မာရီယာနာပါလာဗရာ ရေးသားသည်
မြစ်ကြီးနား၊ ကချင်ပြည်နယ်၊ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ - ဇွဲချစ် (အမည်လွှဲ) မှာ သတ္တမတန်းနှင့် ကျောင်းထွက်ခဲ့သည်။ အဲဒီအချိန်တွင် ၎င်းထက်အသက်ကြီးသော သူငယ်ချင်းများနှင့် တွဲခဲ့သည်။ ၎င်းတို့ အားလုံးမှာ စစ်တပ်ထဲသို့ ဝင်လိုကြပြီး ဇွဲချစ်ကိုလည်း အတူဝင်ရန် တိုက်တွန်းကြသည်။ ဇွဲချစ်မှာ အသက် ၁၆ နှစ်နှင့် တပ်ထဲ ဝင်ခဲ့သည်။ “စစ်တပ်ထဲ ဝင်မယ်လို့ တစ်ခါမှ အိပ်မက်မမက်ခဲ့ဘူး။ အဲဒီရည်မှန်းချက်လည်း မရှိခဲ့ဘူး။ ဘာလုပ်ရမယ်မှန်း မသိလို့ သူငယ်ချင်းတွေ လုပ်တဲ့အတိုင်း လိုက်လုပ်လိုက်တာပါ” ဟု ၎င်းက ပြန်ပြောပြသည်။
ကလေးတပ်သားစုဆောင်းခြင်းကို ကာကွယ်သည့် ကြေငြာဘုတ်ကို ဇွဲချစ်နှင့် ၎င်း၏မိခင်က ကြည့်ရှုနေစဉ် ဇွဲချစ်က ဖုန်းနံပါတ်အား လက်ညှိုးထိုးပြနေစဉ်။
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန် |
ဇွဲချစ်မှာ လွတ်လပ်စွာနေလို စိတ် အရမ်းကို ပြင်းပြခဲ့သည်။ ထို့ကြောင့် တပ်ထဲက ထွက်ဖို့ ဆုံးဖြတ်ခဲ့သည်။ ကလေးများကို တပ်သားသစ်အဖြစ် စုဆောင်းကာ လက်နက်ကိုင် တပ်ထဲတွင် ထားရှိခြင်းကို တိုင်ကြားရန် ဖုန်းလိုင်း တစ်ခုကို သူငယ်ချင်းတစ်ဦးက ၎င်းအား ပြောပြခဲ့သည်။ ယင်း ဖုန်းနံပါတ်ကိုခေါ်ပြီး လွတ်မြောက်ရန် အတွက် တောင်းဆို ခဲ့သည်။ ယင်းဖြစ်ရပ်မှာ ၂၀၁၅ က ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ကြား ပူးတွဲဆောင်ရွက်မှုစီမံကိန်းကို ၂၀၁၂ ခုနှစ် ဇွန်လက လက်မှတ်ထိုးပြီး နောက် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ထဲမှ ကလေးများနှင့် လူငယ် ၈၀၀ ဦးကို နှုတ်ထွက်ခွင့်ပြုလိုက်ရာ ယင်းတို့ထဲတွင် ဇွဲချစ်လည်း ပါဝင်ခဲ့သည်။
စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ နှုတ်ထွက်လာသော ကလေးငယ်များ၏ လူမှုစီးပွား ရေရှည် ပြန်လည် ကောင်းမွန်လာစေရန်အတွက် အစိုးရနှင့် နိုင်ငံတစ်ဝန်းရှိ မိတ်ဖက်အဖွဲ့အစည်း ၆ ခုနှင့် ယူနီဆက်ဖ်က ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ “ကျွမ်းကျင်လူမှုဝန်ထမ်းတွေကို လွတ်မြောက်လာတဲ့ ကလေးတစ်ဦးချင်းဆီအတွက် တာဝန်ချထားတယ်။ သူတို့က မိဘတွေ၊ ရပ်ရွာတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အရပ်သားစာရွက်စာတမ်းတွေ၊ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး ချက်ချင်းပံ့ပိုးပေးခြင်းအပါအဝင် အရပ်သားဘဝပြောင်းလဲမှုကိုလိုက်ပါ ဆောင်ရွက်ပေးရမယ်” ဟု ယူနီဆက်ဖ် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးဌာနာမှ ကျွမ်းကျင်သူ Emmanuelle Compingt က ရှင်းပြသည်။ “စိတ်ပိုင်းဆိုင်ရာ လူမှုရေးဆိုင်ရာ ပံ့ပိုးမှုတွေ၊ မိဘတွေနဲ ပြန်လည်ပေါင်းစည်း စေ့စပ်ပေးခြင်းနဲ့ ဘဝစီမံကိန်းတွေအကြောင်း ဆွေးနွေးမှုဟာလည်း ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းစဉ်ရဲ့ပထမအဆင့်တွေထဲမှာ ပါဝင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကလေးများနှင့် လူငယ်များမှာ ပြန်လည်ပေါင်းစည်းခြင်း ထောက်ပံ့မှုကို ပုံစံအမျိုးမျိုးနှင့် ရရှိနိုင်သည်။ အမည်အားဖြင့် ပညာရေး၊ အသက်မွေးမှုသင်တန်းနှင့် လုပ်ငန်းနေရာချထားခြင်း၊ နှင့်/သို့မဟုတ် ဝင်ငွေ ရရှိမည့် လုပ်ငန်းများ (ဥပမာ မွေးမြူရေး၊ ကုန်စုံဆိုင်၊ စိုက်ပျိုးရေး၊ မော်တော်ဆိုင်ကယ်တက္ကစီ၊ ဆံပင်ညှပ်ဆိုင်၊ ကွန်ပျူတာသိပ္ပံ) တို့ ရှိသည်။
ယူနီဆက်ဖ်က ပံ့ပိုးပေးထားသော ပြည်တွင်း NGO တစ်ခုဖြစ်သည့် ရတနာ့မေတ္တာအဖွဲ့အစည်း (RMO) မှ လူမှုဝန်ထမ်း မချောစုမှာ ဇွဲချစ်ကို ကူညီပေးရသူ ဖြစ်သည်။ “သူ့ဆီကို တစ်လကို အနည်းဆုံးတစ်ကြိမ်တော့ သွားတယ်။ ကျွန်မကဏ္ဍက သူ့အကြောင်း ပိုသိအောင်၊ သူ့ရဲ့ရပ်ရွာက သူ့ကိုဘယ်လို လက်ခံတယ်၊ သူဘာလုပ်ချင်တယ်ဆိုတာ နားလည်အောင်လုပ်ဖို့ပါ။ ဖြစ်နိုင်တဲ့ ရွေးချယ်မှုတွေကို ကျွန်မတို့တွေ ဆွေးနွေးဖြစ်တယ်။ သူ့ရဲ့အိပ်မက်တွေ၊ ရည်မှန်းချက်တွေနဲ့ ပြည်တွင်းစီးပွားရေး အခွင့်အလမ်းတွေကို ထည့်သွင်းစဉ်းစားတယ်။ တပ်ထဲဝင်ပြီးပြန်ထွက်လာတဲ့ ကလေးတွရဲ့ဘဝတွေကို ပြောင်းလဲဖို့ ကျွန်မ အကောင်းဆုံးလုပ်ပါတယ်”လို့ မချောစုက ပြောသည်။ ပြန်လည်ပေါင်းစည်းမှု အောင်မြင်ကြောင်း သေချာစေရန်အတွက် လူမှုဝန်ထမ်းများမှာ လူတစ်ဦးကို အနည်းဆုံး ၂ နှစ် စောင့်ကြည့်သည်။
သို့သော် မူလဘဝတွင် ပြန်လည်နေထိုင်ခြင်းနှင့် ရပ်ရွာနှင့် ပြန်လည်ပေါင်းစည်းခြင်းမှာ ဇွဲချစ်အတွက် အမြဲလွယ်ကူနေသည်တော့ မဟုတ်ပေ။ “စစ်မှုထမ်းတွေနဲ့ ခဏတဖြုတ် တလေးတစားနဲ့ တိုတိုတုတ်တုတ် စကားပြောတာမျိုးပဲ ရှိခဲ့တာဆိုတော့ ကျွန်တော်က လူမှုဆက်ဆံရေးနဲ့ စကားပြော ကျွမ်းကျင်မှု သိပ်မရှိဘူး။” သို့သော် အပြင်ဘဝမှာမူ တပ်နှင့်မတူဘဲ ဖော်ဖော်ရွေရွေ ဆက်ဆံရသည်။

နည်းပြနှင့် လက်ဝှေ့လေ့ကျင့်နေသော ဇွဲချစ်။
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန် |
အသက် ၂၁နှစ် အရွယ် ဇွဲချစ် မပြောချင် သော်လည်း ၎င်း၏ ဖခင်မှာ စစ်တပ်မှ အရာရှိ တစ်ဦး ဖြစ်ကာ ၎င်းတို့မိသားစုမှာ စစ်တပ်ထဲတွင် နေထိုင်နေရဆဲ ဖြစ်သည်။ အိမ်နီးချင်း အများစုမှာ ၎င်း တပ်ထဲမှ ထွက်လာခြင်းကို အထင်အမြင်သေးသဖြင့် ၎င်း၏ ပြန်လည်ပေါင်းစည်းမှုမှာ ကြီးမားသော စွန့်စားခန်း တစ်ခုဖြစ်သည်။ “သူတို့က သူ့ကို တပ်ပြေးလို့ ခေါ်ကြပြီး စစ်တပ်ဝင်းထဲမှာ ကောင်းကောင်း လက်မခံကြဘူး” ဟု ၎င်းအားကူညီရသည့် လူမှုဝန်ထမ်း (မချောစု) က ရှင်းပြသည်။
အမှန်တကယ်မူ ယူနီဆက်ဖ်အနေဖြင့် လက်နက်ကိုင်အဖွဲ့ထဲ ဝင်ခဲ့ဖူးသော ကလေးများအား ကဲ့ရဲ့ပြစ်တင်မှု ကို ကာကွယ်ပေးလိုပြီး ယင်းကူညီမှုက ပဋိပက္ခဒဏ်ခံ ကလေးငယ်များကိုလည်း သွယ်ဝိုက်သောနည်းဖြင့် အကျိုးကျေးဇူး ရစေလိုသည်။ ထို့ကြောင့် ကလေးများ ပြန်လည်ပေါင်းစည်းသော ရပ်ရွာလူ့အဖွဲ့အစည်းသို့ ပံ့ပိုးမှုများ မကြာခဏပြုလုပ်လေ့ရှိသည်။
ဇွဲချစ်မှာ ကားမောင်း သင်ကြားပြီးဖြစ်ပြီး မကြာခင်တွင် ယာဉ်မောင်းစာမေးပွဲ အောင်မြင်တော့မည် ဖြစ်သည်။ ထို့နောက် ၎င်း၏ အသက်မွေးဝမ်းကျောင်း အိပ်မက်များအတိုင်း ဆက်လက်လျှောက်လှမ်းရန် ပံ့ပိုးမှုများ ရရှိမည် ဖြစ်သည်။ “အခုလောလောဆယ်တော့ အားကစားကိုပဲ အာရုံစိုက်ထားတယ်။ ဒါပေမဲ့ နောက်နှစ်မှာ ကုန်စုံဆိုင် ဖွင့်ဖြစ်မယ် ထင်တယ်” ဟု ၎င်းက ဖွင့်ဟသည်။ လက်ဝှေ့ပွဲများကြောင့် ၎င်းမှာ နိုင်ငံအနှံ့ လျှောက်သွားဖြစ်သည်။ ၎င်းမှာ ကချင်ပြည်နယ်၏ အကောင်းဆုံး လက်ဝှေ့ကစားသမားတစ်ဦးဖြစ်ပြီး Light Flyweight (၄၉ ကီလိုဂရမ်) ချန်ပီယံဖြစ်သည်။
ဇွဲချစ်၏ မိခင်မှာ ဇွဲချစ်အား နံပါတ်တစ် အားပေးသူဖြစ်သည်။ “သူ စစ်တပ်က ထွက်လာကတည်းက သူ့ဘေးနားမှာ ကျွန်မ အမြဲရှိတယ်။ သူ့ရဲ့ရွေးချယ်မှုတွေကို ကျွန်မ အားပေးတယ်” ဟု ၎င်းက ပြောသည်။ သားသုံးယောက် မိခင်ဖြစ်သည့်အတွက် စစ်တပ်မှာ ကလေးများအတွက် နေရာမဟုတ်ကြောင်း ၎င်းက ယုံကြည်သည်။ “ကလေးတွေအနေနဲ့ သူတို့ရဲ့ ပျော်ရွှင်မှုနဲ့ ဘဝကို အာရုံစိုက်သင့်တယ်။ စာသင်ကြားရင်းနဲ့ပေါ့။” ၎င်း၏ တတိယ(အငယ်ဆုံး)သားမှာ ယင်းအချက်ကို သဘောတူပြီး ကလေးအားလုံး အတွက် စကားတစ်ခွန်း ပါးလိုက်သည်။ “ဘဝကို ကျောင်းနဲ့ အားကစားမှာ မြှုပ်နှံထားသင့်တယ်။ စစ်သားဘဝဆိုတာ မှန်ကန်တဲ့နည်းလမ်း မဟုတ်ဘူး။”
ယူနီဆက်ဖ်၏ ပူးတွဲကြီးမှူးမှုဖြင့် စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး အထူး တာဝန်အဖွဲ့(CTFMR)က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးမှုကို အရှိန်မြှင့်တင်လျက် ရှိသည်။ “မြန်မာနိုင်ငံရှိ ကလေးအားလုံးကို ကာကွယ်နိုင်ဖို့နဲ့ ယင်းအုပ်စုတွေနဲ့ တရားဝင် ထုတ်ပြန်တဲ့ ကန့်သတ်ချက်တွေ ထားရှိနိုင်ဖို့အတွက် ကုလသမဂ္ဂနဲ့ တိုင်ရင်းသားလက်နက်ကိုင်တွေကြားမှာ သဘောတူလက်မှတ်ရေးထိုးဖို့ကို အစိုးရက ခွင့်ပြုပေးဖို့ ယူနီဆက်ဖ်က တောင်းဆိုနေပါတယ်။ ကလေးငယ်တွေကို တပ်သားသစ်စုဆောင်းမှုနဲ့ ပဋိပက္ခတွေမှာ ပါဝင်တဲ့ အဖွဲ့တွေရဲ့ အသုံးပြုမှုကနေ ကာကွယ်ခြင်းဟာ ရေရှည် ငြိမ်းချမ်းရေးအတွက် ပထမခြေလှမ်းဖြစ်တယ်။ ဆောင်ရွက်ဖို့အတွက် ငြိမ်းချမ်းရေး သဘောတူညီမှု အပြည့်အဝရရှိတဲ့အထိ အချိန်ရွှေ့မနေနိုင်ပါဘူး” ဟု ယူနီဆက်ဖ်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Bertrand Bainvel က ပြောသည်။
ပြီးပါပြီ။

No comments:
Post a Comment