက္ခသည် စခန်းတွေက မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အများဆုံး လက်ခံထားကြတဲ့ ဓမ္မတာနဲ့ပတ်သက်တဲ့ လွဲမှားနေတဲ့အယူအဆကတော့ ဓမ္မတာလာနေချိန်မှာ ခေါင်းလျှော်တာ ချဉ်တဲ့စားစရာစားတာမျိုး လုပ်လို့မရဘူးဆိုတာပါပဲ။ အဲဒီလိုလုပ်မယ်ဆိုရင် ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာတွေ ပိုဆိုးလာမယ်၊ ရာသီသွေးရပ်သွားမယ် ဒါမှမဟုတ် နေမကောင်းဖြစ်မယ်ဆိုပြီးကြောက်လန့်ကြတာဖြစ်တယ်လို့” မျိုးဆက်ပွား ကျန်းမာရေးဆရာဝန် ငြိမ်းဆုပန်လွင်က ရှင်းပြပါတယ်။
သူ့အမေဖြစ်သူက ဒီလို အန္တရာယ်တွေအကြောင်း သတိပေးထားတဲ့အတွက် ဆိုင်းနမ်ဟာ နှစ်ပေါင်းများစွာကြာအောင် ဒီယုံတမ်းစကားတွေကို ယုံကြည်ခဲ့ပါတယ်။ အခုတော့ ဒါတွေက အမှန်မဟုတ်ဘူးဆိုတာ သူသိသွားပါပြီ။ ဆိုင်းနမ်က ဓမ္မတာလာတာနဲ့ပတ်သက်ပြီး အယူအဆမှားတွေ ဆက်ပြီးရှိနေသေးတာကိုလည်း မကျေပ်မနပ်ဖြစ်မိပါတယ်။
“မိန်းကလေးအများစုက ဓမ္မလာတာကို ရှက်စရာလို့မြင်နေကြတုန်းပဲ။ သူတို့ကအဲဒီအကြောင်းပြောဖို့ ရှက်နေကြတယ်။ သူတို့ပြောထွက်လာအောင်လုပ်ဖို့ သိပ်ခက်ပါတယ်။ ဒီအကြောင်းကို ကျွန်မတို့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့လိုပါတယ်လို့” ဒေါက်တာငြိမ်းဆုပန်လွင်က ပြောပြပါတယ်။
ကချင်နေရပ်စွန့်ခွာတိမ်းရှောင်သူ မိန်းကလေးတစ်ဦး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ KBC 1 IDP စခန်းရှိ နေအိမ်အခန်းငယ်များရှေ့ လမ်းလျှောက်နေပုံ။©UNICEF Myanmar/2019/Minzayar Oo |
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင် ကြရသူပေါင်း ၂၅၀ ၀၀၀ နီးပါးရှိပါတယ်။ သုံးပုံတစ်ပုံနီးပါးခန့်က ထိခိုက်လွယ်ပြီး ရာသီလာချိန်မှာ ဘေးကင်းကင်းနဲ့ သက်သောင့် သက်သာဖြတ်သန်းဖို့ ခဲယဉ်းတဲ့ ဓမ္မတာလာတဲ့အသက်အရွယ် မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ သူတို့တွေမှာ အရေးပေါ်တုံ့ပြန်မှုတွေ လုပ်တဲ့အချိန်မှာ မကြာခဏလျစ်လျူရှုခံကြရတဲ့ သီးခြားလိုအပ်ချက်တွေ ရှိကြပါတယ်။
ဒုက္ခသည်စခန်းတွေမှာ ငါးယောက် ၊ခြောက်ယောက်လောက်ရှိတဲ့ မိသားစုတစ်စုဟာ ၁၀ ပေ ၁၅ ပေရှိတဲ့ အခန်းကျဉ်းလေးတစ်ခုတည်းမှာ စုနေကြရတာပါ။ ဒီတော့ ကိုယ်ပိုင်နေရာဆိုတာ နည်းပါတယ်။ အတွင်းခံလဲတာ၊ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်တာတွေနဲ့ ရာသီလာချိန်သုံးတဲ့ ပစ္စည်းတွေ စွန့်ပစ်တာတွေက တကယ်ကို ခက်ခဲသလို စခန်းတွင်းလမ်းတွေ၊ အိမ်သာထဲတွေမှာ မီးထွန်းဖို့ လျှပ်စစ်မီးမရှိတာကြောင့် အတွင်းခံလဲဖို့အတွက် ညအချိန်အိမ်သာကို သွားကြရတာဟာလည်း သိပ်ခက်ခဲပါတယ်။
ဓမ္မတာနဲ့ပတ်သက်တဲ့ လူမှုရေးဆိုင်ရာအမည်းစက်တွေကို ကျော်လွှားဖို့ အမျိုးသားတွေ လူငယ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်း
ရာသီသွေးနဲ့ပတ်သက်တဲ့ တစ်ကိုယ်ရေကျန်းမာရေးအခက်အခဲအများစုက ကျားမတန်းတူညီမျှမှုမရှိခြင်း ကနေ အခြေတည်ပါတယ်။
နေရပ်စွန့်ခွာသူပေါင်း ၂၀၀ နီးပါးခန့်ရှိတဲ့ ကွတ်ခိုင်မြို့အပြင်ဘက် ပန်လော့တ်စခန်းက ၁၆ နှစ်အရွယ် လီဆူးမိန်းကလေးတစ်ယောက် ပြောပြတာက “ကျွန်မရဲ့ ရာသီလာချိန်သုံးတဲ့ စွန့်ပစ်ပစ္စည်းတွေကို အိမ်သာထဲကိုပဲ ပစ်ချလိုက်တယ်။ အဆင်ပြေတာရယ်၊ လူမသိတာရယ်ကြောင့်ပါ။ ဒီလိုလုပ်တာက ပိုက်လိုင်းတွေကို ပျက်စီးစေတယ်၊ အိမ်သာတွေကို ရေရှည်မခံစေဘူးဆိုတာသိပါတယ်။ ဒါပေမဲ့ လူမသိအောင် စွန့်ပစ်လို့ရမယ့်တခြားနည်းကို မသိလို့ ဒီနည်းကိုပဲ သုံးရတာပါ။”
စခန်းမှာ စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်ပေးနေတဲ့ ဂျွမ်ဇန်ဒိုနန်က မိသားစုဝင်အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ အတွင်းခံတွေ၊ ပြန်သုံးလို့ရတဲ့ ရာသီလာစဉ်သုံးတဲ့ အဝတ်စတွေကို မြင်သာတဲ့ နေရာတွေမှာ လှမ်းထားတာမြင်ရင် အရှက်မရှိဘူးဆိုပြီး အမျိုးသမီးတွေကို အပြစ်တင်တတ်တယ်ဆိုတာ သိခဲ့ရတယ်။
ဒီလိုဝေဖန်တာတွေကြောင့် အမျိုးသမီးတွေက သူတို့ရဲ့ စိုနေတဲ့အတွင်းခံတွေကို တခြားအဝတ်တွေ အောက်မှာဖြစ်ဖြစ်၊ မမြင်သာတဲ့နေရာတွေမှာ ချိတ်တာဖြစ်ဖြစ်၊ နေရောင်မရတဲ့ မသန့်ရှင်းတဲ့နေရာတွေမှာ ထားတာဖြစ်ဖြစ် မမြင်အောင်ထားကြတယ်။ ဒီတော့ ဒါတွေကမျိုးပွားအင်္ဂါ၊ ဆီးလမ်းကြောင်းပိုးဝင်တာတွေနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာစေပါတယ်။
အမျိုးသားတွေ လူငယ်တွေနဲ့ ဓမ္မတာအကြောင်းဆွေးနွေးတဲ့အတွက် ဘာတွေဖြစ်ပျက်နေလဲဆိုတာ လူတိုင်းနားလည်လာပြီး ဓမ္မတာနဲ့ဆိုင်တဲ့ လူမှုရေးတားမြစ်ချက်တွေ၊ အမည်းစက်တွေကို ပြေပျောက်စေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် ပန်လော့တ် IDP စခန်းတွင် မိသားစုများနှင့်အတူနေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် ပလောဝ် IDP တိုင်းရင်းသူလေး တီအန်အားသူငယ်ချင်းများနှင့်အတူ တွေ့ရစဉ်။ ©UNICEF Myanmar/2019/Minzayar Oo |
လေ့လာသိရှိတာတွေကို မျှဝေပေးခြင်း
“ကျွန်မအမေက ကျွန်မကို ရာသီသွေးနဲ့ဆိုင်တာ ဘာမှမပြောပြခဲ့ဘူး။ ဒါကြောင့် အချိန်ရောက်လာတော့ ကျွန်မသမီးကို ကျွန်မဘာတွေပြောပြရမလဲ မသိဘူးလို့” ငေါငါက နောင်တရပြီးရှင်းပြတယ်။
ငေါငါရဲ့သမီးဖြစ်သူ တီးအန်က ရာသီလာတဲ့အချိန်တွေမှာ မူးပြီးအားနည်းသလို ခံစားရတတ်တယ်။ အဲဒီလိုအချိန်တွေမှာ သူက စကားလည်းမပြောချင်သလို အိမ်ပြင်လည်းမထွက်ချင်၊ ကျောင်းလည်းမသွားချင်ဘူးဖြစ်တတ်တယ်။ သူ့ကိုပျင်းလို့ ကျောင်းမသွားချင်၊ အလုပ်မလုပ်ချင်လို့လို့ စွပ်စွဲကြတဲ့အခါ တီးအန်က သူ့ကိုနားလည်မှုလွဲနေတယ်လို့ ခံစားမိပါတယ်။
“ကျွန်မသူငယ်ချင်းတွေနဲ့ စကားပြောလိုက်တဲ့အခါ သူတို့မှာလည်း ဒီလိုပြဿနာတွေရှိတယ်ဆိုတာ ကျွန်မသိခဲ့ရတယ်လို့” တီးအန်က ပြောပြတယ်။ ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိခဲ့ပါတယ်။
ဓမ္မတာနဲ့ပတ်သက်ပြီး ဗဟုသုတနည်းပါးမှုက မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပေါ်မှာ မကောင်းတဲ့ အကျိုးသက်ရောက်မှုရှိစေနိုင်တယ်။ အကန့်အသတ်တွေကတော့ လှုပ်ရှားသွားလာမှု လျော့နည်းတာ၊ အသက်မွေးဝမ်းကျောင်းနဲ့ ကျောင်းတက်ဖို့အတွက် အခွင့်အရေးတွေပိုနည်းသွားတာနဲ့ တားမြစ်ချက်တွေနဲ့ ဆက်စပ်နေတဲ့ အာဟာရပိုင်းဆိုင်ရာ အကန့်အသတ်တွေ ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံရှိ WASH လူသားချင်းစာနာထောက်ထားရေး အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ယူနီဆက်အဖွဲ့ကြီးက ဒုက္ခသည်စခန်းမှာရှိတဲ့ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေကို တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်းတွေ၊ လစဉ်သုံးပစ္စည်းတွေ၊ အတွင်းခံတွေနဲ့ဆပ်ပြာတွေကို ပုံမှန်ဝေပေးတဲ့အပြင် မိတ်ဖက်အဖွဲ့တွေကိုလည်း ဝန်ထမ်းတွေကို သင်တန်းပေးတာ၊ စောင့်ကြည့်အစီရင်ခံတာစတဲ့ ရာသီလာချိန် တစ်ကိုယ်ရေကျန်းမာရေး ဝန်ဆောင်မှုတွေပေးဖို့အတွက် ပံ့ပိုးပေးမှုတွေပြုလုပ်ပေးပါတယ်။ အဖွဲ့ကြီးက IDP စခန်းတွေမှာ ဓမ္မတာလာချိန် တစ်ကိုယ်ရေသန့်ရှင်းရေး အသိမြှင့်တင်ဖို့နဲ့ စီမံခန့်ခွဲဖို့အတွက် ပိုပြီးရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း စည်းရုံးလှုံ့ဆော်လျက်ရှိပါတယ်။
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူများနေထိုင်ရာစခန်း KBC-1 တွင် ယူနီဆက်မှအဖွဲ့ဝင် မတိုးတိုးအောင်မှ ဓမ္မတာဆိုင်ရာ ကျန်းမာရေးနှင့် စောင့်ရှောက်ပုံကို ဆွေးနွေးပြောပြစဉ်။ ©UNICEF Myanmar/2019/Minzayar Oo |
အခု ရာသီလာတဲ့အခါ အပြင်ထွက်ဖို့ ရှက်ရွံ့တာကြောက်ရွံ့တာတွေ မရှိတော့တဲ့ စိုင်းနန်က “မိန်းမတစ်ယောက်အတွက် ဓမ္မတာလာတယ်ဆိုတာ ပုံမှန်ဖြစ်သလို ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုတာ ကျွန်မသိသွားပါပြီ။ ဒါဟာဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဂုဏ်ပြုရမယ့်ဖြစ်ရပ်တစ်ခုပါလို့” ပြောပြခဲ့ပါတယ်။
No comments:
Post a Comment