အန်ဒီဘရောင်း ရေးသားသည်
ကချင်ပြည်နယ်၊ မြန်မာ - အသက် ၁၁ နှစ်အရွယ် ဇောင်ဆိုင်းမှာ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ မိုးညှင်းဒေသရှိ နမ်းယအလယ်တန်းကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်သည်။ ကချင်ပြည်နယ်မှာ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်ဆဲမှု ပျက်ပြားသွားပြီးနောက် ၂၀၁၁ ခုနှစ်ကတည်းက ပဋိပက္ခဒဏ်ခံခဲ့ရသည်။ လတ်တလောဖြစ်ပေါ်ခဲ့ သည့် အကြမ်းဖက်မှုများကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး နိုင်ငံသား တစ်သိန်းကျော် အိမ်ပစ်ရာပစ်ထွက်ပေးခဲ့ကြရကာ ယင်းတို့ထဲက တစ်ဝက်မှာ ကလေးငယ်များ ဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အပြီးသတ်သဘောတူညီမှု ရရှိရန် ခက်ခဲနေပြီး တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။
ကျောင်းတိုက်ခိုက်ခံရချိန်တွင် အသက် ၁၁ နှစ်အရွယ် ဇောင်ဆိုင်းနဲ့ ဆရာမ မမြတို့ နှစ်ဦးစလုံး ဒဏ်ရာရခဲ့သည်။
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန် |
နမ်းယကျောင်းမှာ အစိုးရထိန်းချုပ်ထားသော ဧရိယာအတွင်းရှိသော်လည်း လက်နက်ကိုင်အုပ်စုနှစ်ခု တိုက်ခိုက်ရာ နယ်မြေနှင့် နီးကပ်နေသည်။ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ တိုက်ခိုက်နေချိန်တွင် ယင်းကျောင်းလည်း ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။
ဆိုင်းမှာ ယင်းကျောင်းတွင် စတုတ္ထတန်းတက်နေသည့် ကျောင်းသားဖြစ်သည်။
“မြန်မာစာနဲ့ သင်္ချာသင်ရတာ ကြိုက်တယ်။ ကျောင်းဥယျာဉ်ထဲမှာ အလုပ်လုပ်ပြီး အားလပ်ချိန်မှာ သူငယ်ချင်းတွေနဲ့ ကစားရတာလည်း ကြိုက်တယ်။ ကျွန်တော်ကြီးလာရင် ကျောင်းဆရာဖြစ်ချင်တယ်။ ကျွန်တော့်ဆရာမကို အားကျလို့” ဟု ၎င်းက ပြောသည်။
သြဂုတ်လအတွင်း နေ့တစ်နေ့တွင် ကျောင်းကွင်းပြင်သို့ ဒုံးကျည်လောင်ချာဗုံးတစ်လုံး ကျလာခဲ့သည်။ ယင်းအချိန်ကို ဆိုင်းက ကောင်းစွာ မှတ်မိနေသည်။
“ပေါက်ကွဲသံကြားတော့ ကျွန်တော့်သူငယ်ချင်းတွေနဲ့ နေ့လယ်စာစားနေတာ။ ကျွန်တော့်ရဲ့ပါးကို သတ္ထုစတစ်စ လာမှန်တယ်။ ကျွန်တော် နာကျင်နေပြီး သူငယ်ချင်းတွေက ကျွန်တော် သွေးထွက်နေတယ်လို့ ပြောလိုက်တော့ ကျွန်တော် ထိသွာားပြီဆိုတာ သိလိုက်တယ်။ ကျွန်တော် လန့်လည်းလန့် ကြောက်လည်း ကြောက်သွားတယ်” ဟု ဆိုင်းက ပြောပြသည်။
ဆိုင်းကို အနီးအနားရှိ ဆေးခန်းကို ခေါ်သွားကာ အနာကို သန့်ရှင်းပြီး ဆေးထည့်ပေးခဲ့ကြသည်။ အသက် ၁၁ နှစ်အရွယ် ကောင်လေးမှာ စိတ်ဒဏ်ရာ ရရှိနေဆဲဖြစ်သော်လည်း ကံကောင်းစွာပင် ၎င်း၏ ဒဏ်ရာမှာ ရှပ်ထိရုံမျှသာ ဖြစ်ခဲ့သည်။ သို့သော် ၎င်း၏ဆရာမတစ်ဦးမှာမူ ၎င်းလောက် ကံမကောင်းခဲ့ပေ။

၎င်းနှင့် ဆိုင်း ဒဏ်ရာရခဲ့သော နေရာဖြစ်သည့် နမ်းယအလယ်တန်းကျောင်းအပြင်တွင် မမြမတ်တပ်ရပ်နေစဉ်။ ©ယူနီဆက်ဖ်မြန်မာ/၂၀၁၆ |
အသက် ၂၅ နှစ်အရွယ် မမြရူပါနွယ်မှာ ဇူဆန်တက်သော ကျောင်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် ပထဝီဝင် ဘာသာရပ်များကို သင်ကြားသည်။
“မြန်မာသီချင်းတွေနဲ့ ကဗျာတွေကို သင်ရတာ ကျွန်မတကယ်သဘောကျတယ်။ အဲဒီအချိန်က ကလေးတွေ အပျော်ဆုံးအချိန်ပဲ။ သူတို့က သီချင်းလိုက်ဆိုရတာ ကြိုက်တယ်လေ” ဟု ၎င်းက ပြောသည်။
ပစ်ခတ်ခံရသည့်နေ့က မမြမှာ နေ့လယ်လောက်တွင် ကျောင်းအပေါ်ရှိ တောင်ကုန်းပေါ်က သေနတ်သံများ ကြားရတဲ့အတွက် တိုက်ခိုက်မှုဖြစ်နေသည်ကို သတိထားမိသည်။
“ချက်ချင်းပဲ ကလေးတွေကို အထဲဝင်ပြီး ပုန်းနေဖို့ သတိပေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ကျောင်းဆင်းပေးလိုက်သည်။ အနီးအနားတွင် နေထိုင်သော ကျောင်းသားများမှာ အိမ်ပြန်သွားကြသည်။ ကျန်ရှိနေသည့် ကလေးများကို စောင့်ရှောက်ဖို့အတွက် ဆရာဆရာမများက ကျောင်းဝင်းထဲတွင် နေခဲ့သည်။
“ကလေးတချို့က ပစ်ခတ်သံတွေကြားလို့ ပြန်ပြေးလာကြတယ်။ မိဘတွေက ကျောင်းကို ရောက်လာပြီး သူတို့ကလေးတွေရဲ့ နာမည်တွေ အော်ခေါ်နေကြတယ်” ဟု မမြက ပြောသည်။
ကျောင်းသားအားလုံး ကျောင်းထဲတွင် အန္တရာယ်ကင်းကင်းရှိနေပြီဟု ဆရာဆရာမများက ထင်မြင်ယူဆနေ ချိန်တွင် မမြမှာ မိန်းကလေးတစ်ယောက် ကျောင်းခန်းများကြားပြေးလွှားရင်း အပြင်မှာ ရှိနေသည်ကို သတိထားမိသည်။
“ကျွန်မ အပြင်ကိုထွက်၊ သူ့ကိုသွားဆွဲပြီး ကျွန်မအခန်းထဲ ခေါ်လာတယ်။ အဲဒီအချိန်မှာ ဗုံးက ကျလာတာပဲ။ တံခါးက မပိတ်ရသေးဘူး။ ကျွန်မရဲ့ပခုံးမှာ ဗုံးဆန်ထိသွားတယ်” ဟု ဆိုသည်။
မမြမှာ အလန့်တကြားဖြစ်သွားပြီး စစချင်း နာကျင်မှုကို မခံစားခဲ့ရပေ။
“ကျွန်မရဲ့လက်မောင်းက လှုပ်မရတော့ဘူး။ ကျွန်မရဲ့လက်ကို ကြိုးစားလှုပ်ကြည့်ချိန်မှာ ပခုံးကနေ သွေးတွေ ကျလာတာကို ကျွန်မမြင်လိုက်တယ်။ ကလေးတွေက အရမ်းကြောက်ပြီး ငိုနေကြတယ်။ ကျွန်မလည်း အရမ်းကြောက်သွားတယ်။ ကျွန်မလက် ဖြတ်ရတော့မယ်လို့ ထင်သွားမိတယ်” ဟု မမြက ပြန်ပြောပြသည်။
တကယ်တမ်းမူ မမြ အသက်ရှင်ခွင့်ရသည့်အတွက် ကံကောင်းပါသည်။ ၎င်းမှာ သွေးတွေအများကြီး ဆုံးရှုံးလိုက်ရသော်လည်း ကျောင်းသားမိဘနှစ်ဦးက သူမကို ကျောင်းဘေးရှိ ဆေးခန်းသို့ ခေါ်သွားခဲ့သည်။ ၎င်းအား သွေးတိတ်အောင် ပြုလုပ်ပေးနိုင်ခဲ့ပြီး မြစ်ကြီးနားရှိ ဆေးရုံတစ်ရုံကို လူနာတင်ယာဉ်နှင့် ပို့ပေးခဲ့သည်။ ယင်းဆေးရုံတွင် ခွဲခန်းဝင်ခဲ့ရသည်။ ဆရာဝန်များက ၎င်း၏လက်ကို မဖြတ်တောက်ရအောင် ကုသပေးနိုင်ခဲ့သော်လည်း ပခုံးတွင် ဗုံးဆန်စိုက်ဝင်နေဆဲဖြစ်ပြီး ညာဘက်လက်မှာ အသုံးပြုရ ခက်ခဲနေသေးသည်။
သို့သော်လည်း မမြမှာ ကျောင်းပြန်သွားဖို့သာ စိတ်အားထက်သန်နေသည်။
“နောက်စာသင်နှစ်အစမှာ ကျွန်မပြန်သွားမယ်။ ကျွန်မ စိုးရိမ်တယ်။ ကျွန်မကျောင်းသားတွေကို အကြာကြီး ပစ်မထားချင်ဘူး” ဟု မမြက ပြောသည်။

တိုက်ပွဲစည်းမျဉ်းများ
ကချင်ပြင်နယ်မြေပုံတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာဖြစ်သော ၎င်း၏ရွာနေရာကို ဆိုင်းက ညွှန်ပြနေစဉ်။ ©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန် |
ကျောင်းများနှင့် ဆေးရုံများကို တိုက်ခိုက်ခြင်းမှာ နိုင်ငံတကာဥပဒေနှင့် ကလေးသူငယ်အခွင့်အရေး ၂ ခု စလုံးကို ချိုးဖောက်ခြင်းဖြစ်သည်။ ကလေးငယ်များ အန္တရာယ်ကင်းစေရန်အတွက် အများပိုင် အဆောက်အအုံများ၊ အထူးသဖြင့် ကျောင်းများနှင့် ဆေးရုံများကို စစ်ဒဏ်မှ ကာကွယ်ထားရန် အရေးကြီးသည်။ မြန်မာနိုင်ငံတွင် ကျောင်းများနှင့် ဆေးရုံများအား တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ယူနီဆက်ဖ်က စောင့်ကြည့် သတင်းပို့သည်။
“ကလေးငယ်များက စာသင်ကြားခွင့်ရှိပြီး ကျောင်းမှာ လုံခြုံမှုကို ခံစားရဖို့ လိုပါတယ်။ ကျောင်းတွေနဲ့ ဆေးရုံတွေကို ပဋိပက္ခတွေကနေ ကာကွယ်ဖို့အတွက် စည်းမျဉ်းတွေချမှတ်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အုပ်စုတွေကို ဆော်သြတယ်။ အရာရှိတွေနဲ့ တပ်သားတွေအတွက် သင်တန်းတွေ ပေးသင့်သလို စည်းမျဉ်းတွေကို ဖောက်ဖျက်သူတိုင်းကို တာဝန်ခံမှုရှိစေသင့်တယ်” ဟု ယူနီဆက်ဖ် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဌာန အကြီးအကဲ အာရွန်ဂရင်းဘာ့ဂ်က ပြောသည်။
ယင်းသို့သော တိုက်ခိုက်မှုများအပြင် ကချင်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များမှာ တစ်ခါတရံ ကျောင်းများနှင့် ဆေးရုံများကို စစ်သားများအတွက် စစ်တန်းလျားအဖြစ် အသုံးပြုရန် ဝင်ရောက်လေ့ရှိသည်။ ယင်းဖြစ်ရပ်က လိင်အကြမ်းဖက်ခြင်းအပါအဝင် ကလေးသူငယ်များအတွက် အန္တရာယ်ကြီးသော ချိုးဖောက်မှုများ ဖြစ်နိုင်ခြေ မြင့်မားလာစေပြီး ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကို အနှောင့်အယှက် ဖြစ်စေသည်။
“ကျောင်းတွေနဲ့ ဆေးရုံတွေက စစ်သားတွေအတွက် နေရာမဟုတ်ဘူး။ သူတို့ရှိနေတဲ့အတွက် ကလေးတွေနဲ့ ဆရာဆရာမတွေအတွက် အန္တရာယ်ရှိပါတယ်။ စစ်သားတွေက ယင်း အဆောက်အအုံတွေထဲမှာ နေရာယူတဲ့အခါ တိုက်ခိုက်မှုအတွက် ပြစ်မှတ်ဖြစ်လာတယ်။ အပြန်အလှန် ပစ်ခတ်မှုမှာ ကလေးတွေက ပိတ်မိနိုင်ခြေ ပိုများတယ်” ဟု အာရွန်က ဆက်လက်ပြောကြားသည်။

စစ်ပွဲတွင် သေကြေဒဏ်ရာရမှုများ
ဆိုင်းနှင့် ၎င်းအဘွား၊ မမြတို့ကို မြစ်ကြီးနားရှိ ယူနီဆက်ဖ်ရုံးအပြင်တွင် တွေ့ရစဉ်။
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ခိုင်ဇာမွန် |
ကျောင်းများတွင် တိုက်ခိုက်မှုများကြောင့် ကချင်ပြည်နယ်ရှိကလေးငယ်များ သေဆုံးရသည့်အပြင် မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်ဗုံးများကြောင့် ကိုယ်လက်အင်္ဂါချို့တဲ့ကုန်ကြသည်။ ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားပြီးသည့်နောက် မြန်မာနိုင်ငံမှာ ကမ္ဘာတစ်ဝှမ်းတွင် မြေမြှုပ်မိုင်းနင်းမိသည့် နှုန်းအမြင့်ဆုံး နိုင်ငံများထဲတွင် ပါဝင်လာသည်။ မိုင်းနင်းမိသူ တစ်ဝက်ခန့်မှာ ကလေးငယ်များဖြစ်ပြီး သေဆုံးခြင်း သို့မဟုတ် မသန်စွမ်းဖြစ်ခြင်းတို့ ဖြစ်ရသည်။
“မိုင်းအန္တရာယ်ပညာပေးနဲ့ သတိပြုမှုက မြန်မာနိုင်ငံမှာ နိမ့်ကျနေတယ်။ မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီတွေ အများကြီးရှိတယ်။ လူ ၄၀ရာခိုင်နှုန်းကျော်က သစ်သားချောင်း ဒါမှမဟုတ် သတ္တုချောင်းနဲ့ ထိုးဆွပြီး မိုင်းတွေ စစ်ဆေးတာ အန္တရာယ်မရှိဘူးလို့ ထင်နေတယ်။ ကွင်းပြင်တွေကို မီးရှို့တာလည်း မြေမြှုပ်မိုင်းတွေကိုဖယ်ရှားဖို့ အန္တရာယ်ကင်းတဲ့ နည်းတစ်ခုအဖြစ် မြင်ထားကြတယ်။ တကယ်တော့ နှစ်ခုစလုံးက အရမ်းအန္တရာယ်ကြီးပါတယ်” ဟု အာရွန်က ပြောသည်။
ယူနီဆက်ဖ်က ကျောင်းများ၊ ရပ်ရွာများနှင့် ကျန်းမာရေးစင်တာများအားလုံးတွင် မိုင်းအန္တရာယ် ပညာပေးပြုလုပ်ရန် အားပေးနေသည်။ လတ်တလောပြုလုပ်ထားသော ဗဟုသုတ၊ သဘောထားနှင့် အလေ့အထ (KAP) လေ့လာမှုအရ ကလေး ၄ ဦးတွင် ၃ ဦးမှာ မိုင်းများနှင့် ပတ်သက်ပြီး မည်သည့် သတင်းအချက်အလက်မျှ မရရှိကြပေ။ ယခုဆိုလျှင် အစိုးရက ခွင့်ပြုထားသော မိုင်းအန္တရာယ်ပညာပေး စာစောင် ရှိနေပြီဖြစ်ပြီး တစ်နိုင်ငံလုံး ဖြန့်ဖြူးနေပြီဖြစ်သည်။ သို့သော် ဒီထက်အများကြီး ပိုမိုလုပ်ဆောင်ရန် လိုအပ်သည်။ မြေမြှုပ်မိုင်းမိထားသော ကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုများကို ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုစိတ်ပညာ ထောက်ပံ့မှု၊ ပြန်လည်ထူထောင်ခြင်း၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း စသည်တို့အပါအဝင် ရေရှည်ထောက်ပံ့ပေးမှု လိုအပ်သည်။
ဆိုးရွားသည်မှာ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အုပ်စုများ နှစ်ဖက်စလုံးက မြေမြှုပ်မိုင်းကို အားထား နေကြသေးသည်။ “လိုအပ်ချက်က အရေးပေါ်ဖြစ်နေပြီး အဆုံးသတ် ငြိမ်းချမ်းရေးသဘောတူညီမှုအထိ မစောင့်နိုင်တော့ဘူး။ နိုင်ငံတကာမိုင်းတားဆီးရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုးပြီးဖြစ်တဲ့ နိုင်ငံ ၁၆၂ နိုင်ငံမှာ မြန်မာ ပါဝင်သင့်တယ်” ဟု အာရွန်က ပြောသည်။
ဆန်နှင့် မမြအတွက်က ၎င်းတို့၏ကျောင်းမှာ အကြမ်းဖက်မှုနှင့် ပဋိပက္ခများကြောင့် လုံခြုံသော နေရာတစ်ခု မဟုတ်တော့ပေ။ သို့သော် ၎င်းတို့မှာ ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရှိနေသေးသည်။
“လူနေအိမ်တွေ ဝိုင်းနေတဲ့ ကျောင်းတစ်ကျောင်းထဲမှာ ရှိနေတဲ့အတွက် ဒါမျိုးဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူးလို့ ကျွန်မထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မမှားသွားခဲ့တယ်။ မကြာခင်မှာ ပဋိပက္ခတွေပြီးဆုံးဖို့ ကျွန်မမျှော်လင့်ပါတယ်။ ဒါမှသာ လူတွေ ကြောက်ရွံ့မနေရတော့ဘဲ ကလေးတွေလည်း ပညာ ကောင်းကောင်း သင်နိုင်မယ်” ဟု မမြက ပြောသည်။

No comments:
Post a Comment