၂၀၁၁ခုနှစ် နှစ်လယ်တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှု ကျိုးပျက်သွားကတည်းက ပဋိပက္ခဒဏ်ခံ ကလေးငယ်အားလုံးအတွက် အရည်အသွေးမီ အခြေခံပညာရေးဝန်ဆောင်မှု ရရှိရေးမှာ ကြီးစွာသော စိန်ခေါ်မှုအဖြစ် ရှိနေခဲ့သည်။ လတ်တလောတွင် အကြမ်းဖက်မှု အရှိန်မြင့်တက်နေသည့်အတွက် မြန်မာနိုင်ငံရှိ နှစ်ဖက် ရှေ့တန်းစစ်မြေပြင်တွင် နေထိုင်သော ပဋိပက္ခဒဏ်ခံ ကလေးငယ်များအတွက် ပညာရေးမှာ အလိုအပ်ဆုံးအရာတစ်ခု ဖြစ်နေသည်။
မာရီယာနာပါလာဗရာ ရေးသားသည်
ကချင်ပြည်နယ် - အသက် ၃၂ နှစ်အရွယ် ဒေါ်ခွမ်နွမ်အတွက် ဘဝက အမြဲလွယ်ကူခဲ့သည်တော့ မဟုတ်ပေ။ ၎င်းမှာ ကချင်လွတ်မြောက်ရေးအဖွဲ့အစည်းက ထိန်းချုပ်ထားသော ဧရိယာအတွင်းရှိ ချီဖွေမြို့တွင် နေထိုင်သည်။ ၎င်း၏မိခင်မှာ ၎င်းအသက် ၇နှစ်အရွယ်တွင် ငှက်ဖျားရောဂါကြောင့် သေဆုံးသွားခဲ့ပြီး စစ်တပ်မှ အနားယူထားသော ၎င်း၏ဖခင်မှာ နောက် ၄နှစ်အကြာတွင် သေဆုံးသွားခဲ့သည်။ ထို့နောက် ၎င်းမှာ အကြီးဆုံးအစ်ကို၏ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
ရှေးဦးအရွယ်ကလေးဘဝဖွံ့ဖြိုးမှု (ECD) လုပ်အားပေးဆရာမ အသက် ၃၂ နှစ်အရွယ် ဒေါ်ခွမ်နွမ်
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန် |
ဒဿမတန်းတွင် သင်ကြားနေစဉ် အစ်ကိုဖြစ်သူက ကျူရှင်စရိတ် မတတ်နိုင်သဖြင့် ကျောင်းထွက်လိုက်ရ သော်လည်း ခွမ်နွမ်မှာ ၎င်း၏အိပ်မက်ကို မစွန့်လွှတ်ခဲ့ ပေ။ နောက်တစ်နှစ်အကြာတွင် ရှေးဦးအရွယ် ကလေးဘဝဖွံ့ဖြိုးမှု(ECD) လုပ်အားပေး ဆရာမ ဖြစ်လာခဲ့သည်။
ယင်းမှာ ၂၀၀၀ ပြည့်နှစ်က ဖြစ်သည်။ “ကျွန်မအိပ်မက်ရဲ့ အစပေါ့” ဟု ၎င်းက ဆိုသည်။ သို့သော် ဆရာမ တစ်ယောက်အဖြစ် ၎င်းမှာ စိန်ခေါ်မှုကြီးများ ရင်ဆိုင်ခဲ့ရ သည်။ ကလေးမိဘများက ကလေးသူငယ် စောင့်ရှောက်ရေးကို အသိရှိမှု နည်းပါးခြင်း၊ ၎င်းအလုပ်လုပ်သော နေရာတွင် ဘာသာစကားနှင့် လူမျိုးကွဲပြားခြင်း၊ လိုအပ်ချက်များ ပံ့ပိုးမှုမရှိခြင်းနှင့် အစိုးရအုပ်ချုပ်ခြင်းမရှိသော ဧရိယာများ (NGCA) တွင် ဆရာသင်တန်းများ မရှိခြင်းတို့ ဖြစ်သည်။
၂၀၀၄ ခုနှစ်တွင် ၎င်း၏သားသမီးများကို ပြုစုပျိုးထောင်ရန်အတွက် စာသင်ကြားခြင်းကို ခေတ္တရပ်နားရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် သင်ကြားမှုနှင့် မိဘအသိပညာပေးတို့နှင့် ပတ်သက်ပြီး ကိုယ်တိုင်လေ့လာမှု မရပ်တန့်ခဲ့ပေ။ ၂၀၁၁ ခုနှစ် ဇွန်လတွင် ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရစစ်သားများကြားတွင် တိုက်ပွဲစတင်ခဲ့သည့်အတွက် ECD သင်ကြားရေးသို့ ပြန်သွားလိုသည့် ၎င်း၏ဆန္ဒမှာ ပျောက်ကွယ်လု ဖြစ်ခဲ့ရပြီး ၎င်းနှင့် ရပ်ရွာတစ်ခုလုံး ထွက်ပြေးခဲ့ရသည်။
ပဋိပက္ခကြောင့် ECD စင်တာကို ၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ပိတ်ထားခဲ့သည်။ နောက်နှစ်တွင် စင်တာ ပြန်လည်ဖွင့်လှစ်ခဲ့သဖြင့် ဒေါ်ခွမ်နွမ်က ပြန်လည်စာသင်ကြားဖို့ ဆုံးဖြတ်ခဲ့သည်။
“၂၀၁၁ ခုနှစ်လယ်မှာ အပစ်အခတ်ရပ်ဆဲရေးသဘောတူညီမှု ပျက်ပြားကတည်းက ပဋိပက္ခဒဏ်ခံ ကလေးတွေ အားလုံးအတွက် အရည်အသွေးမီ အခြေခံပညာရေးဝန်ဆောင်မှုရရှိဖို့က စိန်ခေါ်မှုကြီးတစ်ခု အဖြစ်ရှိနေတယ်။ နှစ်ဖက်စလုံးမှာ ပညာသင်ဖို့လိုအပ်နေတဲ့ စစ်ဘေးရှောင်စခန်းနေ ကလေးတွေ အများကြီးရှိပြီး ရှိနှင့်နေတဲ့ ပညာရေးအဆောက်အအုံတွေနဲ့ အမှုထမ်းတွေအပေါ် ဖိအားတွေကျလာတယ်” ဟု ကချင်နှစ်ခြင်းအဖွဲ့အစည်း (KEC) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွဲ့ဖြိုးရေးဌာန ဒါရိုက်တာ ခလီက ပြောသည်။ ယင်းအဖွဲ့အစည်းမှာ အစိုးရထိန်းချုပ်ထားသော ဧရိယာ (GCA) နှင့် အစိုးရထိန်းချုပ်မထားသော ဧရိယာ (NGCA) နှစ်ခုစလုံးအတွင် လုပ်ဆောင်နေသည့် အနည်းငယ်သော NGO အဖွဲ့အစည်းများထဲမှာ တစ်ခုဖြစ်သည်။ “ဒါ့အပြင် အစိုးရထိန်းချုပ်မှုအောက်မှာမရှိတဲ့ ဝေးလံခေါင်သီတဲ့ ဧရိယာတွေမှာ ကလေးတွေက အခြေခံပညာရေးရရှိမှု နည်းနည်းနဲ့ နေထိုင်နေရတုန်းပဲ။ အဲဒီထဲမှာမှ အဆိုးဆုံးက လုပ်အားပေးဆရာတွေ လွှဲပြောင်းမှုက အရမ်းမြင့်တယ်။ အများစုက ကလေးတွေသင်ယူရလွယ်ကူမယ့် သင်ကြားမှုလုပ်ဖို့ ကျွမ်းကျင်မှုနဲ့ ဗဟုသုတ နည်းနေတုန်းပဲ။ ပြီးတော့ ကလေးသူငယ်ဖွံ့ဖြိုးမှုနဲ့ ပဋိပက္ခနဲ့ အိမ်ပစ်ရာပစ်ထွက်ပြေးရမှုနဲ့ ဆက်စပ်နေတဲ့ အန္တရာယ်တွေကနေ ကာကွယ်ခြင်းတို့ကို မြှင့်တင်ဖို့ နည်းလမ်းတွေ နဲ့ပတ်သက်ပြီး သင်တန်းတွေ လိုအပ်တယ်။”
ယင်းအကြောင်းရင်းများကြောင့် ကချင်ပြည်နယ်တွင် GCA နှင့် NGCA နှစ်ခုစလုံး၊ အထူးသဖြင့် ရောက်ရှိရန် ခက်ခဲသော နေရာများတွင် ပဋိပက္ခဒဏ်ခံ ဒုက္ခသည်စခန်းများနှင့် ရပ်ရွာများရှိ ကလေး ၇,၀၀၀ ကျော်ကို ယူနီဆက်ဖ်နှင့် KBC က အခြေခံပညာရေးထောက်ပံ့ပေးလျက်ရှိသည်။
ပြီးခဲ့သည့် ၂ နှစ်အတွင်း ယင်းပူးပေါင်းဆောင်ရွက်မှုဖြင့် အန္တရာယ်ကင်းသော သင်ကြားရေး နေရာများတွင် မူကြိုကျောင်းနှင့် အခြေခံပညာရေး၊ ဆရာများ၊ လုပ်အားပေးများနှင့် ကျောင်းသားများအတွက် သင်ထောက်ကူပစ္စည်းများ၊ ဆရာ ၃၆၅ ဦးခန့်အတွက် သင်တန်းများ၊ ကျောင်းနှင့် စခန်းကော်မတီများ ဖွဲ့စည်းခြင်းတို့ ပြုလုပ်ပေးခဲ့သည်။

ဒေါ်ခွမ်နွမ်မှာ တစ်ခါတရံတွင် အစိုးရထိန်းချုပ်ဧရိယာများအတွင်းမှ ECD စင်တာများသို့ သွားရောက်လည်ပတ်သည်။
ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန် |
ဒေါ်ခွမ်နွမ်မှာ KBCနှင့် ယူနီဆက်ဖ်တို့ရဲ့ ထောက်ပံ့မှု (အထူးသဖြင့် ဆရာသင်တန်းနှင့် ဂုဏ်ပြုထောက်ပံ့မှု) ရရှိသော NGCA မှ ဆရာမတစ်ဦးဖြစ်သည်။
“ပညာရေး၊ ကျောင်းနဲ့ စာသင်ခန်း စီမံခန့်ခွဲမှု၊ ဘဝကျွမ်းကျင်မှုနဲ့ ကလေးသူငယ်အခွင့်အရေးတွေ ပါဝင်တဲ့ အခြေခံပညာရေးသင်ကြားမှု နည်းပညာဆိုင်ရာ ဆရာဖြစ်သင်တန်းကနေ တစ်ဆင့် တိုးတက်ကောင်းမွန်တဲ့ အရည်အသွေးမီပညာရေးဖြစ်ဖို့ ဆုံးဖြတ်ထားကြတယ်” ဟု KBC မှ ခလီက ပြောသည်။
ယင်းစွမ်းရည်တည်ဆောက်မှုမှာ အဓိကကျသည်။ အထူးသဖြင့် အစိုးရထိန်းချုပ်မထားသော ဧရိယာများ အတွင်းရှိ ဝေးလံခေါင်ဖျားဒေသများအတွက်ဖြစ်သည်။ “အခြေခံဝန်ဆောင်မှုတွေက NGC ဧရိယာတွေမှာ အားနည်းတယ်။ ကလေးတွေက ပညာရေးလစ်ဟင်းနေကြတယ်။ အဲဒါဟာ နောက်ပိုင်းကျရင် သူတို့ရဲ့ ဘဝအခွင့်အရေးတွေကို ထိခိုက်ပြီး ယင်းဧရိယာအတွင်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာလိမ့် မယ်” ဟု ယူနီဆက်ဖ်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဘတ်ထရန် ဘိန်းဗဲလ်က ပြောသည်။ “ကလေးအားလုံးအတွက် အခြေခံဝန်ဆောင်မှုရရှိစေဖို့ အစိုးရနဲ့ အစိုးရမဟုတ်တဲ့အုပ်ချုပ်သူတွေကြားမှာ ဆက်သွယ်ဆွေးနွေးမှုတွေကို ယူနီဆက်ဖ်က ဆောင်ရွက်ပေးလျက် ရှိပါတယ်။ နှစ်ဖက်စလုံးမှာ အများဆန္ဒ တည်ဆောက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်နိုင်လိမ့်မယ်။”
ဒေါ်ခွမ်နွမ်မှာ အစိုးရထိန်းချုပ်ဧရိယာအတွင်းရှိ ECD စင်တာများကို တစ်ခါတရံသွားရောက်လည်ပတ်သည်။ ကွဲပြားခြားနားမှု ကြီးကြီးမားမားမရှိသည်ကို သတိပြုမိသည်။ “ကျွန်မရဲ့စင်တာမှာ ကလေးတွေအတွက် ကစားကွင်းမရှိဘူး။ အဲဒါဟာ မရှိမဖြစ်လိုအပ်တဲ့နေရာပါ”။ သို့သော် ၎င်း တကယ်လိုချင်သည်မှာ ဆန်းပြားသော အဆောက်အအုံ သို့မဟုတ် ပစ္စည်းများ မဟုတ်ပေ။ “ပဋိပက္ခကြောင့် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အခွင့်အရေးတွေနဲ့ လွဲချော်နေတယ်။ ပညာလည်း သင်ယူခွင့်မရကြဘူး။ ပဋိပက္ခပြီးဆုံးပြီး ငြိမ်းချမ်းရေး ရရှိဖို့ကသာ ကျွန်မရဲ့တစ်ခုတည်းသော ဆန္ဒပါ” ဟု ၎င်းက လေးလေးနက်နက် ဖွင့်ဟ ပြောဆိုသည်။
ကချင်နဲ့ ရှမ်းပြည်နယ်များကို ဝင်ရောက်နိုင်မှု အားနည်းနေသည့်ပြဿနာနှင့် ယူနီဆက်ဖ်မှာ ရင်ဆိုင်ရ သည်။ လက်တလောအချိန်တွင် သမိုင်းတစ်လျှောက်လုံး အနည်းပါးဆုံးဖြစ်သည်။ “ယင်းအတွက်ကြောင့် ကလေးတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကူညီမှုမှာ ကွာဟာချက်တွေ ဖြစ်ပေါ်စေတယ်” ဟု ယူနီဆက်ဖ်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဘတ်ထရန် ဘိန်းဗဲလ်က ပြောသည်။ “ပဋိပက္ခ မဖြစ်ခင်၊ ဖြစ်နေစဉ်အတွင်းနဲ့ ဖြစ်ပြီးအချိန်မှာ သူတို့ထိန်းချုပ်ထားတဲ့ ဧရိယာအတွင်း ကလေးတွေအတွက် အရည်အသွေးမီအခြေခံဝန်ဆောင်မှုတွေ ပံ့ပိုးပေးဖို့ အဖွဲ့အားလုံးကို ကျွန်ုပ်တို့က နှိုးဆော်နေပါတယ်”။
ပြီးပါပြီ။

No comments:
Post a Comment